ကျောက်ပန်းတောင်းမြို့ နယ်၊ သဲပုဒ္မအုပ်စု၊ ဖိုကုန်းကျေးရွာရှိ တောင်သူများက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက မျိုးသန့်ခြံပြုလုပ်ရန် သိမ်းဆည်းထားသော လယ်ယာမြေ ဧက ၅၀ ကျော် ပြန်ရရှိရေး ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ဖိုကုန်းကျေးရွာတောင်သူ ၅၀ ကျော် သည် လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မျိုးသန့်ခြံပြုလုပ်ရန် သိမ်းဆည်း ထားသော လယ်ယာမြေ ဧက ၅၀ ကျော် ပြန်ရရှိရေး မြေဧက ရှစ်ဧကအတွင်း နွား ၁၂ ရှဉ်းဖြင့် ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့သည်။
၁၉၇၈ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တောင်သူများအတွက် မျိုးကောင်းမျိုးသန့်ရရှိရန် မြေဧက ၅၀ ကျော် သိမ်းယူကာ မျိုးသန့်ခြံပြုလုပ်ကြောင်း ဖိုကုန်းကျေးရွာမှ ထွန်တုံးတိုက်ပွဲပြုလုပ်သူများက ပြောသည်။ အဆိုပါ သိမ်းယူသော ဧက ၅၀ ကျော်တွင် ဧက ၂၀ ကျော် သာ နေကြာ၊ ပဲစင်း ငုံ၊ ကြက်ဆူ စသည်တို့ စိုက်ပျိုးထားပြီး ကျန်ဧက ၃၀ ကျော် မှာ မြေရိုင်းအဖြစ်ကျန်ရှိနေကြောင်း ဖိုကုန်းကျေးရွာသားများက ပြောသည်။
““တောင်သူတွေအတွက်၊ မျိုးသန့်ခြံအတွက်ဆိုပြီး သိမ်းတယ်။ အခုထိ သူတို့ဆီက ဘာမျိုးသန့်မှ မရသေးဘူး။ စိုက်တာကလည်း ကြက်ဆူနဲ့ နေကြာလောက်ပဲ စိုက်တယ်။ ကျွန်တော်တို့က အဲဒီ တောင်ယာမြေတွေကို ပြန်လိုချင်လို့ ခုလိုထွန်တုံးတိုက်ပွဲလုပ်တာပါ””ဟု တောင်ယာမြေနှစ်ဧက သိမ်းဆည်းခံရမှုကြောင့် ထွန်တုံးတိုက်ပွဲပြုလုပ်သူ ဦးဌေးဝင်းက ပြောသည်။
အဆိုပါ မြေသိမ်းဆည်းမှုကြောင့် ထွန်တုံးတိုက်ပွဲပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး ကျောက်ပန်းတောင်းမြို့နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးစီးဌာနရုံးသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့ဌာနနှင့် မသက်ဆိုင်ကြောင်း မျိုးသန့်ခြံတာဝန်ခံနှင့်သာ ဆက်သွယ်မေးမြန်းစေလိုကြောင်း ပြောဆိုသည်။
လယ်ယာမြေများသိမ်းယူမှုနှင့်ပတ်သက်၍ မျိုးသန့်ခြံတာဝန်ခံ ဦးသန်းထွန်းအား ဆက်သွယ်မေးမြန်းရာ ““ဌာနဆိုင်ရာအနေနဲ့ ပြောခွင့်မရှိဘူးလို့ထင်ပါတယ်။ ကျွန်တော်ကလည်း ခင်ဗျားတို့ မီဒီယာတွေကို ပြောချင်ပါတယ်။ အထက်ကလူကြီးတွေရဲ့ ခွင့်ပြုချက်ပေးမှ ပြောရမှာမို့ပါ””ဟု ၎င်းကပြောသည်။
အဆိုပါထွန်တုံးတိုက်ပွဲကို သုံးနာရီကြာ ပြုလုပ်ခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှလည်း လာရောက်တားဆီးပိတ်ပင်ခြင်းမရှိကြောင်း ဖိုကုန်းကျေးရွာသားများက ပြောသည်။
Author: ငြိမ်းချမ်း
7day Daily
လယ်သမားများထွန်တုန်းတိုက်ပွဲကျင်းပစဉ် ဓာတ်ပုံ - ကိုမိုး |
လယ်ဆည်သိမ်းဆည်းထားသော မြေဧက ၅၀ ရရှိရေး ထွန်တုံးတိုက်ပွဲပြုလုပ်
Reviewed by သစ်ထူးလွင်
on
11:39
Rating: