သီရိမင်္ဂလာဈေးဟောင်း ညသန်းခေါင်ယံတွင် မီးလောင်


ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းတွင်ရှိသော သီရိမင်္ဂလာ ဈေးဟောင်း သီရိမင်္ဂလာဈေး ကားပွဲစားတန်း အပေါ်ထပ်တွင် ဇန်နဝါရီ ၂၈ ရက်နေ့ ညသန်းခေါင်ယံ (ည ၁၂ နာရီ အချိန်) က Sima ပရိဘောဂစက်ရုံမှ စတင်၍ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပရိဘောဂ စက်ရုံတွင် တပ်ဆင်ထားသော အပူထုတ်ပန်ကာမှ စတင်လောင်ကျွမ်းသော မီးမှာ အပေါ်ထပ်တွင်ရှိသော သီရီစံ မိုတယ်သို့ပါ ကူးစက် လောင်ကျွမ်းခဲ့သော်လည်း အောက်ထပ် ကားပွဲစားတန်းမှ ကားများနှင့် Happy World ကလေးကစားကွင်းသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း အဆိုပါ နေရာသို့ ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။

တစ်နာရီခွဲကြာ လောင်ကျွမ်းသော ယင်းမီးလောင်မှုကို ရန်ကုန် ၄ ခရိုင်အတွင်းရှိ မြို့နယ်များမှ မီးသတ်ကား အစီး ၆၀ ကျော် လာရောက် ငြိမ်းသတ်ခဲ့ရပြီး ကမ်းနားလမ်းနှင့် ယင်းလမ်းနှင့် အပြိုင်ဖောက်ထားသော ကွန်တိန်ယာဉ်များ သွားရာလမ်းမှာ ၂ နာရီကြာ ယာဉ်ကြော ပိတ်ဆိုနေခဲ့ကြောင်း ဆက်လက် သတင်းပေးပို့သည်။

ည ၁ နာရီ ၃၈ မိနစ်တွင် မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီး အရပ်သား နှစ်ဦးနင့် မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရသည်။
“တစ်ဖက်ခန်းမှာ လောင်တာကို သိသိခြင်း ရေသန့်ဘူးတွေနဲ့ သွားငြိမ်းကြပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ မနိုင်ဘဲ မီးက ပိုကြီးလာတယ်” ဟု ယင်းစက်ရုံက ဝန်ထမ်းတစ်ဦးက ပြောကြားသည်။

ယခု မီးလောင်မှု မတိုင်မီ ညဦးပိုင်းကလည်း ဗဟန်းမြို့နယ် ရွှေဂုံတိုင် ခုံးကျော်တံတားအနီး Excel Tower တွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

Excel Tower မီးလောင်မှု ဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာတွင် ယခုကဲ့သို့ သီရီမင်္ဂလာ ဈေးဟောင်း မီးလောင်မှု ထပ်မံဖြစ်ပွားရာ ရန်ကုန်မြို့တော်၌ တစ်ညတည်း မီးလောင်ကျွမ်းမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

The Voice Weekly



သီရိမင်္ဂလာဈေးဟောင်း ညသန်းခေါင်ယံတွင် မီးလောင် သီရိမင်္ဂလာဈေးဟောင်း ညသန်းခေါင်ယံတွင် မီးလောင် Reviewed by သစ်ထူးလွင် on 15:00 Rating: 5
Powered by Blogger.