အစိုးရအဖွဲ့ အတွင်း ပြောင်းလဲရေး လိုလားသူ များလာဟု UNDP ပြော


နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေ၊ အစိုးရ ဝန်ထမ်းတွေရဲ့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ဖို့ လိုအပ်ချက်တွေ အများအပြား ရှိနေပေမယ့် မြန်မာ အစိုးရ အုပ်ချုပ်ရေးပိုင်းမှာ ပြုပြင်ပြောင်းလဲရေး လုပ်ကိုင်ဆောင်ရွက်လိုသူ ဦးရေ အရင်ကထက်စာရင် အများအပြားတွေ့ လာရတယ်လို့ နိုင်ငံတကာ ပြည်သူ့ ရေးရာ စီမံခန့်ခွဲအုပ်ချုပ်ရေး ကျွမ်းကျင်သူတွေ က ပြောပါတယ်။ ဖေဖေါ်ဝါရီလ ၁၃နဲ့ ၁၄ရက်က ပုဂံမြို့မှာ ပြည်သူ့ရေးရာ စီမံခန့်ခွဲအုပ်ချုပ် မှု ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အဖွဲ့ဝင်တွေ အပါအ၀င် ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ ဆွေးနွေးခဲ့ကြပါတယ်။ အသေးစိတ်ကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ပြည်သူ့ရေးရာစီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဟာ အရေးပါတဲ့ လုပ်ငန်းစဉ်တခုဖြစ်တာကြောင့် မြန်မာအစိုးရရဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂတို့ကနေ ငွေကြေးနဲ့ နည်းပညာပိုင်းတွေမှာ အကူအညီပေးနေတာပါ။ ဒါကြောင့် ပုဂံမှာ ကျင်းပ ခဲ့တဲ့ဆွေးနွေးပွဲမှာ  ဒီပြုပြင်ပြောင်းလဲရေးကို ဘယ်လို တာဝန်ယူဆောင်ရွက် ကြမလဲ ဆိုတာ ဆွေးနွေးအဖြေရှာခဲ့ကြတယ်လို့ UNDP ကုလသမဂ္ဂဖွံဖြိုးရေး အစီအစဉ်ရဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု အစီအစဉ် အရာရှိ ဒေါ်သင်းသင်းအောင် ကပြောပါတယ်။

" ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုဆိုတာ အကျယ်ကြီးပဲလေ။ အဲ့တော့ အကျယ်ကြီးထဲမှာမှ ဘယ်ဟာလေးကို စလုပ်မလဲ။ ဘယ်ဟာကနေ စလုပ်မလဲဆိုပြီးတော့ စဉ်းစားကြရတာပေါ့။ သူတို့ဒီမှာ ခေါ်နေကြတာတော့ အလျှင်အမြန် ရနိုင်သော ရလာဒ်ပေါ့။ ဆွေးနွေးတဲ့အခါမှာလည်း ဒီဟာလေးတွေက ပေါ်လာတယ်။ ပေါ်လာတဲ့အခါမှာ ပထမဆုံး သူတို့စပြီးပြောတာတော့ ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု Capacity Building လုပ်ပေးမှ ဖြစ်မယ်ဆိုတာ ထွက်လာတယ်။ ဒီ Sector Working Group အနေနဲ့ ရှေ့ကို ဘာတွေ ဆက်လုပ်ကြမလဲဆိုတာ ဒီမှာ စဉ်းစားကြတာပေါ့။ ဆွေးနွေးကြတာပေါ့။ "

မြန်မာနိုင်ငံရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ ကနဦး အစမှာပဲ ရှိနေသေးတယ် လို့ ဒေါ်သင်းသင်းအောင် ကပြောပါတယ်။ ဒါပေမယ့် ပြုပြင်ပြောင်းလဲရေးကို လက်တွေ့ဆောင်ရွက် လိုတဲ့ မြန်မာအရာရှိအတော်များများတွေ့လာရတာဟာ တိုးတက်လာတဲ့ လက္ခဏာတခုဖြစ်တယ်လို့ သူကဆိုပါတယ်။

