ပေ ၂၀ ပတ်လည်ခန့်ရှိသော စားသောက်ဆိုင်ခန်း လေးထဲရှိ စားပွဲဝိုင်း ခြောက်ခုတွင် လာရောက် စားသောက်သူ တစ်ယောက်မှ ရှိမနေ။ အဆိုပါဆိုင်လေးမှာ ယခုနေရာသို့ မပြောင်းရွှေ့ခင်က အရောင်းအ၀ယ်အလွန်ကောင်းခဲ့ပြီး စည်ကားခဲ့ဖူးသည်။ သို့သော် ဆိုင်ပြောင်းရွှေ့ပြီးနောက် နေရာသစ်၌ အရောင်းအ၀ယ် မဖြစ်တော့ဟု စားပွဲဝိုင်းတစ်ခုတွင် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ထိုင်နေသည့် အရောင်းတာဝန်ခံ ကပြောသည်။
ယခင် ရန်ကုန်မြို့လယ်ရှိ ကွန်ဒိုတစ်ခုတွင် ဖွင့်လှစ်စဉ်က စားသုံးသူအမြဲစည်ကားနေခဲ့သော်လည်း ဆိုင်ခန်းငှားခကို နှစ်ဆကျော်တိုးမြှင့်လိုက်သောကြောင့် ဆိုင်ငှားခမတတ်နိုင်၍ လှိုင်မြို့နယ် သံလမ်းမှတ်တိုင်အနီးရှိ ယခုဆိုင်ခန်းသို့ လွန်ခဲ့သောငါးလခန့်က ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။
“လုပ်ငန်းက အဆင်ပြေပေမယ့် ဆိုင်ခန်းခမတတ်နိုင်တော့တဲ့အတွက် တခြားနေရာတစ်ခုကိုပြောင်းပြီးတော့ ဖွင့်နေရတယ်။ နေရာအသစ်ဆိုတော့ ဖောက်သည်ရအောင် လုပ်ငန်းတွေကိုလည်း အသစ်ကပြန်စနေရတာကြောင့် သိပ်အဆင်မပြေဘူး”ဟု အရောင်းတာဝန်ခံကိုမျိုး(အမည်လွဲ)က သူ၏အခက်အခဲကိုရင်ဖွင့်သည်။
ဆိုင်ခန်း၊ ရုံးခန်း ငှားရမ်းခ တစ်ဟုန်ထိုးဈေးတက်သွား၍ ယခုလိုဖြစ်ရပ်မျိုးမှာ မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စား(SME) လုပ်ငန်းများ အဓိကကြုံတွေ့နေရသည့် ပြဿနာများထဲတွင် တစ်ခုဖြစ်သည်။ လုပ်ငန်းများ အရောင်းအ၀ယ်အဆင်ပြေသော်လည်း မြေနှင့် ဆိုင်ခန်းငှားရမ်းခကြီးလွန်းခြင်းနှင့် ငွေကြေးအရင်းအနှီး လုံလောက်စွာမရှိခြင်းတို့ကြောင့် အသေးစား၊ အလတ်စားလုပ်ငန်းများ ရှင်သန်ရပ်တည်ရန်မှာ ခက်ခဲနေသည်။
“အရင်ကတော့ စားသောက်ဆိုင်လေးဖွင့်ထားတာ တော်တော်လေးအဆင်ပြေတယ်။ နောက်တော့ အဲဒီနေရာက လူစည်လာပြီး မြေငှားခတွေတက်လာတာကြောင့် ဆိုင်ခန်းခမတတ်နိုင်တာနဲ့ နေရာပြောင်းပြီး ထမင်းဆိုင်လေးဖွင့်နေရတယ်။ အခုဆိုရင် လုပ်ငန်းအဆင်မပြေတာကြောင့် အလုပ်သမားတွေတောင် လျှော့ချလိုက်ရတယ်”ဟု ရွှေပေါက်ကံမြို့နယ်အတွင်းသို့ ရွှေ့ပြောင်း၍ ထမင်းဆိုင်ဖွင့်ထားသူ ဦးမောင်ကြီးကလည်း သူ၏အတွေ့အကြုံကိုပြောသည်။
နိုင်ငံတော်အစိုးရမှ အသေးစား၊ အလတ်စား (SME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ပေးနေသည်ဆိုသော်လည်း လက်တွေ့တွင် လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ရာမှာပင် ဌာနဆိုင်ရာများတွင် အဆင့်ဆင့်တင်ပြရပြီး သာမန်ပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုးကြီးနေသည်။ ထို့အပြင် ချေးငွေရရှိရန် တင်ပြပါကလည်း အပေါင်ပစ္စည်းရှိမှသာ ထုတ်ပေးသည့်အတွက် အဆိုသတ်မှတ်ချက်များ ဖြေလျော့ပေးရန်လိုအပ်နေကြောင်း SME လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေသူအချို့က သုံးသပ်ပြောကြားသည်။
