ဘင်းမ်စတက် အထွေထွေ အတွင်းရေးမှူးချုပ် ၁၇ နှစ်အတွင်း ပထမဦးဆုံး အကြိမ် ခန့်အပ်မည်


ရန်ကုန်၊ မတ် ၂

တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပေါင်းစည်းထားသော ဘင်းမ်စတက် (BIMSTEC) အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပထမဆုံး အကြိမ်အဖြစ် သီရိလင်္ကာနိုင်ငံမှ Mr. Sumith Nakadala ကို ခန့်အပ်သွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ပြောကြားသည်။

ဘင်းမ်စတက် အဖွဲ့ကြီး စတင် ဖွဲ့စည်းခဲ့သည့် ၁၉၉၇ ခုနှစ်မှ လက်ရှိ အချိန်အထိ ၁၇ နှစ် အတွင်း အထွေထွေ အတွင်းရေးမှူးချုပ်ကို ပထမဆုံးအကြိမ် ခန့်အပ်နိုင်ခြင်း ဖြစ်သည်။

အဆိုပါ အထွေထွေ အတွင်းရေးမှူးချုပ် ခန့်အပ်နိုင်သည့် အတွက် ဘင်းမ်စတက် အဖွဲ့၏ လုပ်ငန်းဆောင်တာ များကို ညှိနှိုင်းသည့် အခါ ပုံမှန်လုပ်ငန်း ဆောင်ရွက်မည့် အဖွဲ့ ရှိသွားပြီး အဖွဲ့ဝင် နိုင်ငံအချင်းချင်း ဆွေးနွေးမှုများ မြန်ဆန် သွက်လက်လာမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

“အရင်ကဆိုရင် နိုင်ငံအချင်းချင်း ဆက်သွယ် ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိခဲ့တယ်။ အခုဆိုရင် လုပ်ငန်းဆောင်တာ တွေကိုလုပ်မယ့် Mechanism၊ Institution (ယန္တယားနဲ့ အဖွဲ့အစည်း) ရှိသွားတဲ့ အတွက် လုပ်ငန်း ဆောင်ရွက်မှုတွေ မြန်ဆန်လာမယ်” ဟု ၄င်းကဆိုသည်။

ဘင်းမ်စတက် အဖွဲ့၏ တတိယ အကြိမ်မြောက် ထိပ်သီး အစည်းအဝေးကို ယခုနှစ် မတ်လ ၄ ရက်နေ့တွင် နေပြည်တော်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည် ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်သွားမည် ဖြစ်သည်။

ဘင်းမ်စတက် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ခန့်အပ်ခြင်း အပြင် အထွေထွေ အတွင်းရေးမှူးချုပ် ရုံးကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် တည်ထောင်သွားမည် ဖြစ်ကြောင်း ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ဆိုသည်။

ဘင်းမ်စတက် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် ခန့်အပ်ရေး၊ ရာသီဥတု ဆိုင်ရာ ဗဟိုဌာန ထူထောင်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ ကော်မရှင် ဖွဲ့စည်း ထူထောင်ရေး တို့ကို နားလည်မှု စာချွန်လွှာများ ရေးထိုးသွားရန် ယခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြုလုပ်သည့် ၁၆ ကြိမ်မြောက် ဘင်းမ်စတက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

ဘင်းမ်စတက် အဖွဲ့ကို ဘဂ်လားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့က ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၇ ခုနှစ် ဒီဇင်ဘာတွင် မြန်မာနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် နီပေါနှင့် ဘူတန်နိုင်ငံတို့ အဖွဲ့ဝင်ခဲ့ကြရာ အဖွဲ့ဝင် နိုင်ငံပေါင်း ခုနှစ်နိုင်ငံ ရှိသည်။

The Voice Weekly


ဘင်းမ်စတက် အထွေထွေ အတွင်းရေးမှူးချုပ် ၁၇ နှစ်အတွင်း ပထမဦးဆုံး အကြိမ် ခန့်အပ်မည် ဘင်းမ်စတက် အထွေထွေ အတွင်းရေးမှူးချုပ် ၁၇ နှစ်အတွင်း ပထမဦးဆုံး အကြိမ် ခန့်အပ်မည် Reviewed by သစ်ထူးလွင် on 10:02 Rating: 5
Powered by Blogger.