ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံရသောအိမ်များ လျော်ကြေးရရန် ဆန္ဒဖော်ထုတ်


မန္တလေး၊ မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၉ (ဃ)နှင့် (စ)ပယ်ဖျက် ပေးရန်၊ အဓမ္မသိမ်းဆည်း ထားသောမြေများကို မူလပိုင်ရှင်ထံ အမြန်ပြန်ပေးရန်နှင့် ဒီပဲယင်း အကြမ်းဖက်မှုတွင် ခုနှစ်နှစ်ခန့် ချိတ်ပိတ် ခံခဲ့ရသော အိမ်များမှ မိသားစုဝင်များကို နစ်နာကြေးပေးရန် နှင့်ပုဒ်မ ၁၈ ဖျက်သိမ်းပေးရန်တို့ကို ဖေဖော်ဝါရီ ၂၃ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့သည်။

ယင်းမှာ ခွင့်ပြုမိန့်မရဘဲ ချောင်းဦးမြို့တွင် ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ချောင်းဦး မြို့ခံ ဦးကျော်ဆွေနှင့် ကိုသက်နွယ်ဦးတို့က ဦးဆောင်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် ချောင်းဦးမြို့ ဘောလုံးကွင်းမှ စတင် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပြီး စည်ပင်သာယာဈေးတွင် အဆုံးသတ်ခဲ့သည်။

"ဒီမြို့မှာ ပထမဆုံး လုပ်တာပါ။ ခွင့်ပြုမိန့်မတင်ဘူး ဆိုတာက သက်ဆိုင်ရာကို ယုံကြည်မှုမရှိလို့ပါ။ တင်လည်းခွင့်ပြုမှာမဟုတ်ဘူး။ အကြောင်းအမျိုးမျိုးပြ ပယ်မှာပါ။ ခွင့်ပြုမိန့်ရဖို့ လေးကြိမ် တင်တယ်။ မရဘူး။ ဒါကြောင့် ခုပြုမိန့်မစောင့်ဘဲပြတာပါ။ အကြောင်းကြားစာတော့ သက်ဆိုင်ရာကို ဒီနေ့ပို့တယ်။ ပို့ပြီးဒီနေ့ပြတယ်"ဟု ဦးဆောင်သူ ဦးကျော်ဆွေက မဇ္ဈိမ ကိုပြောသည်။

ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြသည့်အတွက် သက်ဆိုင်ရာက အရေးယူပါကလည်း ဥပဒေကြောင်းအရ ရင်ဆိုင်သွားမည် ဟု ဦးကျော်ဆွေ က ပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်မှုကို ချောင်းဦးမြို့နယ် ရဲစခန်းမှူးက တားမြစ်သော်လည်း ဆန္ဒဖော်ထုတ်ပွဲကို ဆက်လက်ပြုလုပ်ခဲ့သည်။

"အမှန်တရားအတွက် ပြည်သူအတွက် အားလုံးသိသွားအောင် လုပ်တာပါ။ ဒီမှာက အကြောက်တရားတွေ ပြည့်နေတယ်။ ပြခွင့်ရ တယ်။ တောင်းဆိုခွင့် ရှိတယ်ဆိုတာ သိစေချင်တယ်"ဟု ဦးကျော်ဆွေက ပြောသည်။

ဒီပဲယင်း အကြမ်းဖက်မှုကို အန်အယ်လ်ဒီကလည်း မေ့နေကြောင်း၊ နိုင်ငံတော်အစိုးရကလည်း နစ်နာဆုံးရှုံးမှုများကို ဖြေရှင်း မပေးကြောင်း၊ ဒီပဲယင်း အကြမ်းဖက်မှုကို ဖေါ်ထုတ်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် ပြည်သူကို တစ်ဖက်သတ်ဖိနှိပ် ချုပ်ချယ်ထားပြီ်း ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်စေရန် ဟန့်တားထားသော အခြေခံဥ့ဒေ ပုဒ်မ ၅၉ (ဃ)(စ)တို့ကိုလည်း ပယ်ဖျက်ပေးရန်နှင့် ချောင်းဦးမြို့နယ်တွင် ဌာနဆိုင်ရာ အသီးသီးက သိမ်းယူထား သည်များကို မူလပိုင်ရှင်များကို အမြန်ဆုံး ပြန်လည်ပေးအပ်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု ဦးကျော်ဆွေက ပြောသည်။

Written by အောင်ကိုဦး
Mizzima - News in Burmese



ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံရသောအိမ်များ လျော်ကြေးရရန် ဆန္ဒဖော်ထုတ် ဒီပဲယင်းအရေးတွင် ချိတ်ပိတ်ခံရသောအိမ်များ လျော်ကြေးရရန် ဆန္ဒဖော်ထုတ် Reviewed by သစ်ထူးလွင် on 21:17 Rating: 5
Powered by Blogger.