Master Sport ဖိနပ်စက်ရုံ လုပ်သားရာကျော် တောင်းဆို ဆန္ဒပြ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် အမှတ် (၂) ရှိ Master Sport ဖိနပ်စက်ရုံတွင် ကြီးကြပ်ရေးမှူးကို အလုပ် ထုတ်ပေးရန်၊ လုပ်အားခ တိုးမြှင့်ရန်တို့ အတွက် အလုပ်သမား ၇၀၀ ကျော် ဆန္ဒပြ တောင်းဆို နေကြကြောင်း ဆန္ဒပြ လုပ်သား တစ်ဦးဖြစ်သူ ဦးဇော်မင်းက ပြောကြားသည်။

တစ်နာရီ လုပ်အားခ ကျပ် ၁၅၀ မှ ၂၅၀ သို့ တိုးမြှင့်ပေးရန်၊ ရှားပါးစရိတ် ငါးထောင်ကျပ် တိုးပေးရန်၊ ခွင့်ရက်များကို ငွေကြေး သက်ညှာစွာ ဖြတ်ရန်၊ အလုပ်သမား ကြီးကြပ်ရေးမှူးကို အလုပ်ထုတ်ရန် အပါအဝင် အချက် ၁၀ ချက် ရရှိရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ ဆန္ဒပြ တောင်းဆို နေကြသော်လည်း ပြေလည်မှု မရရှိသေးကြောင်း လုပ်သားများက ပြောဆိုကြသည်။

လစာ တိုးမြှင့်ပေးမည်ဟု လုပ်သားများကို အလုပ်ရှင်က ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကတိပေး ထားခဲ့သော်လည်း လစာ တိုးမြှင့်ပေးမှု မရှိခြင်း၊ ကြီးကြပ်ရေးမှူးသည် လုပ်သားများအပေါ် ကြမ်းတမ်းစွာ ဆက်ဆံခြင်း၊ လုပ်သားများကို ခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် ယင်းသို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း ဦးဇော်မင်းက ဆိုသည်။
“၁၀ ချက်စလုံးရမှ ဆန္ဒပြတာ ရုပ်သိမ်းမှာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ Master Sport ဖိနပ်စက်ရုံသို့ ကိုယ်တိုင် သွားရောက် တွေ့ဆုံ မေးမြန်းခွင့် တောင်းဆိုခဲ့သော်လည်း စက်ရုံ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့ပေ။ Master Sport ဖိနပ်စက်ရုံတွင် လုပ်သား ၉၀၀ ကျော်ခန့် ရှိသည့်အနက် လုပ်သား ၇၀၀ ကျော်က ဆန္ဒပြခြင်း ဖြစ်သည်။

The Voice Weekly

တိုင်ရီ ဖိနပ် စက်ရုံမှာ အလုပ် သမားတွေ ဆန္ဒပြခဲ့စဉ်က တွေ့ ရပုံ 


Master Sport ဖိနပ်စက်ရုံ လုပ်သားရာကျော် တောင်းဆို ဆန္ဒပြ Master Sport ဖိနပ်စက်ရုံ လုပ်သားရာကျော် တောင်းဆို ဆန္ဒပြ Reviewed by သစ်ထူးလွင် on 12:18 Rating: 5
Powered by Blogger.