"ဝမ်းသာစရာတခုက ဘာလဲဆိုတော့ အပြောင်းအလဲကို မြင်ချင်ကြတဲ့သူ များလာတယ်။ ပြောင်းချင်တယ်ပေါ့နော်။ ဘယ်လိုပြောမလဲ တိုးတက်ချင်တယ်။ ပြုပြင်ပြောင်းလဲချင်တယ်။ နည်းနည်းလေးပြောင်းလိုက်တာနဲ့ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ် ဆိုတာ အကုန်လုံးက မြင် သွားတယ်လေ။ မြင်သွားတဲ့ အခါကျတော့ ပြောင်းလို့ရတယ်။ ဒါပေမဲ့ စိန်ခေါ်ချက် တခုက ဘာလဲဆိုတော့ ဒီဟာနဲ့ပတ်သက်တဲ့ လုပ်ပုံလုပ်နည်းပေါ့နော်။ နည်းပညာနဲ့ပတ်သက်လို့တော့ အားနည်းနေသေးတယ်။ အဲ့သလိုပဲ နိုင်ငံတွေနဲ့ အဲ့ဒီ့ဟာနဲ့ ပတ်သက်လို့ကျတော့ နည်းတယ်။"

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကိစ္စမှာ မြန်မာအစိုးရနဲ့ နိုင်ငံတကာ
ပူးပေါင်းဆောင်ရွက်ဖို့ဖြစ်လာရတဲ့ အကြောင်းအရင်းကို အခုလို တဆက်တည်း ရှင်းပြပါတယ်။

"မြန်မာနိုင်ငံအစိုးရက Myanmar Development Cooperation Forum ဆိုပြီး ပထမအကြိမ်လုပ်ခဲ့တယ်လေ။ အဲ့ဒီ့မှာ  Nay Pyi Taw Accord ဆိုပြီး ထွက်တယ်။ အဲ့ဒီ့မှာ မြန်မာနိုင်ငံ အစိုးရနဲ့ Development Partners ဆိုပြီး မိတ်ဖက် အဖွဲ့အစည်းတွေ သဘောတူညီချက် ယူထားတာ ဘာလဲ ဆိုရင် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြမယ် ဆိုပြီး ကတိကဝတ်လုပ်ထားတယ်။ အဲ့ဒီ့ကတိကဝတ်မှာ အစိုးရကလည်း အစိုးရက သူဘာတွေ လုပ်မယ်။ ဒီ  Development Partners တွေကလည်း သူတို့ဘာတွေလုပ်မယ်ဆိုတာ ကတိကဝတ်လုပ်တယ်။"

မိတ်ဖက်ပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုထားတဲ့ ကုလသမဂ္ဂ အပါအ၀င် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လက်တွေ့အကောင်အထည်ဖေါ်နိုင်ဖို့ ဆက်လက် ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့လည်း ဒေါ်သင်းသင်းအောင်ကပြော
ပါတယ်။

ပုဂံမှာကျင်းပတဲ့ ဆွေးနွေးပွဲကို သမ္မတရုံးရဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း အပါအ၀င် ပြည်ထဲရေး၊ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေ၊ မွန်နဲ့ချင်း စတဲ့ဒေသတွေက ပြည်နယ်ဝန်ကြီးတွေလည်း တက်ရောက်တယ်။

အင်ကြင်းနိုင် (ဗွီအိုအေ)


အစိုးရအဖွဲ့ အတွင်း ပြောင်းလဲရေး လိုလားသူ များလာဟု UNDP ပြော အစိုးရအဖွဲ့ အတွင်း ပြောင်းလဲရေး လိုလားသူ များလာဟု UNDP ပြော Reviewed by သစ်ထူးလွင် on 03:54 Rating: 5
Powered by Blogger.