မြန်မာရဲ့ဘယ်ဝိသေသ ကမ္ဘာကိုပြမလဲ


သင့်သူငယ်ချင်းများနှင့်ဖြစ်စေ၊ လူစိမ်းတစ်ဦးနှင့်ဖြစ်စေ သာမန်ခိုက်ရန်ဖြစ်ပွားမှုတစ်ခုမှာ ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှု၏ အစဖြစ်သွားနိုင်ပါသည်။ သမီးရည်းစားလုဘက်ချင်း၊ လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲအကြောင်းငြင်းခုံရင်း ခိုက်ရန်ဖြစ်ပွားမှုမျိုးမှာ ဘာသာမတူသူများဖြစ်ပါက ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် တို့မီးရှို့မီးဖြစ်အောင်လုပ်မည့်သူများ ပေါများလာ၍ ဖြစ်ပါသည်။

မည်ကဲ့သို့သော ရန်ပွဲမျိုးဖြစ်ပါစေ၊ ရန်ဖြစ်သူများမှာ မည်သည့်ဘာသာဝင်များဖြစ်သည်ကိုသာကြည့်၍ ဆုံးဖြတ်မည့်သူများနေခြင်းမှာ မြန်မာနိုင်ငံတွင် အချိန်မရွေးမီးထတောက်ရန် လောင်စာများ နိုင်ငံတစ်ဝန်းရှိနေခြင်းနှင့် တူနေသည်။

ယခုလအနည်းငယ်အတွင်း ဘာသာရေး၊ လူမျိုးရေးအကြမ်းဖက်မှု ကြီးကြီးမားမား ဖြစ်ပွားခြင်းမရှိသော်လည်း ဘာသာရေး၊ လူမျိုး အစွန်းရောက်သူများကြောင့် အဓိကရုဏ်းဖြစ်ပွားမည့်အခြေအနေကို အချိန်မီဝိုင်းဝန်းထိန်းသိမ်းခဲ့ရသော ဖြစ်စဉ်များကတော့ရှိခဲ့ပါသည်။

ဖေဖော်ဝါရီ ၁၉ ရက်တွင် ဒဂုံမြို့သစ်တောင်ပိုင်း ၂၀ ရပ်ကွက်ရှိ ရာအိမ်မှူးအား ဘာသာခြားတစ်ဦးက ထိုးကြိတ်မှုသည် ဖေဖော်ဝါရီ ၂၃ ရက်ထိ ရိုက်ခတ်ခဲ့သည်။ ပြဿနာဂယက်ကြောင့် ထိုးကြိတ်ခဲ့သူ၏ မိသားစုသည် ထိုရပ်ကွက်တွင် မနေထိုင်တော့ဘဲ အခြားမြို့နယ်သို့ ပြောင်းရွှေ့သွားသည်။ သို့သော် ၎င်းတို့က ရပ်ကွက်သို့ အိမ်မီးလာရှို့မည်ဟု သံသယနှင့်ကောလာဟလများကြောင့် ၂၀ ရပ်ကွက်နေ ပြည်သူများမှာ ဖေဖော်ဝါရီ ၂၃ ရက်ညက ကောင်းစွာမအိပ်နိုင်ခဲ့ကြပါ။

“တော်သေးတယ်။ အိမ်မီးရှို့တာတွေမလုပ်လို့။ အခြားမြို့နယ်တွေမှာဆို မလွယ်ဘူး”ဟု ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးအောင်ဆန်းဦးက ဖေဖော်ဝါရီ ၁၉ ရက် ဒဂုံမြို့သစ်တောင်ပိုင်း ၂၀ ရပ်ကွက်၌ ဖြစ်ပွားခဲ့သည့် ပြဿနာတွင် တစ်စုံတစ်ရာထိခိုက်မှုမရှိသည်ကို စိတ်သက်သာရာရသောလေသံဖြင့် ပြောသည်။

ထိုနေ့ညတွင်ပင် ညောင်လေးပင်မြို့ရှိ ဗလီအနီးတွင် ကားနှစ်စီး ခရီးသည်လုတင်ရာမှ သာမန်ခိုက်ရန်ဖြစ်ပွားမှုသည် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်ရန် သွေးထိုးလှုံ့ဆော်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ရပ်များ မပေါ်ပေါက်ရန်အတွက် ဘာသာနှစ်ခုအပေါ် ယုံကြည်မှုတည်ဆောက်ရန်မှာ အလွန်အရေးကြီးနေကြောင်း ဘာသာပေါင်းစုံငြိမ်းချမ်းစွာနေထိုင်ရေး ကြိုးပမ်းနေသူများကပြောသည်။

၂၀၁၃ တွင် ဘာသာရေး၊ လူမျိုးရေးများ မြို့ ၂၉ မြို့တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၉ ဦး ရှိခဲ့သည်။ ထို့အပြင် ရာနှင့်ချီကာဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံမီးရှို့ဖျက်ဆီးခံရမှု ၂၀၀၀ ခန့်ရှိကာ ဒုက္ခသည်အရေအတွက် ၁၂၀၀၀ ထိ ရောက်ရှိခဲ့သည်။ ထိုဖြစ်ရပ်များတွင် ပါဝင်သူလူဦးရေ ရာနှင့်ချီဖမ်းဆီးအရေးယူခံခဲ့ရသည်။

၂၀၁၂ တွင် ရခိုင်ပြည်နယ်၌ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများမှာ သမ္မတဦးသိန်းစိန်လက်ထက်တွင် ပထမဆုံးကြုံတွေ့ရသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်သည်။ ၂၀၁၃ တွင် ထပ်မံဖြစ်ပွားခဲ့သည့် မိတ္ထီလာနှင့် လားရှိုးလူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုများ၏ ရိုက်ခတ်မှုသည် မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သော မြန်မာလုပ်သား ၃၀ ခန့် အသတ်ခံရသည်ထိ နိုင်ငံနယ်နိမိတ်ကိုကျော်လွန်ကာ ပျံ့နှံ့ ရိုက်ခတ်ခဲ့သည်။

မိတ္ထီလာ၊ ဥက္ကံ၊ လားရှိုး စသောအကြမ်းဖက်မှုဖြစ်စဉ်များတွင် သာမန်အမှုအခင်းများမှ စတင်ခဲ့သော်လည်း အမှုအခင်းဟုမမြင်နိုင်ဘဲ ဘာသာရေး၊ လူမျိုးရေးအသွင်ဆောင်ကာ ပိုမိုကြီးမားလာခဲ့ခြင်းဖြစ်သည်။

“အလုပ်မရှိအကိုင်မရှိ ကလေကချေတွေက အဖွဲ့အစည်းတွေဖွဲ့ပြီး ဘာသာရေးအကြောင်းပြ လုပ်နေကြတာ။ ရပ်ကွက်ထဲမှာ လူရာအသွင်းမခံရတဲ့သူတွေက ဘာသာရေးအကြောင်းပြပြီး လုပ်နေကြတာ။ အသိတရားရှိတဲ့သူတွေက မလုပ်ကြပါဘူး”ဟု မိတ္ထီလာအကြမ်းဖက်မှုဖြစ်စဉ်တွင် အသက်ကိုပဓာနမထားဘဲ အစ္စလာမ်ဘာသာဝင် လူ ၈၀၀ ကျော်အား ဘုန်းကြီးကျောင်းအတွင်း ခိုလှုံခွင့်ပေးကာ ကယ်တင်ခဲ့သူ ရတနာဦးကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓကမိန့်သည်။

မြို့ရွာတိုင်းတွင် လူမျိုးရေး၊ ဘာသာရေးအကြောင်းပြကာ အမုန်းစကားပြောဆို သွေးထိုးနေသော ပုဂ္ဂိုလ်အဖွဲ့အစည်းများလည်း ရှိနေသည်။ ထိုအဖွဲ့အစည်းများက နိုင်ငံတစ်ဝန်း လောင်စာများလိုက်လံစုပုံနေသူများပင် ဖြစ်သည်။

စစ်အာဏာရှင်လက်ထက်တွင် ဖျက်ဆီးခဲ့သော ပညာရေးစနစ်၏ရလဒ်၊ အကြောက်တရား၊ လူ့အခွင့်အရေးစံနှုန်းများမသိဘဲ သွေဖယ်ခြင်း၊ စာနာမှုကင်းမဲ့သူအချို့ကြောင့် ပြဿနာများအချိန်မရွေးပြန်ဖြစ်နိုင်သော အခြေအနေရောက်နေသည်။ တစ်ဖက်နှင့်တစ်ဖက် သံသယကြီးမားမှုများကလည်း ပိုကြီးမားလာသည်။

တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး (သို့မဟုတ်) တိုင်းရင်းသားအချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိကြောင်း ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၃၅၄ (ဃ)တွင် ပြဋ္ဌာန်းထားသည်။

သို့သော် လက်ရှိမြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုများမှာ လျော့နည်းအောင် မလုပ်ဆောင်နိုင်သေးပါ။ ဖေဖော်ဝါရီလအတွင်း၌ပင် အစ္စလာမ်ဘာသာဝင်များအား ကူညီပေးသော စာရေးဆရာများနှင့် အစ္စလာမ်ဘာသာဝင်စာရေးဆရာများ ဟောပြောသော စာပေဟောပြောပွဲများကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မှ ရဟန်းသံဃာများက ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခဲ့သည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်၍ ရေဒီယိုအင်တာဗျူးတစ်ခုတွင် ရန်ကုန်မြို့ ရွှေဝါရောင်ဆရာတော် ဦးပဏ္ဏ၀ံသက “သံဃာတွေဆိုပေမယ့် သံဃာတွေကနောက်မှပါ။ လူတစ်စုက ဒီကိစ္စကိုလုပ်နေတာ။ ဘာကြောင့် လူတစ်စုကလို့ ဘုန်းကြီးကပြောလည်းဆိုတော့ ရန်ကုန်မှာ လွန်ခဲ့တဲ့ရက်က ဗိုလ်စိန်မှန်ကွင်းမှာ ၅၉ နဲ့ပတ်သက်လို့ အဲဒီကစတယ်လို့ ယူဆရတာပေါ့။ ဒါက ကိုမြအေးကို ရွေးချယ်တိုက်ခိုက်တယ်ဆိုတာကတော့ ဘာသာရေးနဲ့ လူမျိုးရေးကို ရည်ရွယ်ပုံရပါတယ်။ ရန်ကုန်မြို့မှာ နေရာတော်တော်များများမှာ စာရွက်စာတမ်းတွေ ကပ်ထားတာတွေ တွေ့ရတယ်။ အဲဒါလည်း အစ္စလာမ်ဘာသာနဲ့ ပတ်သက်တဲ့ဟာပေါ့နော်။ အဲဒီတော့ ဒါတွေဟာ လုပ်လည်းမလုပ်သင့်ဘူး။ ဖြစ်လည်းမဖြစ်သင့်ဘူးလို့ ဦးပဉ္ဇင်းအနေနဲ့ပြောချင်တာ။ တကယ်လို့ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေဖြစ်ရင် ပြည်သူတွေနဲ့ ဒီမိုကရေစီလိုလားသူတွေအားလုံး နစ်နာဆုံးရှုံးမှုတွေဖြစ်မှာပဲ။ ဆူပူမှုဖြစ်တယ်ဆို ပြည်သူတွေပဲခံရတာ”ဟု မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်းပေါင်း ၆၀ ၀န်းကျင်ရှိသည့်အနက် ဗုဒ္ဓဘာသာဝင် ၈၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာဝင် လေးရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာဝင် လေးရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ တစ်ရာခိုင်နှုန်းနှင့် အခြားကိုးကွယ်သူ နှစ်ရာခိုင်နှုန်းရှိကြောင်း CIA the World Facebook တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်ကိုးကွယ်သည့် လူဦးရေရာခိုင်နှုန်းတူညီနေသော်လည်း ဗုဒ္ဓဘာသာဝင်များနှင့် ပြဿနာဖြစ်ပွားရာတွင် အစ္စလာမ်ဘာသာဝင်များ အများဆုံးဖြစ်နေသည်။

ဘာသာရေးအစွန်းရောက်သူအချို့၏ သွေးထိုးလှုံ့ဆော်မှု၊ အမျိုးသားရေး ဘာသာရေးအကြောင်းပြကာ အကြမ်းဖက်မှု၊ ထောင်ချောက်အတွင်း တွန်းပို့နေသော ဘာသာရေးအစွန်းရောက်ပုဂ္ဂိုလ်အချို့၊ နိုင်ငံရေးသမားအချို့၏ လှည့်ကွက်များကြောင့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်လည်း စိတ်မအေးနိုင်သေးပါ။ ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ဘာသာရေး၊ အမျိုးသားရေး ခုတုံးလုပ်ကာ နိုင်ငံရေးလုပ်စားသူများ ပိုမိုများလာနေသောကြောင့်ဖြစ်သည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီကို အကူးအပြောင်းကာလမှာ ရေပန်းမစားသည့် နိုင်ငံရေးသမားများက မျိုးချစ်ဝါဒနှင့် လူမျိုးစုဘာသာရေးကို အာဏာရရှိရေးအတွက် အသုံးချလေ့ရှိသည်ဟု သတင်းစာဆရာရဲမိုးက သူ၏ဆောင်းပါးတွင် ရေးသားထားသည်။

“လူထုခေါင်းဆောင် ဒီမိုကရေစီချန်ပီယံနှင့် သူမ၏ပါတီကို ယှဉ်ပြိုင်ဖို့မဖြစ်နိုင်သည့် အဖွဲ့အစည်းအချို့ မျိုးချစ်ဝါဒနှင့် ဘာသာရေးအခြေခံနိုင်ငံရေး၊ နိုင်ငံရေးပါတီသစ်များပေါ်လာလျှင် မအံ့သြကြပါနှင့်။ လက်ရှိပါတီများက “မျိုးချစ်၊ ဘာသာချစ်” များ နေ့ချင်းညချင်းဖြစ်လာလျှင်လည်း မအံ့သြကြပါနှင့်။ သင်္ကြန်စာလို ပြောရလျှင်တော့။ မည်သည့်အခါမှ လူမျိုးကိုမချစ်သူများ တစ်မဟုတ်ချင်း မျိုးချစ်များဖြစ်လတ္တံ့။ ပြည်သူ့အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ကာ အမြတ်ထုတ်သူ နိုင်ငံရေးသမားတစ်ဖြစ်လည်း ခရိုနီကြီးများက ရဟန်း၊ သံဃာအရှင်မြတ်တို့ကို ချဉ်းကပ်လာလတ္တံ့။ ဘာသာရေးကို နိုင်ငံရေးမှာအသုံးမချသူကို မိစာဒိဋ္ဌိဟု စွပ်စွဲကြလတ္တံ့။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြွေးကြော်သူ လူထုခေါင်းဆောင်ကို အမျိုးဘာသာမကာကွယ်နိုင်ဟု ယိုးစွပ်ကြလတံ္တ့”ဟု သတင်းစာဆရာရဲမိုးရေးသားသည့် ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်ထုတ် 7Day သတင်းစာ၏ နိုင်ငံရေးမျက်လှည့်(သို့မဟုတ်) လှည့်စားမှုအနုပညာဆောင်းပါးတွင် ဖော်ပြထားသည်။

အင်္ဂလိပ်လူမျိုး စာရေးဆရာဂျူလီယန်ဘန်းစ်က မျိုးချစ်ဝါဒအနက်ကို အောက်ပါအတိုင်းဖွဲ့ဆိုခဲ့သည်။

“အကြီးမြတ်ဆုံး မျိုးချစ်ဝါဒဆိုတာ ကိုယ့်နိုင်ငံက ဂုဏ်သိက္ခာမရှိစွာ၊ မိုက်မဲဆိုးရွားစွာ ပြုမူနေချိန်မှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ရဲမှုဖြစ်တယ်”ဟု ဂျူလီယန်ဘန်းစ်က ဖွဲ့ဆိုခဲ့သည်။

ဘာသာရေးအစွန်းရောက်နှင့် အမျိုးသားရေးကိုင်စွဲကာ နိုင်ငံရေးလုပ်စားသူများက အမုန်းစကားများ တွင်တွင်ကြီးပြောဆို ၀ါဒဖြန့်နေသော်လည်း သာမန်ပြည်သူအများစုက အေးချမ်းစွာနေလိုနေကြသည်။ ပဋိပက္ခများ ထပ်မံမလိုလားကြတော့။