“ဈေးဆိုင်လေးတစ်ခုဖွင့်တာကို စီးပွားရေးလုပ်ငန်းကြီးတစ်ခုလိုမျိုး ၀န်ကြီးဆီ အဆင့်ဆင့်တင်ပြနေမယ်ဆိုရင် သူကလည်း စိတ်ဝင်စားမှာမဟုတ်ဘူး။ အဆင့်ဆင့်တင်ပြနေစရာမလိုဘဲ တစ်ခါတည်းခွင့်ပြုပေးနိုင်ဖို့ လိုအပ်နေတယ်။ ဗဟိုထိန်းချုပ်မှုတွေရှိနေရင်တော့ SME လုပ်ငန်းတွေက သေနေမှာပဲ”ဟု အသေးစား၊ အလတ်စားများအား ချေးငွေထုတ်ပေးနေသည့် မင်္ဂလာမြန်မာအသေးစားချေးငွေလုပ်ငန်းမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာဘုန်းဝင်းကပြောသည်။
SME ဥပဒေထဲ၌ အသေးစားလုပ်ငန်းများဆိုသည်မှာ တစ်နှစ်ဝင်ငွေ ကျပ်သန်း ၅၀ အထိရှိသော လုပ်ငန်းများမှ ကျပ်သန်း ၁၀၀ အထိရှိသော လုပ်ငန်းများဟူ၍လည်းကောင်း၊ အလတ်စားလုပ်ငန်းများအနေဖြင့် တစ်နှစ်ဝင်ငွေကျပ်သန်း ၅၀ အထက်မှ ကျပ်သန်း ၁၀၀၀ အထိရှိသော လုပ်ငန်းများဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်သည့် တရားဝင်စာရင်းအရ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် SME လုပ်ငန်းပေါင်း ၁၂၀၀၀၀ ကျော်ရှိပြီး မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းကျော်ရှိသည်။
သို့သော် အဆိုပါ ၉၉ ရာခိုင်နှုန်းကျော်၏ လည်ပတ်နေသောငွေကြေးပမာဏမှာ အကြီးစားလုပ်ငန်းရှင်ကြီးများ၏ လည်ပတ်နေသော ငွေကြေးပမာဏနှင့်နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။
အဆိုပါအရေအတွက်မှာ မှတ်ပုံတင်ထားသည့် လုပ်ငန်းများ၏ ၈၅ ရာခိုင်နှုန်းအထိရှိသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် SME လုပ်ငန်းများမှာ အရေးကြီးလှသည်။
အသေးစား၊ အလတ်စားလုပ်ငန်းများကိုကူညီရန် ဖွဲ့စည်းထားသော အစိုးရအဖွဲ့အစည်းများမှာ အသေးစား၊ အလတ်စားဗဟိုကော်မတီ၊ အသေးစား၊ အလတ်စားလုပ်ငန်းကော်မတီ၊ အသေးစား၊ အလတ်စားဗဟိုဌာန၊ အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ် (SMIDB) အသေးစား၊ အလတ်စားလုပ်ငန်း စတင်ထူထောင်နိုင်ရေးအဖွဲ့နှင့် အဆိုပါအဖွဲ့၏အောက်တွင် တိုင်းဒေသကြီးအသီးသီး၌ အသေးစား၊ အလတ်စားလုပ်ငန်းအေဂျင်စီများရှိသည်။ သို့သော် လုပ်ငန်းရှင်အများစုမှာ အဆိုပါအဖွဲ့အစည်းများကို မည်သို့ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ကို