သြော် ဟုတ်လား ဒါနဲ့ .. ပြောရအုံးမယ် ဟဲ.ဟဲ.ဟဲ – လင်းယုန်ရေးသည်


သူရဦးရွှေမန်း အုပ်စု၊

သူရဦးအောင်ကို အုပ်စု။

ဦးအောင်သောင်းနဲ့ ဦးဌေးဦး အုပ်စု၊

ဦးအောင်သိန်းလင်း အုပ်စုဆိုပြီး

ပြည်ခိုင်ဖြိုးပါတီအတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အုပ်စုလေးစုကွဲနေ . . .

ပြီးခဲ့တဲ့တစ်ရက်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ်မင်း တစ်ယောက်ရဲ့ လွှတ်တော်မှာ မေးမြန်းတဲ့ မေးခွန်းကို တွေ့ရတော့ လင်းယုန် အနေနဲ့ အင်မတန် အံ့အားသင့်ရ လေတယ်ခင်ဗျ။ ( ဟဲ ..ဟဲ၊ ဒီလို အချိန်အခါမှာမှ ထိုထိုမေးခွန်းမျိုး မေးမြန်တတ်၊ မေးမြန်ဝံ့လေတဲ့ အမတ်မင်းရဲ့ ရွှေဉာဏ်တော် စူးရောက်မှုနဲ့ တောမကြောက် တောင်မကြောက် စိတ်ဓာတ်ကိုတော့ ချီးကျူးမိလေတယ် ခင်ဗျ။)

ပြည်သူလူထုကြီး အနေနဲ့လည်း ဒီမေးခွန်းကို သိရရင် လင်းယုန်လိုပဲ အံ့အားသင့်ကြလေမလား၊ ဒါမှမဟုတ် ဒေါမနဿ ပွားများကြလေမလား ဆိုတာတော့ မပြောတတ်လေဘူးခင်ဗျ။ လင်းယုန်ကတော့ လွှတ်တော် ပြက်လုံး တစ်ခုလို့သာ ထင်မိပါတယ် ခင်ဗျာ။

ဖေဖော်ဝါရီလ (၂၄)ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် အမတ်မင်း တစ်ပါးဖြစ်တဲ့ ဦးခင်မောင်ညိုက ““၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တဲ့ အမျိုးသားညီလာခံ ကိုယ်စားလှယ်ကြီးများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ အစီအစဉ်ရှိ၊ မရှိ ”” ပြည်ထောင်စု အစိုးရအဖွဲ့ကို မေးမြန်းလေတာ ခင်ဗျ။

(လင်းယုန် မပြောပေမယ့်လည်း ဒီလိုမေးခွန်း မေးတာဆိုရင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု အမတ်သာ ဖြစ်မယ် ဆိုတာတော့ လူထုကြီး တွေးမိမယ် ထင်ပါရဲ့ ခင်ဗျ၊ ဟဲ ..ဟဲ ။)

အမတ်မင်းရဲ့ မေးမြန်းချက်ထဲမှာပါတဲ့ စကားများက အလွန်တရာ နာယူ မှတ်သားဖို့ ကောင်းလှတာမို့ လူထု လေ့လာနိုင်အောင် ပြောပါရစေအုံး ခင်ဗျ။

အမတ်မင်း ဦးခင်မောင်ညိုက ဒီမေးခွန်းကို မေးမြန်းတဲ့ အခါမှာ အခုလို ဒီမိုကရေစီ စနစ်ကြီး ထွန်းကားပြီး အနာဂတ် နိုင်ငံတော်ကြီး ရေရှည် ကောင်းမွန် စေရန်အတွက် ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ဖြစ်ပေါ်စေရန်အတွက် ၁၉၉၃ ခုနှစ်ကစပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပုဂ္ဂိုလ်တွေ၊ ပါတီခေါင်းဆောင်တွေ အပါအ၀င် တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်ပြီး အမျိုးသားညီလာခံကြီးကို ၂၀၀၇ ခုနှစ် ၊ စက်တင်ဘာလ (၃)ရက်နေ့မှာ အောင်မြင်စွာ ပြီးစီးခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပေါ်ပေါက် စေခဲ့တယ်တဲ့ ခင်ဗျ။

အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီး ပေါ်ပေါက်ဖို့အတွက် အမျိုးသားညီလာခံ ကိုယ်စားလှယ်များဟာ ကိုယ်ပိုင်အချိန်၊ အကျိုးစီးပွား လုပ်ငန်းများကို နှစ်ပေါင်းများစွာ စွန့်ပစ်ဆောင်ရွက် ခဲ့ကြရတယ်လို့ အမတ်မင်းက ဆိုလေတယ်ခင်ဗျ။ ထိုကိုယ်စားလှယ်များထဲက အချို့ဟာ အခုဆိုရင် စီးပွားရေးချို့တဲ့ခြင်း၊ လူမှုဘ၀ ရပ်တည်ရန် ခက်ခဲခြင်းတွေ ရှိနေပါတယ်တဲ့ ခင်ဗျ။ ၎င်းတို့ မကွယ်လွန်မီမှာ ပြည်ထောင်စု အစိုးရက အသိအမှတ်ပြုတဲ့ ဆောင်ရွက်ပေးမှုမျိုး လုပ်ပေးလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသက်ဆက်လက် ရှင်သန် ရပ်တည်နေကြပါသတဲ့ ခင်ဗျ။

အမတ်မင်းရဲ့ ပြောကြားချက်အရ ဆိုရင်တော့ အလွန်တရာ သနားစဖွယ် ကောင်းကြလေတာပဲ ခင်ဗျ။ နို့ပေမယ့် လင်းယုန်တို့ ကြားရ၊ သိရသမျှတော့ ညီလာခံ ကိုယ်စားလှယ် ဖြစ်ခြင်းကြောင့် အခွင့်အရေးများစွာ ရပြီး ကြီးပွားလမ်းပွင့်သွားသူတွေ အကြောင်းသာ ဆိုလေတော့ ညီလာခံကြီးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့တာကြောင့် ဘ၀ပျက်နေရတဲ့ပုံမျိုး အမတ်မင်းရဲ့ ပြောကြားချက်အပေါ်တော့ ယုံရေး ခက်ခက်၊ ကရုဏာ သက်ရ ခက်ခက် ခင်ဗျ။

(အမတ်မင်းများ အမှတ်အသား မှားလေသလား ခင်ဗျာ၊ ဟဲ ..ဟဲ။)

လွှတ်တော်ထဲမှာ အဲသလိုတွေ မျက်ရည်ခံထိုးပြီး ဇာတ်နာခန်း ဆင်ပေမယ့် လောလောဆယ် အစီအစဉ် မရှိသေးကြောင်း ပြောပြီး ငြင်းဆန် လိုက်လေတာကတော့ ပြည်ထောင်စု အစိုးရရဲ့ လုပ်နေကျ၊ ပြောနေကျ စကားရပ်ဟာ ဒီတစ်ခါတော့ မေးခွန်းနဲ့ အစပ်အဟပ် တည့်သွားတယ်လို့ပဲ ဆိုရမယ်ခင်ဗျ။

ဒါနဲ့ … ပြောရအုံးမယ် ခင်ဗျ။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်မှာ နိုင်ငံသားတွေကို နိုင်ငံ့ ဂုဏ်ထူးဆောင် ဘွဲ့တွေအမျိုးမျိုး ချီးမြှင့်ခဲ့ကြလေတယ် ခင်ဗျ။ ဒီထဲမှာ လွတ်လပ်ရေး မော်ကွန်းဝင်ဘွဲ့တွေ၊ နိုင်ငံ့ဂုဏ်ရည် ဘွဲ့တွေမျိုးကိုလည်း တီထွင် ပေးအပ် ခဲ့လေတယ်ခင်ဗျ။ တပ်မတော်သား တွေကိုလည်း ခေတ်အဆက်ဆက် ဘွဲ့တံဆိပ် အမျိုးမျိုး ချီးမြှင့် ခဲ့ကြလေတယ်ခင်ဗျ။ (ဟဲ ..ဟဲ ဒီအထဲမှာ သူရဘွဲ့ရဆိုပြီး ဟိုတလောက ဗိုက်လှန်ပြတဲ့ ၀န်ကြီးဟောင်းလိုမျိုး၊ ဗောင်းတော်ညိတ် စိတ်တော်သိ အမနာပ အော်ဟစ် ရေးသားခြင်းများနဲ့ စည်သူဘွဲ့ ရသွားသူတွေလိုမျိုးလည်း ရှိကြ မဟုတ်လားခင်ဗျာ။)