“အရင်တစ်ခါဖြစ်တာ ကံကောင်းလို့ကိုယ့်အိမ်မပါတယ်။ ဒီပြဿနာကို ဘယ်နေရာမှ မဖြစ်စေချင်ပါဘူး”ဟု မိတ္ထီလာမြို့ ချမ်းအေးသာယာရပ်ကွက်မှ ဦးထွန်းထွန်းဦးကပြောသည်။

“ဒီနိုင်ငံမှာ လူမျိုးပေါင်းစုံနေထိုင်တဲ့အတွက် ကျောင်းပညာရေးပြဋ္ဌာန်းချက်တွေမှာ ဘာသာပေါင်းစုံကို နားလည်နိုင်တဲ့ သင်ရိုးတွေ ပြဋ္ဌာန်းလိုက်ရင် အနည်းငယ်တော့ ထိခိုက်ရှနာအပေါ်မှာ ခွင့်လွှတ်နိုင်မယ်လို့ ထင်တယ်။ နိုင်ငံတော်မီဒီယာကလည်း ဘာသာပေါင်းစုံအစီအစဉ်တွေကို ပြုလုပ်ပေးသင့်တယ်”ဟု မြန်မာမွတ်စလင်လူငယ်များက အစိုးရပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပါဝင်နိုင်ရန်နှင့် မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ယှဉ်တွဲနေထိုင်နိုင်ရန်အတွက်ပြုလုပ်သော မွတ်စလင်လူငယ်ဖိုရမ်အား ဦးဆောင်ပြုလုပ်သူ ကိုမောင်မောင်စိုးကပြောသည်။

ဘာသာမတူသူများကြား ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်သောအစဉ်အလာများ မြန်မာနိုင်ငံတွင်ရှိခဲ့ပါသည်။ ထိုသို့ ယှဉ်တွဲနေထိုင်ရန် နည်းလမ်းများလည်း ရှိနေပါသည်။ လူကိုလူဟုအသိအမှတ်ပြုပြီး ကိုးကွယ်သောဘာသာ၊ အရေပြားအရောင်မခွဲခြားဘဲ လူတစ်ဦးချင်းစီ၏ မူလအခွင့်အရေးကို လေးစားလိုက်နာရုံ၊ စာနာစိတ်ရှိရုံဖြင့် ပြဿနာများပြေလည်နိုင်ပါသည်။

“ဒီနိုင်ငံမှာနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ မြန်မာနိုင်ငံသားဖြစ်တယ်ဆိုတာကို လက်ခံဖို့လိုတယ်။ တိုင်းပြည်မှာ တိုင်းရင်းသားတွေအများအပြားရှိတယ်ဆိုတာကို အသိအမှတ်ပြုဖို့လိုတယ်။ ဒါကို လက်မခံဘူးဆိုရင် ပြဿနာကပြီးမှာမဟုတ်ဘူး”ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန၊ အပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောသည်။

“ယေရှုပြောတာတွေ၊ ကိုရန်ကျမ်းထဲကဟာတွေမှာလည်း ဒီသဘောတရားမျိုးကို တွေ့ရမှာပါ။ အဓိကကတော့ ဘယ်ဘာသာဝင်ပဲဖြစ်ပါစေ ကိုယ်စိတ်နှလုံးငြိမ်းချမ်းနေစေဖို့ မေတ္တာတရားကို သယ်ဆောင်ထားပါမယ်။ ပြီးဒီမြေမှာနေတဲ့ လူအားလုံးကိုလည်း မေတ္တာထားသင့်ပါတယ်”ဟု ဗုဒ္ဓ၏ ၀ိပဿနာပြန့်ပွားရေးအတွက် အနောက်နိုင်ငံများ၌ လုပ်ဆောင်နေသော အမေရိကန်နိုင်ငံသား ဒေါက်တာဂျက်ကွန်းဖီးလ်ဒ်ကဆိုသည်။

“လူတွေက ကိုယ့်ဘာသာကို အကောင်းဆုံးထင်လို့ ယူထားတာပဲ။ ကျန်တဲ့သူများဘာသာကိုလည်း လေးစားရမယ်။ ကိုယ့်ဘာသာကလွဲပြီး ကျန်တဲ့ဘာသာကို ဂရုမစိုက်ဘူး။ မလေးစားဘူးဆိုရင် ယှဉ်တွဲနေလို့မရဘူး။ ဘာသာရေးနဲ့ဆိုင်တဲ့ ပညာရေးတွေပေးရမယ်”ဟု ရန်ကုန်တိုင်းမှော်ဘီမြို့ ဘုရားကျောင်းတစ်ခုတွင် ဂရိဘာသာသင်ကြားပေးနေသော ခရစ်ယာန်ဘာသာဝင် လီဆူးလူငယ်တစ်ဦးဖြစ်သူ ကိုဂျေဆာရေ့ကလည်း သူ၏အမြင်ကိုပြောသည်။

မြန်မာနိုင်ငံတွင် အမုန်းစကား(Hate Speech )များ ဟောပြောမှုပိုများလာနေပြီး ထိုအခြေအနေမှာ နိုင်ငံကို ဘေးဒုက္ခရောက်စေမည့်ဘက်သို့ ဦးတည်နေကြောင်း ဒေါက်တာဂျက်ကွန်းဖီးလ်ဒ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြောကြားသည်။

ထို့အပြင် အမုန်းစကားပြောကြားဝါဒဖြန့်ပြောကြားမှုများ ဆက်လက်တွင်ကျယ်နေပါက မြန်မာနိုင်ငံအနာဂတ် မည်သို့ဖြစ်နိုင်ကြောင်းကိုလည်း ဒေါက်တာဂျက်ကွန်းဖီးလ်ဒ်က သတိပေးခဲ့သည်။

“မြန်မာနိုင်ငံအတွက် ရွေးချယ်စရာ နှစ်လမ်းရှိပါတယ်။ တစ်လမ်းက ပဋိပက္ခနဲ့ဆင်းရဲခြင်းလမ်း၊ နောက်တစ်လမ်းက ငြိမ်းအေးမှုနဲ့ တိုးတက်ခြင်းဆီသွားတဲ့လမ်းပါ။ ငြိမ်းအေးတဲ့လမ်းကိုသွားတာဟာ နောင်လာမယ့်ကိုယ့်သားသမီး မြေးမြစ်တွေ၊ မျိုးဆက်တွေအတွက် လုပ်ပေးတာပါ”။

မြန်မာနိုင်ငံကို ကမ္ဘာက ချမ်းသာကြွယ်ဝသည်ဟုမြင်ရာတွင် ကျောက်သံပတ္တမြားနှင့် သစ်တောကြောင့်သာမကဘဲ နှစ်ပေါင်းထောင်ချီသယ်ဆောင်လာခဲ့သော ဗုဒ္ဓ၏ဓမ္မတရားနှင့် မတူကွဲပြားသော ယဉ်ကျေးမှုများကိုပါ ညွှန်းဆိုခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီနိုင်ငံဟာ စိတ်နှလုံးကြွယ်ဝတဲ့နိုင်ငံအဖြစ် တောက်ပတဲ့အလင်းရောင်တစ်ခုအနေနဲ့ ကမ္ဘာမှာစံနမူနာရှိခဲ့ပါပြီ။ အဲဒါကို ဆက်လက်ထိန်းသိမ်းသင့်ပါတယ်။ မတူကွဲပြားတဲ့ လူအုပ်စုတွေ အတူယှဉ်တွဲပြီးနေနိုင်တယ်ဆိုတဲ့စံနမူနာ ကမ္ဘာကိုပြသင့်ပါတယ်”ဟု ဒေါက်တာဂျက်ကွန်းဖီးလ်ဒ်ကတိုက်တွန်းသည်။ ။

ရေးသားသူ- ငြိမ်းချမ်း
7Day News Journal


မြန်မာရဲ့ဘယ်ဝိသေသ ကမ္ဘာကိုပြမလဲ မြန်မာရဲ့ဘယ်ဝိသေသ ကမ္ဘာကိုပြမလဲ Reviewed by သစ်ထူးလွင် on 03:30 Rating: 5
Powered by Blogger.