သိရှိသူနည်းသည်။ ထို့အပြင် SME လုပ်ငန်းများကို အကူအညီပေးနေသော ပုဂ္ဂလိကအဖွဲ့အစည်းများမှာ UMFCCI ၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် အသေးစား၊ အလတ်စားဖွံ့ဖြိုးရေးကော်မတီနှင့် မင်္ဂလာမြန်မာအသေးစားချေးငွေလုပ်ငန်းစသည့် အဖွဲ့အစည်းနှစ်ခုနှင့် ကမ္ဘောဇဘဏ်နှင့် ရိုးမဘဏ်ကလည်း အဆိုပါလုပ်ငန်းများကို ချေးငွေထုတ်ပေးနေသည်။
အသေးစား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်အနေဖြင့် ချေးငွေထုတ်ပေးခြင်းကို ၂၀၁၂ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ လုပ်ငန်းရှင် ၆၂ ဦးကို အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ကျပ် ၁၀ ဘီလီယံ ထုတ်ချေးထားသည်ဟု ဆိုပါသည်။ ချေးငွေထုတ်ပေးရာတွင် အပေါင်ပစ္စည်းအပေါ်တွင်မူတည်၍ အနည်းဆုံး ကျပ်သိန်း ၂၀၀ မှ သိန်း ၅၀၀၀ ထိ ထုတ်ချေးပေးခဲ့ပြီး လက်ရှိအချိန်တွင် ဘတ်ဂျက်ကုန်နေသောကြောင့် ချေးငွေထုတ်ပေးခြင်းကို ရပ်ထားရကြောင်း ၎င်းဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာဦးတင်မောင်ဌေးကပြောသည်။
ချေးငွေထုတ်ပေးခဲ့သည့် လုပ်ငန်းအများစုမှာ ကုန်ထုတ်လုပ်ငန်းများသာဖြစ်ပြီး စားသောက်ဆိုင်နှင့် ဈေးဆိုင်ငယ်များကဲ့သို့ အသေးစားလုပ်ငန်းများ ပါဝင်ခြင်းမရှိသည့်အတွက် အဆိုပါလုပ်ငန်းလေးများအတွက် အရင်းအနှီးနှင့် နည်းပညာ ကူညီပံ့ပိုးမှုမှာ အားနည်းလွန်းလှသည်။
“လုပ်ငန်းတိုးချဲ့ဖို့အတွက် ဘဏ်မှာချေးတာ။ လုပ်ငန်းရှိတယ်၊ အောင်မြင်တယ်၊ မရဘူး။ မြေပြနိုင်မှတဲ့။ ရှစ်လွှာရှိတဲ့အထဲက တိုက်ခန်းသုံးခန်းပိုင်တာတောင် ကန်ထရိုက်တိုက်မို့လို့ မရဘူးတဲ့။ ချေးတာကလည်း သိန်း ၄၀၀၊ ၅၀၀ လောက်ချေးတာ။ ဒါကြောင့် အခုဆိုရင် လုပ်ငန်းတွေ ထပ်တိုးချဲ့လို့မရဘူး”ဟု ပြည်တွင်းဂျာနယ်တိုက်တစ်ခု၏ ပိုင်ရှင်တစ်ဦးကပြောသည်။
“SME လုပ်ငန်းတွေအတွက် ကြီးမားတဲ့လိုအပ်ချက်ဟာ နိုင်ငံတော်အစိုးရက အသိအမှတ်ပြုပြီးလုပ်ပေးဖို့ပဲ။ အခုအချိန်ထိ လုပ်ငန်းငယ်လေးတွေဟာ ဘယ်သူနဲ့ဆက်သွယ်ရမှန်း မသိဘူးဖြစ်နေတယ်။ လုပ်ငန်းတူတာလေးတွေ စုပြီးတင်ပြလာရင် အစိုးရကနားထောင်ပြီး သူတို့လုပ်ကိုင်နိုင်ဖို့အတွက် စီစဉ်ပေးရမယ်”ဟု ဒေါက်တာဘုန်းဝင်းကပြောသည်။
“အသေးစား၊ အလတ်စား ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် နည်းပညာ၊ ငွေရေးကြေးရေးတွေ ထောက်ပံ့ပေးဖို့လိုပါတယ်။ လုပ်တော့လုပ်ချင်တယ်။ နည်းပညာမရှိရင် ဘယ်လိုလုပ်မလဲ။ ပံ့ပိုးပေးရမယ့် လမ်းညွှန်ပေးရမယ့်အဖွဲ့လိုတယ်။ လုပ်ငန်းအသေးလေးတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ဆိုရင် နည်းပညာတွေလည်းပေးရမယ်။ ငွေရေးကြေးရေးတွေလည်းပေးရမယ်”ဟု စွန့်ဦးတီထွင်သူများအသင်းမှ ဗဟိုကော်မတီဝင် ဦးသန်းစိုးကထောက်ပြသည်။
အဆိုပါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်ရှိပြဋ္ဌာန်းထားသည့် အသေးစား၊ အလတ်စားလုပ်ငန်းဥပဒေထဲတွင် အသေးစား၊ အလတ်စားလုပ်ငန်းများအား အထောက်အကူပြုစေမည့်အချက်များကို ဖော်ပြထားသော်လည်း ၀န်ကြီးဌာနမှ ညွှန်ကြားချက်များထုတ်၍ ပိတ်ပင်ထားသောကြောင့် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲရှိနေကြောင်း အသေးစား၊ အလတ်စားလုပ်ငန်းရှင်အချို့က ပြောကြားသည်။
“ဥပဒေထဲမှာ SME လုပ်ငန်းတွေအတွက် လုပ်ပိုင်ခွင့်ကို ခြောက်ခုခွင့်ပြုထားပေမယ့် ညွှန်ကြားချက်နဲ့ ပြန်ပိတ်ထားတဲ့အတွက် လေးခုကိုလုပ်ခွင့်မရဘူးဖြစ်နေတယ်။ ဥပဒေထဲမှာမပါတာတွေကို လိုက်နာနေရတယ်။ အဲဒါလေးတွေကို လွှတ်ပေးဖို့ကောင်းတယ်”ဟု ပြည်တွင်း SME လုပ်ငန်းရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် SME လုပ်ငန်းများ ငွေချေးခွင့်နှင့် ငွေစုဆောင်းခွင့်ကိုသာ ခွင့်ပြုပေးထားပြီး SME လုပ်ငန်းများ အာမခံထားရှိခွင့်နှင့် ငွေလွှဲပြောင်းခွင့် စသည်တို့ပါဝင်သည့် အချက်လေးချက်ကို ညွှန်ကြားချက်ထုတ်၍ တားမြစ်ထားသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရသည်။
“အသေးစားလုပ်ငန်းတွေကို အာမခံခွင့်မပေးထားဘူး။ အာမခံလုပ်မထားဘဲ ဘေးတစ်ခုခုနဲ့ကြုံလို့ ပျက်စီးသွားတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ SME လုပ်ငန်းတွေက ပိုက်ဆံရှိလို့လုပ်တာမဟုတ်တဲ့အတွက် သူတို့လုပ်ငန်းတွေကို အာမခံထားဖို့လိုအပ်တယ်”ဟု ဒေါက်တာဘုန်းဝင်းကမှတ်ချက်ပြုသည်။
မိမိတို့လုပ်ငန်းများအတွက် အဓိကလိုအပ်ချက်မှာ လုပ်ငန်းများတိုးချဲ့နိုင်ရန် ချေးငွေအလုံအလောက်ရရှိရေးနှင့် ငှားရမ်းစရိတ်ကြီးမြင့်နေမှုအတွက် မြေ၊ အဆောက်အအုံများ ရရှိရေးတို့ဖြစ်သည်ဟု လုပ်ငန်းရှင်များကပြောသည်။
SME လုပ်ငန်းများဖွံ့ဖြိုးရန် နိုင်ငံတကာမှအကူအညီပေးသော အဖွဲ့အချို့ရှိသည်။ ဂျပန်နိုင်ငံ SME ထောက်ပံ့မှုအဖွဲ့တစ်ခုဖြစ်သည့် SME, Support, Japan မှ မြန်မာနိုင်ငံရှိလုပ်ငန်းရှင်အချို့အား ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံပေးသွားရန်စီစဉ်နေသည်။
ဂျာမနီနိုင်ငံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတစ်ခုဖြစ်သည့် GIZ ကလည်း SME လုပ်ငန်းများဖွံ့ဖြိုးရန် ပြည်တွင်းရှိ လုပ်ငန်းရှင်များအနေဖြင့် အပေါင်ပစ္စည်းမလိုဘဲ ချေးငွေရယူနိုင်ရန်အတွက် လေ့လာမှုများပြုလုပ်နေသည်။ ထို့အပြင် ချေးငွေထုတ်ပေးနေသည့် ပုဂ္ဂလိကဘဏ်သုံးခုအား နည်းပညာသင်တန်းများ ပို့ချသွားရန်စီစဉ်နေသည်။
“လက်ရှိမှာ အရင်းအနှီးမတတ်နိုင်တဲ့သူတွေဆို အတိုးတွေအများကြီးပေးပြီး လုပ်နေရတာမျိုးတွေရှိတဲ့အတွက် အသေးစား၊ အလတ်စားလုပ်ငန်းတွေ အဆင်ပြေဖို့ဆိုရင် အများကြီးအခက်အခဲရှိနေတယ်။ အခုတလော ပြည်ပနိုင်ငံတွေကလည်း သူတို့နိုင်ငံကိုဖိတ်ခေါ်ပြီး လေ့ကျင့်ပေးတာမျိုး လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်ပေးတာမျိုးတွေ လုပ်နေတာတွေ့ရတယ်။ ဒါမျိုးဆိုရင်တော့ အောင်မြင်ဖို့အလားအလာရှိတယ်”ဟု စီးပွားရေးပညာရှင်ဒေါ်ရီရီမြင့်က သုံးသပ်ပြောကြားသည်။
အစိုးရအဖွဲ့အနေဖြင့်လည်း SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတဦးဆောင်သော အသေးစားလုပ်ငန်းများ (SME) ဗဟိုကော်မတီ၊ ဒုသမ္မတဦးဆောင်သည့် SME လုပ်ငန်းကော်မတီ၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ SME ဗဟိုဌာနတို့ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် SME လုပ်ငန်းစတင်ထူထောင်နိုင်ရေးအဖွဲ့မှ တိုင်းဒေသကြီးအသီးသီး၌ SME အေဂျင်စီများဖွဲ့၍ အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် မှတ်ပုံတင်ရန်၊ သင်တန်းပေးရန်နှင့် လိုအပ်သောအကူအညီများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိသည်။
“အခုဆိုရင် ရန်ကုန်တိုင်းမှာရှိတဲ့ စက်မှုကြီးကြပ်ရေးရုံးကိုသွားတာနဲ့ မှတ်ပုံတင်ဖို့အတွက် ဘယ်လိုလုပ်ရမယ်ဆိုတာ တစ်နေရာထဲမှာသိနိုင်အောင် လုပ်ပေးနေပါတယ်။ မှတ်ပုံတင်လုပ်တဲ့အခါမှာလည်း တစ်နေရာထဲမှာပဲ အပြီးလုပ်ပေးနိုင်ဖို့ စီစဉ်နေပါတယ်”ဟု အသေးစား၊ အလတ်စားလုပ်ငန်းများ စတင်ထူထောင်နိုင်ရေးအဖွဲ့မှ အဖွဲ့ဝင်နှင့် SME ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်သိန်းကပြောသည်။
သို့သော် အသေးစား၊ အလတ်စားလုပ်ငန်းများဖွံ့ဖြိုးရန် ကူညီနေသည်ဆိုသော်လည်း လုပ်ငန်းအများစုမှာ မည်သို့ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ကို မသိရှိကြပါ။
“နိုင်ငံတော်အစိုးရအနေနဲ့ ကျွန်တော်တို့ကို အရင်းအနှီးငွေချေးပေးတာပဲဖြစ်ဖြစ်၊ မြေနေရာလေးတွေ ချပေးထားတာပဲဖြစ်ဖြစ် လုပ်ပေးစေချင်တယ်။ အပြင်ကနေ အတိုးကြီးကြီးနဲ့ယူရတော့ အဆင်မပြေဘူး။ ကြာရင်လုံးပါးပါးပြီး ဆိုင်တောင်ပြုတ်မယ့်သဘောရှိတယ်”ဟု ဦးမောင်ကြီးက သူ၏ဆန္ဒကိုပြောသည်။
ထို့အပြင် မြန်မာနိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာမှ စတင်လွှဲပြောင်းယူခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေးအသိုက်အ၀န်း (ACE)နှင့် အာဆီယံလွတ်လပ်သောကုန်သွယ်မှုနယ်မြေ (AFTA)တို့ စတင်တော့မည်ဖြစ်သောကြောင့် ပြည်တွင်းရှိ SME လုပ်ငန်းများမှာ အိမ်နီးချင်းနိုင်ငံများရှိ SME လုပ်ငန်းများနှင့် နှိုင်းယှဉ်ပါက နည်းပညာနှင့် ငွေကြေးအရင်းအနှီးတို့ နိမ့်ကျနေမှုကြောင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေသည်။
“၂၀၁၅ ကျရင် အိမ်နီးချင်းနိုင်ငံကာလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြည်တွင်းမှာရှိတဲ့ SME လုပ်ငန်းတွေက ကိုယ့်အားကိုယ်ကိုးပြီးတော့ လုပ်လို့မရတာတော့အမှန်ပဲ။ နိုင်ငံတော်က တိုင်းပြည်အတွက် စီးပွားဖြစ်တဲ့လုပ်ငန်းတွေကို Guide Line ချပေးရမယ်။ ကူညီနိုင်တာတွေအားလုံးကို ကူညီပေးရမယ့်အပြင် ပါဝင်နိုင်မယ့်လူတွေကိုလည်း ဖိတ်ခေါ်ရမယ်”ဟု UMFCCI မှ အထွေထွေအတွင်းရေးမှူး ဦးမိုးမြင့်ကျော်ကပြောသည်။
လုပ်ငန်းအများစုသည် မိရိုးဖလာ SME လုပ်ငန်းများဖြစ်သည့်အတွက် လက်ရှိအသုံးပြုနေသော ခေတ်မမီတော့သည့်နည်းပညာများကို ပြောင်းလဲအသုံးပြုရန် လိုအပ်နေသည်။ ဈေးကွက်အတွင်းရှိ သတင်းအချက်အလက်များကိုရယူ၍ လုပ်ဆောင်ရမည်ဖြစ်သလို နိုင်ငံတော်အစိုးရကလည်း SME လုပ်ငန်းများအတွက် နေရာအခက်အခဲများနှင့် အရင်းအနှီးအခက်အခဲများမဖြစ်ပေါ်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဒေါက်တာအောင်သိန်းကပြောသည်။
စီးပွားရေးပညာရှင်ဦးလှမောင်က အဆိုပါလုပ်ငန်းများဖွံ့ဖြိုးရန် မည်မျှအရေးကြီးကြောင်း အောက်ပါအတိုင်းပြောသည်။
“မြန်မာနိုင်ငံအနေနဲ့ SME လုပ်ငန်းတွေ တိုးတက်ဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီးမပေးနိုင်ဘူးဆိုရင် ကိုယ့်နိုင်ငံက ထုတ်ကုန်လျော့သွားပြီး သူများနိုင်ငံက သွင်းကုန်တွေကိုပဲ သုံးနေရမှာဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံကငွေတွေက သူများနိုင်ငံဆီကို ရောက်သွားနိုင်တဲ့အတွက် စီးပွားရေးထုံထိုင်းမှုကနေ စီးပွားရေးကပ်ဆိုက်တာတွေအထိ ဖြစ်သွားနိုင်တယ်”။ ။
ရေးသားသူ- နိုင်လင်းအောင်၊ ယမင်း၊ အိဇင်မေ
7Day News Journal
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
ကူသူကယ်သူနည်းပါးဆဲ အသေးစား၊ အလတ်စားလုပ်ငန်းများ
Reviewed by သစ်ထူးလွင်
on
23:31
Rating: