စစ်ဘက်မှ အဓမ္မပြုကျင့်မှုများ တရားစီရင်မှု ပွင့်လင်းမြင်သာရန် ပုဒ်မ ၃၄၃ ပြင်ဆင်ပေးရန် တောင်းဆို


ဇန်န၀ါရီအတွင်း ဖြစ်ပွားခဲ့သည့် မွန်အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုအပါအ၀င် အရပ်ဘက်အမျိုးသမီးများအပေါ် စစ်ဘက်က အဓမ္မပြုကျင့်မှုများ မကြာခဏကျူးလွန်မှုများကို စစ်ဘက်ကသာ တရားစီရင်လျက်ရှိသောကြောင့် လုပ်ပိုင်ခွင့်ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၃ ကို ပြင်ဆင်ပေးရန် အမျိုးသမီးများကွန်ရက်က ဖေဖော်ဝါရီ ၂၃ ရက် ၌ တောင်းဆိုလိုက်သည်။

““ကျွန်မတို့ အရမ်းသိချင်တယ်။  ကျူးလွန်တဲ့သူကို ဘယ်လို အပြစ်ဒဏ်ချလိုက်သလဲ။ ဘယ်လိုလုပ်မှာလဲ သိချင်တယ်။ ဒါပေမဲ့ သူတို့ဘက်က ဘယ်သောအခါမှ ထုတ်ပြန်လေ့မရှိဘူး။ စစ်ဘက်တရားစီရင်ခွင့်ကို ကျွန်မတို့ ကန့်ကွက်ပါတယ်””ဟု အမျိုးသမီးကွန်ရက်တွင် ပါဝင်သည့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ အမျိုးသမီးအဖွဲ့ချုပ်မှ မစုစုဆွေက ပြောသည်။

ယခင်ကတည်းက စစ်ဘက်ကကျူးလွန်သည့် အဓမ္မမှုများအပေါ် စစ်တပ်က တရားစီရင်လိုက်သော်လည်း ပြစ်ဒဏ်မည်မျှချမှတ်ခဲ့သည်၊ မည်သို့အပြစ်ပေးလိုက်သည်ကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိကြောင်း၊ ထိုကြောင့် စစ်တပ်က တာဝန်ယူပြီး တရားစီရင်ချက်ချခြင်းသည် တရားခံနှင့် တရားလိုအတွက် တရားမျှတမှု ရှိ၊ မရှိကို သံသယရှိကြောင်း အမျိုးသမီးကွန်ရက်တွင် ပါဝင်သူများကဆိုသည်။

““ကျွန်မကတော့ အရပ်ဘက်တရားရုံးမှာ တရားစွဲခွင့်ပေးတာ ကြိုက်တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇) ပုဒ်မ ၃၄၃ မှာက စစ်တပ်က စီရင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတော့ ရဲက အမှုကိုလက်ခံပေမယ့် ကာကွယ်ရေးဦးစီးချုပ်ကလွဲရင် စီရင်ခွင့်မရှိဘူး။ ဒီဥပဒေက ဖျက်သိမ်းသင့်တယ်””ဟု အမျိုးသမီးများကွန်ရက်တွင် ပါဝင်သည့် တက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှက ပြောသည်။

ဇန်န၀ါရီအတွင်းက အကြမ်းဖက်ကျူးလွန်ခံရသူ မွန်တိုင်းရင်းသူအမှုတွင် အကြမ်းဖက်ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော အမြောက်တပ်မှ ဒုတိယတပ်ကြပ်အမှုကို အစိုးရက တာဝန်ယူလုပ်ဆောင်ပေးရန် တိုက်တွန်းထားပြီး အပြစ်မဲ့အမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်မှုများ ဆက်လက်မဖြစ်ပေါ်ရန် အထူးအလေးထားဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ထို့အပြင် အစိုးရအနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ အမှန်တကယ်ဖြေရှင်းလိုသည့်စိတ်ဆန္ဒရှိပါက ယခုဖြစ်ပွားခဲ့သော အမှုများအား အထူးအလေးထားဆောင်ရွက်ပေးရန်နှင့် ထိရောက်သော စုံစမ်းစစ်ဆေး အရေးယူပေးရန် အမျိုးသမီးများအဖွဲ့ချုပ်ကလည်း တိုက်တွန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၇)ပုဒ်မ ၃၄၃ တွင် စစ်ဘက် တရားစီရင်ရာတွင် (က)တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။ (ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်ဟု ဖော်ပြထားသည်။

Author: အိဖြူမွန်
7day Daily

သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော အမျိုးသမီးကွန်ရက် ဓာတ်ပုံ - ကျော်ဇင်သန်း

စစ်ဘက်မှ အဓမ္မပြုကျင့်မှုများ တရားစီရင်မှု ပွင့်လင်းမြင်သာရန် ပုဒ်မ ၃၄၃ ပြင်ဆင်ပေးရန် တောင်းဆို စစ်ဘက်မှ အဓမ္မပြုကျင့်မှုများ တရားစီရင်မှု ပွင့်လင်းမြင်သာရန် ပုဒ်မ ၃၄၃ ပြင်ဆင်ပေးရန် တောင်းဆို Reviewed by သစ်ထူးလွင် on 13:25 Rating: 5
Powered by Blogger.