ပြည်တွင်းက သတင်းဂျာနယ် တစ်စောင်ဖြစ်တဲ့ Unity မှာ ကာကွယ်ရေး ပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတု လက်နက်စက်ရုံဆိုပြီး သတင်းဖော်ပြမှုနဲ့ တာဝန်ခံ အယ်ဒီတာချုပ်နဲ့ သတင်းထောက်တွေကို မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မနဲ့ ဖမ်းဆီးအရေးယူတာကို ဒီကနေ့မှာပဲ အာဏာပိုင်တွေဘက်က တရားလို လုပ်ပြီး ပြစ်မှု ကျူးလွန်တယ်ဆိုပြီး စွတ်စွဲခံထားရသူ ၅ ဦးကို ဒီကနေ့မှာပဲ ပခုက္ကူ ခရိုင်တရားရုံးမှာ ထုတ်ပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံ လျှို့ဝှက် အက်ဥပဒေ ပုဒ်မနဲ့ပဲ သူတို့ ၅ ဦးကို တရားစွဲတင် တာဖြစ်ပြီးတော့ အခု တပ်ထားတဲ့ ပုဒ်မအရ တရားခံ အဖြစ် ရုံးတင်ခြင်း ခံထားရသူတွေအနေနဲ့ အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ခံရနိုင်တဲ့ အနေအထားရှိတယ်လို့လည်း တရားခံတွေရဲ့ ရှေ့နေဖြစ်သူ က ပြောပါတယ်။
အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်း သတင်းရယူထားတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ်ထုတ် ပြည်တွင်းသတင်း ဂျာနယ်မှာ “ ဗိုလ်ချုပ်မှူးကြီးဟောင်း၊ တရုတ်ပညာရှင်နှင့် လက်ရှိ ကာချုပ်တို့၏ ပေါက်မြို့နယ်က လျှို့ဝှက်ဓာတုလက်နက်စက်ရုံ” ဆိုတဲ့ ခေါင်းစီးနဲ့ မကွေးတိုင်း ပေါက်မြို့နယ်ထဲက အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း စက်ရုံကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထုတ်ဝေခဲ့လို့ဆိုပြီး ဒီသတင်းဟာ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ပေါက်ကြားစေတယ်၊ စက်ရုံတားမြစ်နယ်မြေကို ခွင့်ပြုချက် မရှိဘဲနဲ့ ချဉ်းကပ်တယ်၊ ကြည့်ရ၊ူ ကျော်ဖြတ်၊ ဝင်ရောက် ဓာတ်ပုံရိုက်ယူတယ် ဆိုပြီး သတင်းရေးသားတဲ့ နယ်သတင်းထောက်အပါအဝင် သတင်းဂျာနယ်တိုက်ရဲ့ အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက်တွေကို ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ လ ၁၄ ရက်နေ့မှာတော့ တရားခံအဖြစ် စွဲချက် တင်ခံထားရတဲ့ သတင်းဂျာနယ်တိုက်ရဲ့ အမှုဆောင်အရာရှိချုပ်ဦးတင့်ဆန်း အပါအဝင်၊ သတင်းထောက် ၄ ဦး ပခုက္ကူခရိုင် တရားရုံးမှာ ရုံးထုတ်လာပြီးဖြစ်တယ်လို့ တရားခံ တွေဘက် က အမှုလိုက်မယ့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က က ပြောပါတယ်။
လျှို့ဝှက်ချက်ကို ပေါက်ကြားစေမှု၊ စက်ရုံတားမြစ်နယ်မြေကို ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်မှု၊ ဝင်ရောက် ဓာတ်ပုံရိုက်ယူမှု၊ စတဲ့ အမှုတွေကို ၁၉၂၃ခုနှစ်မြန်မာနိုင်ငံအစိုးရ လျို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃/၉ နဲ့ အမှုကို ရုံတင်လာတာပြီး တရားလိုကတော့ အစိုးရ စစ်တပ်က ဒုတိယ ဗိုလ်မှူးကြီး တစ်ဦး ဖြစ်တယ်လို့ ဦးရောဘတ်စန်းအောင်က ဗွီအိုအေ ရဲ့ မေးမြန်းမှုကို အခုလို စဖြေပါတယ်။
" ကိုတင့်ဆန်းနဲ့ငါးယောက်ကိုပေါ့နော်။ ၁၉၂၃ခုနှစ် မြန်မာနိုင်ငံ လျို့ဝှက် အက်ဥပဒေ ၃/၉နဲ့ ပခုက္ကူခရိုင်တရားရုံးမှာ တရားသူကြီး ဦးမောင်မောင်ဌေးရုံးမှာ အမူစတင် ရုံးတင် တရားရုံးထုတ်ပါတယ်။ တရားလိုကတော့ ဒုတိယ ဗိုလ်မှူးကြီးဦးကျော်ကျော်ဦးပါ။"
မေး။ ဟုတ်ကဲ့၊ ဒီကနေ့ရော အမှု စစ်ဆေးဖြစ်လားခင်ဗျ။
"ကနေ့ကတော့ အမှုကို စတင် စွဲဆိုတာလည်းဖြစ်တယ်။ တရားလိုလည်း မလာသေးတော့ မစစ်ရတာနဲ့ ရုံးချိန်းကို ၂၄ရက်နေ့ ပြန်လည် ချိန်းဆိုလိုက်ပါတယ်။"
မေး။အခုက ရန်ကုန်မှာ စစ်ဆေးတဲ့ လူတွေကိုရော ပခုက္ကူတရားရုံးမှာပဲ အမှုကို ပေါင်း စွဲတဲ့ သဘောလား ခင်ဗျ။
"ပခုက္ကူခရိုင်တရားရုံးမှာပဲ ပေါင်းပြီးတော့ စွဲ တာခင်ဗျ။ ရန်ကုန်ကသူတွေကိုလည်း ဒီကိုပဲ ခေါ်လာတယ်။ ရန်ကုန်မှာ မစွဲတော့ဘူး။"
မေး။ ဒီအမှုမှာ တရားခံအဖြစ် တရားစွဲ ခံထားရတဲ့ သူတွေကို အမြင့်ဆုံး ဘယ်လောက်ထိ စီရင်ချက်ချနိုင်တဲ့ ပုဒ်မမျိုးလဲ ခင်ဗျ။
" ပုဒ်မကတော့ နည်းနည်းဈေးကြီးတယ်ခင်ဗျ။ အမြင့်ဆုံးကတော့ ထောင်ဒဏ် ၁၄နှစ်အထိ ချလို့ရတယ်။ တခြားလျို့ဝှက်ချက်ပေါက်ကြားမှုဆိုရင်တော့ သုံးနှစ်ပေါ့နော်။ ဒါပေမဲ့ အခုခရိုင်ရုံးကိုတင်တယ်ဆိုတဲ့အနေအထားအရကတော့ သူက ထောင်ဒဏ်၁၄နှစ်အထိ ချမှတ်ထိုက်တဲ့ အတိုင်းနဲ့ တင်လိုက်တာဖြစ်တယ်။"
စွဲချက်တင်ခံရသူတွေက အာမခံချက်လျောက်ထားတာမျိုး မလုပ်ခဲ့သလို ဒီအမှုမှာ အာမခံပေးဖို့မလွယ်တာကြောင့် အာမခံ မလျောက်ထားခဲ့တာဖြစ်တယ်လို့ ဦးရောဘတ်ဆန်းအောင် က ပြောပါတယ်။ ဦးတင့်ဆန်းပါ ငါးဦးဟာ ရုံးထုတ်အပြီးမှာပဲ အချုပ်နဲ့ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့လည်း သူ ကပြောပါတယ်။
ဒီကနေ့ တရားရုံးထုတ်တဲ့ နေ့မှာတော့ စွတ်စွဲခံထားရတဲ့ ဦးတင့်ဆန်းပါ ၅ ဦးကို အာဏာပိုင်တွေ ဘက်က ကောင်းကောင်းမွန်မွန်ဆက်ဆံတာတွေ့ရသလို၊ တရားခံရှေ့နေနဲ့တရားပြောဆိုခွင့် ပေးတဲ့ အပိုင်းမှာလည်း အတော်လေး အဆင်ပြေတာကိုတွေ့ရတယ်လို့ ဦးရောဘတ်ဆန်းအောင် က ပြောပါတယ်။
လက်ရှိ အချိန်တော့ ယူနတီ သတင်းဂျာနယ်က သတင်းထောက်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရမှုနဲ့ ပတ်သက်ပြီးတော့ ပြည်သူအချို့ကလည်း စိတ်ဝင်စားနေသလို၊ ယူနတီ သတင်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ကိုက်ညီမှု ရှိမရှိဘူဆိုပြီးတော့လည်း ပြည်တွင်း မီဒီယာလောကအတွင်းမှာလည်း အငြင်းအခုံ ရှိနေတာဖြစ်ပါတယ်။
ယူနီတီဂျာနယ် အယ်ဒီတာ ဦးတင်ဆန်းအပါအဝင် သတင်းထောက်လေးဦးကို ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ပေါက်ကြားစေမှု ဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ကိစ္စကို မကြာသေးခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ HRW အဖွဲ့က ကိုယ်စားလှယ်တွေက အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံချိန်မှာ မေးမြန်းမှုတွေ ရှိခဲ့သလို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံတွေကို စောင့်ကြည့်နေကြတာပါ။
အောင်ရဲ မောင်မောင် (ဗွီအိုအေ)
ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက် စတင်
Reviewed by သစ်ထူးလွင်
on
23:28
Rating:
