သမ္မတဦးသိန်းစိန်၏ ဇာတိဖြစ်သည့် ငပုတောမြို့နယ်၊ တောင်သူလယ်သမားများ၏ ဆန္ဒထုတ်ဖော်ခွင့် တောင်းဆိုထားမှုကို မြို့မိမြို့ဖများက ကန့်ကွက်လိုက်သဖြင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က ဆန္ဒပြပွဲ အစီအစဉ်ကို ပယ်ချလိုက်ကြောင်း ငပုတောမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က မဇ္ဈိမကို ပြောသည်။
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် တောင်သူလယ်သမားများက တရားစွဲခံထားရသည့် ပုဒ်မ(၄၄၇၊ ၄၂၇) ဖျက်သိမ်းပေးရန်၊ လယ်ယာမြေအငြင်းပွားမှုများ တရားဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရန် ဖေ ဖော်ဝါရီ ၁၇ ရက်၌ ဆန္ဒဖော်ထုတ်ခွင့်ပြုရန် တောင်းဆိုထားမှုကို ငပုတောမြို့နယ် မြို့မိမြိုဖများနှင့် မြို့ နယ်အထောက်အကူပြုအဖွဲ့များက ကန့်ကွက်သဖြင့် ငပုတောမြို့နယ်ရဲတပ်ဖွဲ့မှူးက ငြင်းပယ်ပြီး တိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံတင်ရာတွင်လည်း တိုင်းရဲတပ်ဖွဲ့မှူးရုံးက ထပ်မံ ပယ်ချခဲ့ခြင်းဖြစ်သည်။
“မြို့မိမြို့ဖတွေမှာ တာဝန်ရှိတယ်၊ ဆန္ဒဖော်ထုတ်တာကို မြို့မိမြို့ဖက မပြဖို့ ပြောတယ်။ နောက် လယ် သမားတွေကိစ္စကို အဖြေထွက်အောင်မလုပ်နိုင်ရင် ဖွဲ့စည်းပုံပါတယ်။ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ကို ချိုးဖောက်ခံရတာပဲ”ဟု ဦးအေးကြည်က ပြောသည်။
ငပုတောမြို့မိမြို့ဖများက ဒေသခံလယ်သမားများ၏ အမှုများနှင့်ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးနှင့် မြေစာရင်းသို့ မေတ္တာရပ်ခံကာ ညှိနှိုင်းပေးမည်ဟု ကတိပြုကာ ဆန္ဒပြခြင်းမလုပ်ရန် လယ်သမားများသို့ ပြောဆိုထားခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ငပုတောမြို့နယ် ထောက်ကူပြုအဖွဲ့မှ ဦးချိုလင်းက “ကျွန်တော်တို့မြို့က လမ်းကျဉ်းတော့ မလိုတာတွေ ဖြစ်မှာလည်း စိုးတယ်။ နောက်လယ်သမားတွေ ဖြစ်တာတွေကို ကျွန်တော်တို့ သက်ဆိုင်ရာနဲ့ ၀င်ရောက် ညှိနှိုင်းပေးမယ်။ လယ်သမားတွေလိုချင်တာမရရင် ကျွန်တော်တို့ကိုယ်တိုင် ဦးဆောင်ပြီး ဆန္ဒပြပေးမယ်။ လယ်သမားပြဿနာတွေက အများကြီးပဲ။ ၉၀၀ ကျော်လောက်ရှိတယ်။ ကျွန်တော်တို့ မြို့မိမြို့ဖတွေမှာ တာဝန်ရှိတယ်။ လုပ်နိုင်မယ်လို့ ထင်တယ်”ဟု ဆိုသည်။
ငပုတောမြို့နယ်အတွင်း လယ်ပြန် ငွေပြန် မြေယာသိမ်းခံရမှုများနှင့် တာဝန်ကျေစပါးပေးသွင်းနိုင်မရှိခြင်း တို့ကြောင့် လယ်ယာမြေသိမ်းခံထားရမှုများ ယခင်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သည်ဟု တောင်သူ လယ်သမားများက ဆိုသည်။
ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့နှင့် လပွတ္တာမြို့များတွင် တောင်သူလယ်သမားများ ဆန္ဒဖော်ထုတ်မှုများ ရှိခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဟင်္သာတမြို့နယ်တွင် တရားဝင် ဆန္ဒဖော်ထုတ်ခွင့်ပြုခဲ့သော်လည်း နိုင်ငံတော်သမ္မတ၏ မြို့နယ်တွင် ဆန္ဒဖော်ထုတ်မည့် အစီအစဉ်ကိုမူ မြို့နယ်ရဲတပ်ဖွဲ့နှင့် တိုင်းရဲတပ်ဖွဲ့ တို့မှ ပယ်ချခဲ့ခြင်း ဖြစ်သည်။
စည်သူမောင်မောင်
Mizzima - News in Burmese
သမ္မတဦးသိန်းစိန်၏ ဇာတိမြို့မှ လယ်သမားများ ဆန္ဒပြခွင့်တောင်းဆိုမှု ပယ်ချခံရ
Reviewed by သစ်ထူးလွင်
on
11:38
Rating: