ဟောင်ကောင်သို့ မြန်မာ အမျိုးသမီး အိမ်အကူများ စလွှတ်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ဟောင်ကောင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် မြန်မာ အမျိုးသမီး ၁၉ ဦးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စတင် စေလွှတ်လိုက်ပြီ ဖြစ်ပြီး နောက်ထပ် လွှတ်ရန်လည်း ခွင့်ပြုချက် ရထားကြောင်း ရန်ကုန်မြို့တော် အခြေစိုက် Gold Mine ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ မန်နေဂျာ တစ်ဦးက ပြောကြားသည်။

မြန်မာ အိမ်အကူ ၂၀၀ ပို့ဆောင်ခွင့် ရရှိထားသည့် အနက် အိမ်အကူ ၁၉ ဦးကို ပထမဆုံး စေလွှတ်ခြင်း ဖြစ်ပြီး ကျန်အိမ်အကူ များကိုလည်း ဆက်လက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာက တရားဝင် လာရောက်သည့် အိမ်အကူများသည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဟောင်ကောင်သို့ ရောက်ရှိလာပြီး ယင်းအိမ်အကူများသည် အကြမ်းဖက် ခံရမည်ကို စိုးရိမ် နေသည်ဟု ဝန်ခံကြောင်း South China Morning Post သတင်း တစ်ရပ်တွင် ဖော်ပြသည်။

ဟောင်ကောင်တွင် မြန်မာ အိမ်အကူများ အခွင့်အရေး ချိုးဖောက် ခံရမှု၊ အကြမ်းဖက် ခံရမှုများ ဖြစ်ပွားပါက အရေးပေါ် ဆက်သွယ် အကူအညီ တောင်းနိုင်ရန် မြန်မာနှင့် ဟောင်ကောင် ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ၊ ဟောင်ကောင်ရှိ မြန်မာ ကောင်စစ်ဝင် ရုံးတို့၏ ဖုန်း နံပါတ်များကို အိမ်အကူများကို ပေးထားကြောင်း Gold Mine အေဂျင်စီမှ သိရှိရသည်။

“အကြမ်းဖက် မခံရအောင် အပြည့်အဝ စောင့်ရှောက် ပေးသွားမယ်” ဟု အဆိုပါ အေဂျင်စီမှ မန်နေဂျာ တစ်ဦးက ပြောကြားသည်။

မြန်မာ အိမ်အကူများကို တရုတ်နှင့် အင်္ဂလိပ် ဘာသာစကား၊ အိမ်တွင်းမှု အတက် ပညာများကို သုံးလခန့် သင်တန်း ပေးကာ စေလွှတ်ခြင်း ဖြစ်ကြောင်း၊အလုပ်သမားများ အဆင်ပြေနိုင်မည့် ဈေးနှုန်းအတိုင်း ကောက်ခံသွားမည် ဖြစ်ကြောင်း Gold Mine အေဂျင်စီမှ သိရှိရသည်။

မြန်မာ အိမ်အကူ ၂၀၀ ကို နောက်လတွင် ထပ်မံ ခေါ်ယူမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ်အထိ မြန်မာ အိမ်အကူ တစ်ထောင်ဝန်းကျင် ဟောင်ကောင်သို့ ခေါ်ယူရန် စီစဉ်ထားကြောင်း South China Morning Post တွင် ဖော်ပြထားသည်။

ဟောင်ကောင်သို့ ဖိလစ်ပိုင် နိုင်ငံက အိမ်အကူ စေလွှတ်မှု နည်းပါးသွားပြီး အင်ဒိုနီးရှားက အိမ်အကူ စေလွှတ်မှုကို ရပ်ဆိုင်းလိုက်သဖြင့် မြန်မာ အိမ်အကူများကို ခေါ်ယူလာခြင်း ဖြစ်သည်။

ဟောင်ကောင်တွင် အလုပ်ရှင်က အင်ဒိုနီးရှား အိမ်အကူ အမျိုးသမီး တစ်ဦးကို လုပ်အားခ မပေးသည့် အပြင် ရိုက်နှက် နှိပ်စက်မှုကြောင့် ဦးခေါင်း၊ မျက်နှာ၊ ခြေထောက်တိုတွင် ဒဏ်ရာ ရရှိခဲ့ပြီး လမ်းမလျှောက်နိုင်သည် အထိ ဖြစ်ခဲ့ရာ ယင်းကိစ္စကြောင့် အိမ်အကူများကို အကြမ်းဖက်မှု ရပ်တန့်ရန် ဇန်နဝါရီလ အတွင်းက ဟောင်ကောင်တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။

မြန်မာ အိမ်အကူများကို စင်ကာပူ နိုင်ငံသို့လည်း တရားဝင် စေလွှတ်ခွင့် ပြုထားသည်။

The Voice Weekly


ဟောင်ကောင်သို့ မြန်မာ အမျိုးသမီး အိမ်အကူများ စလွှတ် ဟောင်ကောင်သို့ မြန်မာ အမျိုးသမီး အိမ်အကူများ စလွှတ် Reviewed by သစ်ထူးလွင် on 11:29 Rating: 5
Powered by Blogger.