ဒီလို နိုင်ငံ့ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဆုတံဆိပ်တွေ ပေးခဲ့တဲ့နေရာမှာ အာဏာရှင် အစိုးရများ လက်ထက်မှာတော့ ပေးသင့်ပေးထိုက်၊ ရသင့်ရထိုက်လို့ ပေးကြ၊ ရကြတာက နည်းနည်းပဲ ရှိတယ်ဆိုတာတော့ ငြင်းဆန်မရတဲ့ အမှန်တရားသာ ဖြစ်တယ်ခင်ဗျ။ အဆိုးဆုံးကတော့ စစ်တပ် အာဏာရှင်ခေတ်မှာ ငါကြိုက်ပြီးရော စည်းမျဉ်းနဲ့ပြည်သူကို ကုပ်ခွစီးသူတွေ၊ ပြည်သူ အကျပ်ရိုက်စေမယ့် လုပ်ဆောင်မှုတွေကို အာဏာရှင် အလိုကျမို့ နိုင်ငံ့ဂုဏ်ဆောင်ဘွဲ့တွေ မတန်မရာ ပေးအပ်ကြလေတာပဲ ခင်ဗျ။ (ကိုယ့် ရထားတဲ့ ဘွဲ့တွေ ကိုယ်နဲ့ တန်မတန် ဆိုတာကတော့ ကာယကံရှင်တွေ အသိဆုံး ဖြစ်မှာပါခင်ဗျ။)

အခု လွှတ်တော် အမတ်မင်း ခမျာလည်း ဒီသဘောတရားနဲ့ အသားကျ အနေလှ ဖြစ်ခဲ့တယ် ထင်ပါ့ခင်ဗျ။

ပြည်သူလူထုကို ဒီမိုကရေစီ အယောင်ပြပြီး အဖန်ဖန်ထပ် ဆက်လက် ညှဉ်းပမ်း နိုင်အောင် ဖန်တီးခဲ့တဲ့ အမျိုးသား ညီလာခံကြီးနဲ့ ဒီညီလာခံကြီးကနေ အကောင်အထည် ပေါ်လာတဲ့ ကလိမ်စေ့ငြမ်းဆင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ဆောင်ရွက် ခဲ့ကြတဲ့သူတွေကို နိုင်ငံ့ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ဖို့ ပြောကြားချက်ဟာ လူထုအသံ၊ လူထုဆန္ဒနဲ့ အလွန်တရာ ဖီလာ ဆန့်ကျင်နေတယ် မဟုတ်လားခင်ဗျာ။ (ပြောရက်ပါလေ့ အမတ်မင်းရယ်။ လူထုအသံ လွှတ်တော်အသံ၊ လူထုဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ ဆောင်ပုဒ်ကို နည်းနည်းလေးတောင် အားမနာရှာလေဘူး ထင်ပါ့ခင်ဗျ။)

လင်းယုန်အနေနဲ့ ဒီအဖြစ်အပျက်မှာ ထင်ထင်ရှားရှား တွေ့လိုက်ရတာ တစ်ခုတော့ ရှိတယ်ခင်ဗျ။

အခုအချိန်အခါမှာ လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ အရပ်ရပ်က ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ အင်တိုက်အားတိုက် ဆောင်ရွက်နေကြတာ ပြည်သူလူထုကြီး တစ်ရပ်လုံး ပါဝင် ဆောင်ရွက်လျက်မို့ ကိုယ်တွေ့ သိနေကြ မဟုတ်လားခင်ဗျာ။

လွှတ်တော် အတွင်းမှာတောင် ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ဖွဲ့စည်းပြီး မကြာမီကပဲ ပြည်ထောင်စု လွှတ်တော် နာယကကြီးကတောင် ၂၀၁၅ မတိုင်မီ ခြောက်လအလို နောက်ဆုံးထားပြီး ပြင်ဆင် နိုင်အောင် လုပ်ရမယ်လို့ မူဝါဒလမ်းညွှန်မှု ပေးလေသေးတယ် မဟုတ်လားခင်ဗျာ။

ဒီလို ဆောင်ရွက် နေကြတဲ့ အချိန်မှာ အခု ပြည်ခိုင်ဖြိုး အမတ်မင်း ဦးခင်မောင်ညိုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးဟာ ဒီမိုကရေစီ စနစ်ထွန်းကားတဲ့ အနာဂတ် နိုင်ငံတော်ကြီးကို ဖြစ်ပေါ်စေတဲ့ အခြေခံဥပဒေ ကြီးလို့ အခိုင်အမာ ယူဆပြီး ဒီဖွဲ့စည်းပုံကို အကောင်အထည် ဖော်ခဲ့တဲ့ အမျိုးသား ညီလာခံ ကိုယ်စားလှယ်များကိုတောင် နိုင်ငံ့ဂုဏ်ထူးဆောင်ဘွဲ့ ပေးဖို့အစီအစဉ် မရှိဘူးလား ဆိုလေတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အဓိကကျတဲ့ လွှတ်တော် အမတ်များအတွင်း ဒီလိုယူဆသူတွေ များရင်ဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ခက်သထက်သာ ခက်လျက် ရှိပါလိမ့်မယ်ခင်ဗျ။

လင်းယုန် ကြားရသမျှတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေမှာ ပြည်ခိုင်ဖြိုး ပါတီတွင်းနဲ့ ပြည်ခိုင်ဖြိုး အမတ်တွေကြားမှာပဲ အုပ်စုလေးစု ကွဲနေသတဲ့ ခင်ဗျာ။

လင်းယုန်ကို ပြောကြသူတွေကတော့ သူရဦးရွှေမန်းအုပ်စု၊ သူရဦးအောင်ကိုအုပ်စု။ ဦးအောင်သောင်းနဲ့ ဦးဌေးဦး အုပ်စု၊ ဦးအောင်သိန်းလင်း အုပ်စုဆိုပြီး ပြည်ခိုင်ဖြိုးပါတီအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် အုပ်စုလေးစု ကွဲနေသတဲ့ ခင်ဗျ။ သူရဦးရွှေမန်းအုပ်စုနဲ့၊ သူရဦးအောင်ကို အုပ်စုကတော့ သဘောတူ စိတ်ဝမ်းညီမျှလျက် ရှိကြောင်း ဆိုကြခင်ဗျ။ (ဟုတ်မဟုတ် ဆိုတာကတော့၊ ဟဲ .. ဟဲ)

အခု လွှတ်တော်မှာ အမျိုးသား ညီလာခံ ကိုယ်စားလှယ်တွေကို နိုင်ငံ့ဂုဏ်ဆောင် ဘွဲ့ချီးမြှင့်ဖို့ ရှိ၊မရှိ မေးဝံ့ လေတဲ့ အမတ်မင်း ဦးခင်မောင်ညိုဟာ ဘယ်အုပ်စုကလဲ ဆိုတာရယ်၊ ထိုသို့ အမတ်မင်းများပါသည့် အုပ်စု လွှတ်တော်အတွင်း မည်မျှ အင်အားတောင့်သလဲ ဆိုတာရယ် တွေတော့ ပြည်သူလူထုကြီးသာ စဉ်းစား အဖြေထုတ် ကြပါတော့ ခင်ဗျာ။

လင်းယုန်ကတော့ ထိုသို့ အမတ်မင်းများ အင်အား မတောင့်ပါစေနဲ့လို့သာ ဆုတောင်း နေရပါတယ် ခင်ဗျ။

( ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျာ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမှန်တကယ် ပြင်ဆင်ချင်တယ် ဆိုရင်ဖြင့် နာယကကြီး အနေနဲ့ အရေးတကြီး လုပ်ဖို့ လိုနေတာက အုပ်စုကွဲနေတဲ့ မိမိပါတီက အမတ်များကိုသာ ပြင်ဆင်ရေးဘက်ပါအောင် စည်းရုံးရင်း နိုင်အောင်ထိန်းထားဖို့ဖြစ်ကြောင်း အကြံပြု လိုက်ပါရစေ ခင်ဗျ၊ ဟဲ .. ဟဲ .. ဟဲ ။ )

Myanmartandawsint Newspaper


သြော် ဟုတ်လား ဒါနဲ့ .. ပြောရအုံးမယ် ဟဲ.ဟဲ.ဟဲ – လင်းယုန်ရေးသည် သြော် ဟုတ်လား ဒါနဲ့ .. ပြောရအုံးမယ် ဟဲ.ဟဲ.ဟဲ – လင်းယုန်ရေးသည် Reviewed by သစ်ထူးလွင် on 11:07 Rating: 5
Powered by Blogger.