အခြေခံဥပဒေပြင်ဆင်ရေး ပြည်မြို့တွင် ဆန္ဒထုတ်ဖော်


ုပြည်၊ ဖေဖော်ဝါရီ-၁၈

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပြည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဆောင်၍ အခြားမဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီ
၁၈ ရက် နံနက် ၉ နာရီခွဲက ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှ စတင်၍ ငြိမ်းချမ်းစွာချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူထုလူတန်းစားအင်အား ၃၀၀ ခန့်က ဗိုလ်ချုပ်လမ်းမှ ရွှေတစ်ချောင်းလမ်း၊ ၎င်းမှတစ်ဆင့် လမ်းမတော်လမ်း ဗိုလ်ချုပ်ကျောက်ရုပ်ကို ကွေ့ပတ်၍ ဗိုလ်ချုပ်လမ်းအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (စ) ဖျက်သိမ်းရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) ဖျက်သိမ်းရေးစာတန်းများ ကိုင်ဆောင်ကာဆန္ဒထုတ်ဖော်ခဲ့ ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံများ၊ ' ၁၈-၂-၂၀၁၄ ရက်စွဲပါ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒထုတ်ဖော်ပွဲ၊ ပြည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ' ဟု ရေးသားထားသော အနီရောင်ပိတ်စများကို အသုံးပြုခဲ့ကြသည်။' အဓိကကတော့ ပုဒ်မ ၄၃၆ ပါပဲ။ အခြေခံဥပဒေပြင်ဆင်ဖို့ အခက်အခဲရှိနေတဲ့ပုဒ်မပါ။ လွှတ်တော်တွင်းရှိ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံပြီးပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ဆိုတဲ့အချက်ကို မကြိုက်လို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး တရားဝင်ဆန္ဒထုတ်ဖော်တာပါ ' ဟု ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်သူတစ်ဦးက ၎င်း၏ အမြင်ကိုပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ သည် အတားအဆီးဖြစ်နေသဖြင့် ပြင်ဆင်ပေးရန်၊ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၅၉ (ဃ)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး ဦးတည်ရေးဆွဲထားခြင်းကြောင့် ပယ်ဖျက်ပေးရန်ရည်ရွယ်၍ ဆန္ဒထုတ်ဖော်ခြင်းနှင့် ပတ်သက်ပြီး ' အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ အချက် ၁၆၈ ချက်တင်ပြီးသား။ အဲလို အခြေခံဥပဒေ ပြင်ဖို့ဆိုရင် ၄၃၆ ကိုအရင်ပြင်ရမယ်။ ၄၃၆ ကိုမပြင်ဘဲ တခြားဘာမှပြင်ဖို့ မလွယ်ဘူး။ ၅၉(ဃ)နဲ့ ၅၉(စ)က ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ရေး တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ ရေးထားတဲ့ ဥပဒေဖြစ် နေလို့ ကျွန်တော်တို့က ပယ်ဖျက်ချင်တာ ' ဟု ပြည်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဝင်းက ပြောဆိုသည်။

ပြည်မြို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒ ထုတ်ဖော်ပွဲတွင် မြို့နယ်အတွင်းရှိ အာဏာပိုင်အဖွဲ့အစည်းများမှ ယာဉ်အန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ဆန္ဒထုတ်ဖော် သူများကလည်း အခြား ကြွေးကြော်သံများအား ကြွေးကြော်ခြင်းမရှိဘဲ ကြိုးများဖြင့် စည်းဝိုင်းတားကာ အခြေခံဥပဒေပုဒ်မ ၅၉ (စ) ဖျက်သိမ်း ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) ဖျက်သိမ်းရေး ကြွေးကြော်သံ များကိုသာ ကြွေးကြော်၍ စည်းစနစ်ကျနစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြည်ခရိုင် ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဆောင်ကာ အဆိုပါပုဒ်မများ ပြင်ဆင်ရေး၊ ပယ်ဖျက်ရေးအတွက်ဖေဖော်ဝါရီ ၁၉ ရက်၌ ဆန္ဒထုတ်ဖော်ဦးမည်ဟု သိရသည်။

ဥက္ကာမြင့်၊ ပြည့်သဲမောင်(ပြည်)၊
စံတော်ချိန် နေ့စဉ်သတင်းစာ



အခြေခံဥပဒေပြင်ဆင်ရေး ပြည်မြို့တွင် ဆန္ဒထုတ်ဖော် အခြေခံဥပဒေပြင်ဆင်ရေး ပြည်မြို့တွင် ဆန္ဒထုတ်ဖော် Reviewed by သစ်ထူးလွင် on 18:30 Rating: 5
Powered by Blogger.