ချောင်းအတွင်း ကလေးငယ်နှစ်ဦး ရေနစ်သေဆုံး

ရေစီးသန်သည့်ချောင်းတွင် သူငယ်ချင်းသုံးယောက် ခရုစမ်းရာမှ ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးမှုများ ပဲခူးတိုင်းပြည် ပြည်မြို့နယ်တွင် ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု ပြည်မြို့ အမှတ်(၃) ရဲစခန်းမှူး ရဲအုပ်စိုးလှိုင်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဖယောင်းစက်လမ်း၊ သစ်တောရုံးအနီး နေထိုင်သူများဖြစ်သည့် မောင် ဖိုးခွား အသက်(၁၅)နှစ်နှင့် မောင်ဖြိုးကိုကို အသက်(၁၄)နှစ်တို့သည် မူယာပင်ရပ်ကွက်နေ မောင်ပြည့်စုံ အောင် အသက်(၂၁)နှစ်နှင့်အတူ ငါးရွာကျေးရွာအုပ်စု၊ ရှမ်းစုရွာ အနောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေစီးသန်သည့် န၀င်းချောင်းသို့ ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သွားရောက် ခရုစမ်းခဲ့ကြ ဟု ရဲမှတ်တမ်းတွင်ပါရှိသည်။

ယင်းသို့ခရုစမ်းနေစဉ် မောင်ဖြိုးကိုကို ရေနစ်သွားသည်ကို မောင်ဖိုးခွားမှ ဆင်းကယ်ခဲ့ရာတွင် နှစ်ဦးစလုံး ရေနစ်သွားပြီး ယင်းသို့ရေနစ်နေစဉ် ရေမနစ်ဘဲ ကျန်ခဲ့သူ မောင်ပြည့်စုံအောင်က ဆင်းမကယ်ရဲဘဲ ပတ်ဝန်း ကျင်သို့ အော်ဟစ်အကူအညီ တောင်းခံခဲ့သည်ဟုဆိုကြောင်း စခန်းမှူး ရဲအုပ်စိုးလှိုင်ဦးက ပြောသည်။

“အဲဒီမှာ ရေတံခွန်ပုံလေးဖြစ်နေတယ်။ချောင်းကွေ့လေးလို၊ ၀ဲလေးလိုလဲဖြစ်နေတယ်။ ခုလိုအချိန်က ရေစီး သန်တယ်။ သူငယ်ချင်း သုံးယောက်တိုင်ပင်ပြီး ခရုစမ်းမယ်၊ ရေကူးမယ်ဆိုပြီး လာကြတယ်။အငယ်ကောင်လေး ရေအရင်နစ်သွားတယ်။ ဖိုးခွားက ဆင်းဆယ်တယ်။ ထပ်နစ်တယ်။ ကျန်တဲ့ကောင်လေးက မဆယ်ရဲ တော့ဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ အကူအညီတောင်းခံသော်လည်း ရေနစ်သူ မောင်ဖြိုးကိုကိုနှင့် မောင်ဖိုးခွားနှစ်ဦးမှာ ဆယ်မည့်သူ ရောက်မလာမီ သေဆုံးခဲ့ရသည်။ သေဆုံးသွားသော ကလေးငယ်နှစ်ဦး၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ပါးစပ်မှ အမြှုပ်များထွက်နေကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခြင်းနှင့် ပတ်သက်၍ ပြည်မြို့အမှတ်(၃)ရဲစခန်းတွင် သေမှုသေခင်းအမှတ် ၂/၂၀၁၄ ဖွင့် လှစ်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ရေခဲ(ပြည်)
Mizzima - News in Burmese


ချောင်းအတွင်း ကလေးငယ်နှစ်ဦး ရေနစ်သေဆုံး ချောင်းအတွင်း ကလေးငယ်နှစ်ဦး ရေနစ်သေဆုံး Reviewed by သစ်ထူးလွင် on 12:38 Rating: 5
Powered by Blogger.