လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မဖမ်းဘဲ လွှတ်ပေးထား


မတ်လ ၂၁ ရက် (သာပေါင်း)

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ကို သာပေါင်းမြို့နယ် ရဲစခန်းမှာ ရွာသားတွေက လူကုန်ကူးမှုနဲ့ အမှုဖွင့်ထားပေမယ့် ဒီကနေ့အထိ ဖမ်းဆီးခြင်းမရှိဘဲ လွှတ်ပေးထားတယ်လို့ တောင်ကလေးကျေးရွာဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။

တောင်းကလေးကျေးရွာက လူငယ်တွေကို ထိုင်းနိုင်ငံကို တရားမ၀င်လမ်းကြောင်းကနေ ပို့ဆောင်၊ အကြွေးနဲ့ချည်နှောင်ပြီး အလုပ်ခိုင်းစေခဲ့တယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်၊ ၎င်းရဲ့ ညီဖြစ်သူ ဦးအောင်မြင့်နဲ့ ဦးအုန်းချစ်တို့ကို တောင်ကလေးဒေသခံ ကိုမောင်ဇော်က တရားလိုလုပ်ပြီး သာပေါင်းမြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

လူကုန်ကူးမှုနဲ့အမှုဖွင့်ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ရဲ့ညီဖြစ်သူ ဦးအောင်မြင့်နဲ့ ဦးအုန်းချစ်တို့ကို သာပေါင်းရဲစခန်းက ဖမ်းဆီးတရားစွဲဆိုပြီး ရုံးတင်ခဲ့လို့ ဦးအောင်မြင့်နဲ့ ဦးအုန်းချစ်တို့ဟာ တရားရုံးမှာ လက်ရှိအမှုရင်ဆိုင်နေရပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ကို သာပေါင်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ဖမ်းဆီးချိန်မှာ ဦးသိန်းအောင်က ကျန်းမာရေး အကြောင်းပြချက်နဲ့ ခွင့်ယူပြီး ရှောင်တိမ်းနေခဲ့လို့ ဖမ်းလို့မရခဲ့ဘူးလို့ အမည်မဖော်လိုတဲ့ တောင်ကလေးကျေးရွာသားတဦးက ပြောပြပါတယ်။

“ဦးသိန်းအောင်ကို ရဲတွေလာဖမ်းတော့ သူက ရှောင်နေတယ်။ အိမ်မှာလုံးဝ မနေဘူး။ ကျနော်တို့ ကျေးရွာသားတွေက ရပ်ရေးရွာရေးလုပ်ချင်တာတောင် အုပ်ချုပ်ရေးမှူးမရှိလို့ အခက်အခဲတွေ အများကြီး တွေ့ခဲ့ရတယ်”လို့ သူက ပြောပါတယ်။

လူကုန်ကူးမှုနဲ့ အမှုဖွင့်ခံထားရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ဟာ ဒီလ ၂၀ ရက်နေ့မှာတော့ နေအိမ်ကို ပြန်လည်ရောက်ရှိလာပြီး ရပ်ရွာထဲမှာ ပေါ်ပေါ်ထင်ထင်ပဲ နေထိုင်သွားလာနေတယ်လို့ ရွာခံတွေက ပြောကြပါတယ်။

“ဦးသိန်းအောင်က မနေ့က ရွာကိုပြန်ရောက်လာပြီး အိမ်မှာပဲ အေးဆေးနေတယ်။ ဒီကိစ္စကို ရွာခံတွေက ရဲစခန်းကိုသွားအကြောင်းကြားတော့ ရဲတွေက သူတို့ကြည့်လုပ်လိုက်ပါမယ်ပဲပြောတယ်။ အခုထိတော့ ဘာမှဖမ်းဆီးတာမရှိဘူး။ ဦးသိန်းအောင်ကတော့ သူ့ကိုလူကုန်ကူးမှုနဲ့ အမှုဖွင့်တဲ့ ရွာသားတွေကို မင်းတို့ဘာတတ်နိုင်သေးလဲဆိုပြီး ကြိမ်းဝါးနေတယ်”လို့ တောင်ကလေးဒေသခံ ရေလုပ်သားတဦးက ပြောပါတယ်။

တောင်ကလေးအုပ်ချုပ်ရေးမှူးဟာ လူကုန်ကူးမှုနဲ့ ငြိစွန်းခြင်းမရှိတဲ့အတွက် သူ့ကိုစွဲထားတဲ့ ပုဒ်မတွေကို သာပေါင်းမြို့နယ်ဥပဒေအရာရှိက ပယ်ဖျက်ပေးလိုက်တဲ့အတွက် နေအိမ်မှာ ပေါ်ပေါ်ထင်ထင် ပြန်နေတာလို့ သာပေါင်းရဲစခန်းနဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။

လူကုန်ကူးမှုဟာ လူသားအချင်းချင်းအပေါ်ကျူးလွန်တဲ့ ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ကနေ တသက်တကျွန်းအထိ ချမှတ်နိုင်ကြောင်းသိရပါတယ်။ လူတယောက်ဟာ လူကုန်ကူးမှုနဲ့ အမှုဖွင့်တိုင်ကြားခံရပြီ၊ ရဲစခန်းကအမှုဖွင့်လိုက်ပြီဆိုတာနဲ့ သက်ဆိုင်ရာရဲစခန်းက အဲဒီလူကို ဖမ်းဆီးရမှာဖြစ်ပြီး အာမခံပေးလို့မရတဲ့အမှု ဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့တရားခံတွေကိုလည်း ရက်ပေါင်း ၃၀ အတွင်း ခရိုင်အဆင့်တရားရုံးကို တင်ပို့ပြီး ရုံးတင်စစ်ဆေးရမှာဖြစ်တယ်လို့ လူကုန်ကူးမှုနဲ့ပတ်သတ်တဲ့ ရဲလက်စွဲစာအုပ်မှာ ဖော်ပြထားပါတယ်။

စွပ်စွဲခံရသူတွေအနေနဲ့ လူကုန်ကူးမှု ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတာ သက်ဆိုင်ရာ တရားရုံးတော်က ကြားနာဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

“ဦးသိန်းအောင်ကိစ္စက ဥပဒေအတိုင်းမဖြစ်ဘဲ ဟိုလိုလို ဒီလိုလိုဖြစ်နေတာ ၂ ခါရှိပြီ။ ပထမတခါတုန်းက ပုသိမ်မြို့က လူကုန်ကူးရဲတပ်ဖွဲ့ဆီသွားတိုင်တော့ ဒါဟာ လူကုန်ကူးမှုမြောက်တယ် ဆိုပြီး အစောပိုင်းက ပြောတယ်။ နောက်ပိုင်းကျတော့ မမြောက်တော့ဘူးဆိုပြီး လူကုန်ကူးအဖွဲ့က ပြောပြန်တယ်။ အဲဒါနဲ့ ရွာသားတွေက ၀န်ကြီးချုပ်ဆီတိုင်တော့ ပုသိမ်လူကုန်ကူးအဖွဲ့ညွှန်ကြားချက်နဲ့ သာပေါင်းရဲစခန်းမှာ အမှုဖွင့်ပေးတယ်။ အမှုဖွင့်ပြန်တော့လည်း မဖမ်းဘဲ လွှတ်ပေးထားတယ်။ သမ္မတကြီးပြောတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိရဘူးဆို။ အခုကျတော့ အုပ်ချုပ်ရေးမှူးက ပြစ်မှုကျူးလွန်လို့ ရွာသားက အရဲစွန့်တိုင်တာတောင် ဘာမှဖြစ်မလာဘူး။ ဒီလိုပုံစံနဲ့ဆို ကျနော်တို့က တရားဥပဒေကို ဘယ်လိုလုပ်ပြီး လေးစားလိုက်နာရမလဲ”လို့ လူကုန်ကူးမှုနဲ့ တရားလိုလုပ် အမှုဖွင့်ထားတဲ့ ကိုမောင်ဇော်ရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးမှု ၆ မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

BY THIT HTOO LWIN


လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မဖမ်းဘဲ လွှတ်ပေးထား လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မဖမ်းဘဲ လွှတ်ပေးထား Reviewed by သစ်ထူးလွင် on 18:45 Rating: 5
Powered by Blogger.