အစိုးရအဖွဲ့၏ လွှတ်တော်အတွင်း အဖြေများမှာ အခြေခံဥပဒေပြဋ္ဌာန်းချက်ကို ကျော်လွန်လျက်ရှိ


ပြည်သူ့ ကိုယ်စားလှယ်များ၏ မေးခွန်းတို့ အပေါ် အစိုးရအဖွဲ့က ဖြေကြားမှု များသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များကို ကျော်လွန်လျက်ရှိကြောင်း သာပေါင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဝင်းသန်းက ပြောသည်။

“ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် အစိုးရအဖွဲ့ရဲ့ အဖြေတွေ၊ စဉ်းစားပုံ စဉ်းစားနည်းတွေဟာ ဖွဲ့စည်း ပုံ အခြေခံဥပဒေကို ကျော်လွန်နေတယ်၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကိုယ်စားလှယ်တွေ တင်ပြမေးမြန်းတဲ့ အပေါ်မှာ အစိုးရအဖွဲ့က စဉ်းစားတာက မြို့နယ်မှာရှိတဲ့ အဖွဲ့အစည်း အသီးသီးရဲ့ တင်ပြချက် တွေမှာ ပါလာမှ ဆောင်ရွက်မယ့် ပုံစံမျိုး၊ ဒီလို စဉ်းစားနည်းကို လုပ်ထုံးလုပ်နည်း တစ်ရပ်အနေနဲ့ ကျင့်သုံး မယ်သာဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ က ခုနပြော သွားပါတယ်” ဟု ၎င်းက ပြောခြင်းဖြစ်သည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ အစီအစဉ်ပါ မေးခွန်း များကို ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ၀န်ကြီးတစ်ဦးက ဖြေကြားသွားသည့် အနေအထားအပေါ် လွှတ် တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဝေဖန်ထောက်ပြခဲ့သည့် စကားရပ်ကို ဦးဝင်းသန်းက ပြန်လည် ရှင်းပြခဲ့ခြင်း ဖြစ်သည်။

သနပ်ပင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ၎င်း၏ မဲဆန္ဒနယ်တွင် မြေသားလမ်း မကြီး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိမရှိ မေးခွန်းအပေါ် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ အောင်မြတ်ဦးက ၎င်းဝန်ကြီးဌာန အောက်ရှိ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ရန်ပုံငွေတွင် အဆိုပါ အစီအစဉ် မပါဝင် ကြောင်း၊ ကျေးရွာဖွံ့ဖြိုးမှု အထောက်အကူပြုအဖွဲ့က စာရင်းပြုစု၍ မြို့နယ်ဖွံ့ဖြိုးမှု အထောက်အကူပြု အဖွဲ့၏ စိစစ်ထောက်ခံချက်နှင့် ဦးစားပေး အစီအစဉ်ဖြင့် တင်ပြ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှတစ်ဆင့် ဆက်လက်တင်ပြလာပါက နီးစပ်ရာ ဘဏ္ဍာရေးနှစ်တွင်လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဤသို့ ဖြေကြားအပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “၀န်ကြီးဌာနရဲ့ ရှင်းလင်းတင်ပြ ချက်တွေကိုပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူတွေရဲ့ အကျိုးစီးပွား အတွက် သက်ဆိုင်ရာ နယ်မြေအလိုက် တင်ပြလာတာကို အလေးထား မှတ်သား ဆောင်ရွက်ဖို့ လိုပါ တယ်။ အခု ဖြေတဲ့နေရာမှာ သက်ဆိုင်ရာ ကျေးလက် အထောက်အကူပြုအဖွဲ့များက တင်ပြခဲ့ရင် ဒါကို မြို့နယ်စီမံခန့်ခွဲရေး ကော်မတီကဆက်လက်တင်ပြလာတဲ့အခါမှ စဉ်းစားဆောင်ရွက်ပေးမယ်ဆိုတာဟာ ဒီနေ့ နိုင်ငံရဲ့ တည်ဆောက်ထားတဲ့စနစ်နဲ့ မသွေဖည်သွားအောင် စဉ်းစားဖို့လိုပါတယ်” ဟု ဝေဖန် ထောက်ပြခဲ့သည်။

ထို့အပြင် ၎င်းက လွှတ်တော်အစည်းအဝေး ခန်းထဲရှိ ပြည်သူ့ကိုယ်စားလှယ်များသည် ပြည်သူများ၏ ဆန္ဒသဘောထားနှင့် လိုအပ်ချက်များကို ပြည်သူ့ကိုယ်စားတရားဝင် တင်ပြနေခြင်းဖြစ်ကြောင်း၊ ယခု ဖြေကြားသည့် သက်ဆိုင်ရာမြို့နယ် အထောက်အကူပြု ကော်မတီ၊ စီမံခန့်ခွဲရေး ကော်မတီတို့က တင်ပြလာတော့မှ ဆောင်ရွက်ပေးမည်ဆိုသည်မှာ ယနေ့ခေတ်၊ ယနေ့စနစ်နှင့် အံဝင်ခွင်ကျ ရှိ၊ မရှိ ပြန်လည် သုံးသပ်ဖို့လိုကြောင်း၊ ယခုကဲ့သို့ ရှင်းလင်းတင်ပြရခြင်းမှာ လက်ရှိ စနစ်ကို နားလည်လက်ခံဖို့ ပြည်သူများကို လေးစားဖို့ ပြည်သူများက ရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များကို တန်ဖိုးထားဖို့၊ အလားတူပင် ပြည်သူ့ကိုယ်စားလှယ်များကလည်း ပြည်သူ့ကိုယ်စား ဆောင်ရွက်ရာတွင် မှန်မှန် ကန်ကန် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ကြဖို့ လိုအပ်ပါကြောင်းလည်း ၎င်းင်းက တိုက်တွန်းပြောကြားခဲ့သည်။

ဤသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ထောက်ပြရလောက်သည့် မွေး/ရေဒုတိယ၀န်ကြီး၏ ဖြေကြားချက် အပေါ် အခြားသော ကိုယ်စားလှယ်တို့ကလည်း ဤသို့ ထောက်ပြကြသည်။ “ ဒီမိုကရေစီနိုင်ငံဆိုတာ က ပြည်သူ့အသံကို နားထောင်တာပါ၊ မွေး/ရေ ဒု-၀န်ကြီးပြောတာက အစိုးရကဖွဲ့ထားတဲ့ လုပ်ငန်း အထောက် အကူပြုကော်မတီတွေက တင်ပြလာမှ ဆောင်ရွက်ပေးမယ်ဆိုတော့ ဒီမိုကရေစီ စံနှုန်းနဲ့အံချော်သွားတယ်” ဟု ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ပြောသည်။

ယခု မွေး/ရေ ဒု-၀န်ကြီးကဲ့သို့ပင်အခြားသော ၀န်ကြီးအချို့တို့သည်လည်း ပြီးခဲ့သည့် အဋ္ဌမပုံမှန်အစည်း အဝေးများကတည်းက အလားတူ အဖြေမျိုးပေးခဲ့ကြကြောင်း သာပေါင်းမဲဆန်္ဒနယ်မှ ဦးဝင်းသန်းက ဖြည့် စွက်ပြောသည်။ ၂၀၁၃ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်းတယမြို့နယ် အတွင်း ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံတစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန သုံးခုတို့ကို ၀န်ကြီးဌာနက တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကိုလည်းကောင်း၊ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်၌ ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံအတွက် ခွဲစိတ်ခန်းနှင့် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းကိုလည်းကောင်း၊ ၂၀၁၃ စက်တင်ဘာ ၁၃ ရက်၌ စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ် ပြည် သူ့ဆေးရုံ အကြီးစားပြင်ဆင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းကိုလည်းကောင်း၊ အလားတူ အသုံးအနှုန်းမျိုး၊ စဉ်းစားပုံမျိုးဖြင့် ဖြေကြားခဲ့သည်ဟု ဦးဝင်းသန်းက ရှင်းပြသည်။

စိုးသန်းလင်း
Mizzima - News in Burmese

ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ကျင်းပသော ပြည်သူ့ လွှတ်တော်အစည်း အဝေးတွင် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက သနပ်ပင်မြို့နယ်၊ မင်းရွာကျေးရွာမှ ကျီးပင်စုကျေးရွာသို့ ဆက်သွယ်သည့် မြေသား လမ်းမကြီးအား ဖောက်လုပ်ပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်း၍ မွေးမြူရေးနှင့် ရေလုပ်ငန်းမှ ဒု-ဝန်ကြီး ဒေါက်တာအောင်မြတ်ဦးက  မင်းရွာ-ကျီးပင်စုလမ်းအား လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါ ကြောင်းပြန်လည် ဖြေကြားခဲ့သည်။


အစိုးရအဖွဲ့၏ လွှတ်တော်အတွင်း အဖြေများမှာ အခြေခံဥပဒေပြဋ္ဌာန်းချက်ကို ကျော်လွန်လျက်ရှိ အစိုးရအဖွဲ့၏ လွှတ်တော်အတွင်း အဖြေများမှာ အခြေခံဥပဒေပြဋ္ဌာန်းချက်ကို ကျော်လွန်လျက်ရှိ Reviewed by သစ်ထူးလွင် on 11:25 Rating: 5
Powered by Blogger.