သဲကုန်း သပိတ်စခန်း ဖြိုခွဲသူများကို ထိခိုက် ဒဏ်ရာ ရသူများက တရားစွဲမည်


သဲကုန်း၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်း သဲကုန်း မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က သပိတ်စခန်း ဖြိုခွဲ ခံရချိန်အတွင်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သူများက ဖြိုခွဲသူများကို တရားရုံးသို့ ဦးတိုက် လျှောက်ကာ တရားစွဲဆို သွားမည် ဖြစ်ကြောင်း သပိတ်စခန်းရှိ တောင်သူများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များနှင့် အချင်းများစဉ် သပိတ်စခန်းရှိ တောင်သူများကို ဖြိုခွဲသူများက ထိခိုက် ဒဏ်ရာရအောင် လုပ်ဆောင်ခဲ့မှု အပေါ် အမှုဖွင့်ပေးရန် တောင်းဆိုခဲ့ သော်လည်း လက်မခံသည့် အတွက် ရဲစခန်းတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထား ခံရသူ လေးဦး တရားရုံး စတင် တက်သည့်နေ့တွင် ဦးတိုက်လျှောက်ကာ တရားစွဲဆိုမည် ဖြစ်ကြောင်း တောင်သူ ဦးပေါက်စက ဆိုသည်။

သပိတ်စခန်း ဖြိုခွဲမှုကြောင့် ဒဏ်ရာ ရခဲ့ပြီး ပုဒ်မ ၁၈ဖြင့် အမှုဖွင့် ခံထားရသူ ဒေါ်ညိုက “ကျွန်မတို့ကို ဆံပင်တွေ ဆောင့်ဆွဲတယ်။ အကြမ်းဖက် ခံရတယ်။ ဆွဲလား ရမ်းလား လုပ်တာကြောင့် အင်္ကျီတွေ၊ ချွေးခံ အင်္ကျီတွေ အထိ ပြဲခဲ့ရတယ်။ တွန်းခံရလို့ အုတ်ခဲပေါ် ကျပြီး ဒဏ်ရာ ရခဲ့ရတယ်။ ရုံးချိန်းကတော့ မသိရသေးပေမယ့် ရုံးတက်တဲ့နေ့မှာ တရားစွဲမယ်” ဟု ဆိုသည်။

သဲကုန်း မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်း ဖြိုခွဲခံရပြီး နောက်တွင် အောင်ကုန်းရွာတွင် သပိတ်စခန်း ဆက်လက် ဖွင့်ထားဆဲ ဖြစ်ပြီး ဖေဖော်ဝါရီလ၂၁ ရက်၊ နံနက်က ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်နှင့် သပိတ်စခန်း ဖြိုခွဲစဉ်က ပါခဲ့သည့် အရပ်ဝတ် ဝတ်ဆင် ထားသူများ ရွာထဲ ဝင်လာပြီး ပုဒ်မ ၁၈ နှင့် အမှု ဖွင့်ထားသဖြင့် ရဲစခန်းသို့ လိုက်ပါရန် အင်အားသုံး ခေါ်ဆောင်ခဲ့သော်လည်း သပိတ်စခန်းရှိ တောင်သူများက ငြင်းဆန်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးအောင်ကျော်က “ရဲအင်အား ၁၀ ဦးလောက်နဲ့ သွားခဲ့တာ၊ စီတန်း ၁၈ နဲ့ တရားစွဲထားတာ ရှိတယ်။ အာမခံကို ကိုယ်တိုင် ခံဝန်နဲ့လည်း ပေးထားတယ်။ ရဲစခန်းကို လာဖို့ သွားခေါ်တာ။ ရပ်ထောက်ကူ အဖွဲ့တွေ၊ ရပ်မိရပ်ဖ တွေလည်း ပါပါတယ်။ ကျွန်တော်တို့ တရားရုံးကို တစ်ခါတည်း စွဲတင်သွားမှာပါ။ သပိတ်စခန်း ဖွင့်ထားတာတော့ မရှိပါဘူး။ နေအိမ်မှာပဲ သူတို့အဖွဲ့ လေးငါး ခြောက်ယောက် ဖွဲ့ပြီး နေတာပါ” ဟု ဆိုသည်။

သဲကုန်း မြို့နယ်ရှိ ကျေးရွာ ခြောက်ရွာ အတွင်းမှ သိမ်းဆည်းထားသော လယ်မြေ ဧကများကို ဖြေရှင်းပေးရန်၊ အင်းမရေထိန်း တမံကြောင့် ဖြစ်ပေါ်လာသည့် လယ်ယာမြေ ပြဿနာများကို ဖြေရှင်းပေးရန်နှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ပြန်လည် ရရှိရန်အတွက် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တောင်သူ ၃၀ ခန့်က သဲကုန်းမြို့နယ် ခန်းမရှေ့၌ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် သပိတ်စခန်း ဖြိုခွဲ ခံရပြီးနောက် အောင်ကုန်း ကျေးရွာတွင် ဆက်လက် သပိတ်စခန်း ဖွင့်ကာ မြေယာများကို လက်ဝယ် ပိုင်ဆိုင်ထားသည့် ပုဂ္ဂလိက ငါးမွေးကန်များ ရှေ့တွင် ဆန္ဒပြ တောင်းဆိုနေကြောင်း ကျေးရွာ ဒေသခံများထံမှ သိရသည်။

The Voice Weekly


သဲကုန်း သပိတ်စခန်း ဖြိုခွဲသူများကို ထိခိုက် ဒဏ်ရာ ရသူများက တရားစွဲမည် သဲကုန်း သပိတ်စခန်း ဖြိုခွဲသူများကို ထိခိုက် ဒဏ်ရာ ရသူများက တရားစွဲမည် Reviewed by သစ်ထူးလွင် on 12:44 Rating: 5
Powered by Blogger.