မန္တလေး၊ ဖေဖော်ဝါရီ ၎
ပြည်တွင်း လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိက ကုမ္ပဏီအချို့ ဓာတ်အား ပျောက်ဆုံးမှု များကြောင့် လုပ်ငန်းများ အရှုံးပေါ်လျက်ရှိရာ ယင်းကဲ့သို့ ဓာတ်အားပျောက်ဆုံးမှုကို လျှော့ချရန် ယခုနှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ လျှပ်စစ်အင်ဂျင်နီယာ ဌာန များကို နည်းပညာနှင့် လုပ်ထုံးလုပ်နည်းများ မျှဝေသွားမည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံး အတွက် ဓာတ်အား ပျောက်ဆုံးမှုကို လျှော့ချရေး အစမ်းစီမံချက် အတွက် လိုအပ်သော နည်းပညာနှင့် လုပ်ထုံးလုပ်နည်း များကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆောင်၍ ၂၀၁၃ ခုနှစ်အတွင်း ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီး တို့ကို မျှဝေခဲ့ပြီး ကျန်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကိုလည်း ယခုနှစ်အတွင်း ဝန်ကြီးဌာန လမ်းညွန်ချက်ဖြင့် ဆက်လက် မျှဝေသွားမည် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ထပ်မံရှင်းပြသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အင်ဂျင်နီယာ များက ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေး အစမ်း စီမံချက်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလက စတင်ဆောင်ရွက် ခဲ့ပြီး အဆိုပါ စီမံချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လျှပ်စစ် အင်ဂျင်နီယာ များအတွက် နည်းပညာများ ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ဒုတိယတိုင်း အင်ဂျင်နီယာ ဦးဆောင်သော ၁၂ ဦးပါ အဖွဲ့သည် ဓာတ်အားပျောက်ဆုံးမှု လျှော့ချရေးအတွက် ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက အင်ဒိုနီးရှားနိုင်ငံသို့ နှစ်ပတ်ကြာ သွားရောက်လေ့လာ ခဲ့ပြီး အဆိုပါ အဖွဲ့နှင့် အင်ဒိုနီးရှားနိုင်ငံမှ ပညာရှင်နှစ်ဦး မြန်မာနိုင်ငံသို့ လိုက်ပါလာကာ မန္တလေး တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ပျောက် ဆုံးမှု လျှော့ချပေးရေးပညာရှင် ခြောက်ဦးပါ အဖွဲ့တစ်ဖွဲ့စီ ခွဲ၍ ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ပြင်ဦးလွင်မြို့နှင့် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်၊ ရွှေပြည်သာမြို့နယ် တို့တွင် ဓာတ်အားပျောက်ဆုံးမှု လျှော့ချရန် အတွက် လေ့လာမှုများ ဆောင်ရွက်ခဲ့ ကြောင်း ယင်းဌာနထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ဆောင်ရွက်နေသော မိုးကုတ် Image လျှပ်စစ်ကုမ္ပဏီသည် တစ်လလျှင် ကျပ်သိန်း ၄၀၀ ကျော်ခန့် အရှုံးပေါ်နေသဖြင့် ဆက်လက်၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး အတွက် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း မန္တလေးတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ တစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုသည် စုစုပေါင်း သုံးစွဲမှု၏ ၂၀ ရာခိုင်နှုန်းကျော် ရှိပြီး အင်ဒိုနီးရှားနိုင်ငံတွင် ဓာတ်အားပျောက်ဆုံး မှု ၁၀ ရာခိုင်နှုန်းသာ ရှိကြောင်း ယင်းဌာနထံမှ သိရသည်။
The Voice Weekly

တစ်နိုင်ငံလုံး ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင်ရေး နည်းပညာ မျှဝေသွားမည်
Reviewed by သစ်ထူးလွင်
on
01:52
Rating: