အစိုးရက လျစ်လျူ ရှုသည်ဟု စွပ်စွဲ ပြောဆိုရန် မသင့်ဟု သမ္မတရုံး ဝန်ကြီးက ဦးသိန်းညွန့်ကို သတိပေး


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

အစိုးရအဖွဲ့၏ ညွှန်ကြားချက် များဖြင့် ဖွဲ့စည်းထားသော မြို့နယ် အောက်ခြေ အဖွဲ့အစည်းများက အစိုးရ ညွှန်ကြားချက် များကို ဆန့်ကျင် ဆောင်ရွက် နေသည်ကို အစိုးရက လျစ်လျူ ရှုထားကြောင်း လွှတ်တော် အစည်းအဝေး အတွင်း ပြောဆိုခဲ့သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကို နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးမောင်က လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် လေ့လာမှု မပြုဘဲ စွပ်စွဲ ပြောဆိုရန် မသင့်ကြောင်း သတိပေး ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ကျင်းပသော လွှတ်တော် အစည်းအဝေး အတွက် အစိုးရ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းထားသော မြို့နယ် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီ ဖွဲ့စည်းရာတွင် လွှတ်တော် ကိုယ်စားလှယ်များကို အသိပေးခြင်း မရှိဘဲ ပြုလုပ်ခြင်းသည် သမ္မတရုံး၏ ညွှန်ကြားချက်ကို ဆန့်ကျင်နေခြင်း ဖြစ်သဖြင့် ယင်းအခြေအနေကို ရှင်းပြရန် ဦးသိန်းညွန့်က မေးခွန်း မေးမြန်းရာ ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အောက်ခြေ အဖွဲ့၏ လုပ်ဆောင်မှုကို တင်ပြ တိုင်ကြားသူ မရှိသဖြင့် သမ္မတရုံး အနေနှင့် မသိရှိကြောင်း ဦးစိုးမောင်က ဆိုသည်။

ထို့အပြင် အဆိုပါ မေးခွန်းသည် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့တွင် မေးမြန်းရမည့် မေးခွန်းဖြစ်ပြီး ဥပဒေပြုရေး လုပ်ဆောင်နေသော ပြည်သူ့လွှတ်တော်တွင် မေးမြန်းရန် မသင့်ကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့သည် တစ်နိုင်ငံလုံး အတိုင်းအတာအထိ လုပ်ဆောင် နေရသဖြင့် မြို့နယ် တစ်ခုတည်း အတွက် ကော်မတီ ဖွဲ့စည်းသည့် ကိစ္စကို သိရှိရန် အထူးတလည် မလိုအပ်ကြောင်း ဦးစိုးမောင်က ထပ်လောင်း ပြောကြားသည်။

“ပြည်ထောင်စု ဝန်ကြီးတွေဆိုတာ လွှတ်တော်မှာ ကျမ်းကျိန် ပြီးသားပါ။ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့ မညီရင် အပါယ် လားမှာပါ။ ကျွန်တော်က ယဉ်ယဉ်ကျေးကျေးနဲ့ ဥပဒေနဲ့အညီ မေးတာပါ” ဟု ဦးသိန်းညွန့်က မီဒီယာများကို ပြောကြားသည်။

နိုင်ငံတော် သမ္မတရုံး ဝန်ကြီး (၂) ဦးစိုးမောင်သည် ယခင်ကလည်း လွှတ်တော် ကိုယ်စားလှယ်တို့၏ မေးခွန်းကို လွှတ်တော်သို့ လာရောက် ဖြေကြားရာတွင် စကားလုံး သုံးနှုန်းမှု ခက်ထန်သောကြောင့် လွှတ်တော် ဥက္ကဋ္ဌ၏ သတိပေး ပြောဆိုမှု ခံခဲ့ရကြောင်း ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက The Voice သို့ ထုတ်ဖော် ပြောကြားသည်။

အစိုးရ၏ အောက်ခြေ အဖွဲ့အစည်းမှ ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေး အတွက် အထောက်အကူပြု အဖွဲ့ ဖွဲ့စည်းသည့် ကိစ္စတွင် လွှတ်တော် ကိုယ်စားလှယ်များကို အသိမပေးခြင်းသည် ဖော်ဆောင်နေသော လုပ်ငန်းများ အတွက် ထိခိုက် လာနိုင်စရာ အကြောင်းရှိပြီး ဦးသိန်းညွန့်၏ မေးခွန်းသည် ပြည်သူ့လွှတ်တော်တွင် မေးမြန်းသင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

The Voice Weekly



အစိုးရက လျစ်လျူ ရှုသည်ဟု စွပ်စွဲ ပြောဆိုရန် မသင့်ဟု သမ္မတရုံး ဝန်ကြီးက ဦးသိန်းညွန့်ကို သတိပေး အစိုးရက လျစ်လျူ ရှုသည်ဟု စွပ်စွဲ ပြောဆိုရန် မသင့်ဟု သမ္မတရုံး ဝန်ကြီးက ဦးသိန်းညွန့်ကို သတိပေး Reviewed by သစ်ထူးလွင် on 11:25 Rating: 5
Powered by Blogger.