၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ယာဉ်မတော်တဆမှုများ


ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မန္တလေး - မူဆယ်လမ်းပိုင်းတွင် ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု (၅၃၄)မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား (၁၆၃)ဦး အမျိုးသမီး (၃၀)ဦး အသက်ဆုံးရှုံးခဲ့ကာ အမျိုးသား (၅၉၁)ဦး အမျိုးသမီး (၂၁၄)ဦး အသီးသီး ဒဏ်ရရှိခဲ့ကြောင်း လားရှိုး ယာဉ်ထိန်းရုံး မှတ်တမ်းများအရ သိရှိရသည်။

အဆိုပါဒဏ်ရာရရှိမှုများတွင် မော်တော်ယာဉ်ကြောင့် ဖြစ်ပွားမှု (၁၂၈)မှု၊ မော်တော်ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှု (၂၂၄)မှု၊ မော်တော်ယာဉ်နှင့်ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှု (၁၁၉)မှု၊ အခြားဖြစ်ပွားမှု (၄၃)မှု ဖြစ်ကြောင်း အဆိုပါမှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရာတွင် ဆိုင်ကယ်ကြောင့်ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများတွင် အခြားဖြစ်စဉ်များထက် ပိုမိုများပြားကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရသည်။

ဆိုင်ကယ်များအရှိန်ပြင်းစွာ မောင်းနှင်ပြီး ဦးထုပ်မဆောင်းခြင်း၊ ညအချိန် အရက်သေစာသောက်စားမူးယစ်၍ ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရာမှ မျက်နှာချင်းဆိုင်မှလာသည့် ကား၊ ဆိုင်ကယ်များနှင့် ၀င်ရောက်တိုက်မိခြင်း၊ စသည့်အချက်များမှာ ဖြစ်ပွားသည့် အကြောင်းရင်းများဖြစ်ကာ သေဆုံးဒဏ်ရာ ရရှိမှုများတွင် အသက် (၂၀)နှင့် (၃၀)ကြားလူငယ်များ အများဆုံးပါဝင်နေကြောင်း လားရှိုးယာဉ်ထိန်းရုံးမှ ရဲအုပ် စိုးဝင်းက ပြောသည်။

ထို့ပြင် ယာဉ်ကြီးများအနေဖြင့် တောင်စောင်းကွေ့များတွင် မြို့ပြင် တစ်နာရီ (၅၀)နှုန်းထက် ပိုမိုမောင်းနှင်မှုကြောင့် ရှောင်တိမ်းရာတွင် အရှိန်လွန်ကာ လမ်းဘေးထိုးကျတိမ်းမှောက်ခြင်းနှင့် ယာဉ်ကြံ့ခိုင်မှုကို ကြိုတင်စစ်ဆေးခြင်းမပြုဘဲ မောင်းနှင်ခြင်း စသည်များကြောင့်လည်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားနေရကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
'' အတက်အဆင်း အကွေ့အကောက်များတဲ့ ဒီလိုတောင်ပေါ်လမ်းတွေမှာ ကားသမားတွေအနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။ အကွေ့တွေမှာ အတင်းကျော်တက်လို့ ယာဉ်တိုက်မှုတွေဖြစ်တာလဲကြုံရတယ်။ ဆိုင်ကယ်တွေအနေဲ့လည်း  လမ်းမြင်ကွင်းရှင်းမှ ကျော်တက်တာ အန္တရာယ်ကင်းပါတယ် '' ဟု အဆိုပါလမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသည့် ကုန်တင် ယာဉ်မောင်းတစ်ဦးကပြောပြသည်။ ထို့ပြင် မန္တလေး - မူဆယ်လမ်းကြောင်းပေါ်၌ တွဲကားကြီးများ ရာနှင့်ချီ၍ပြေးဆွဲလာခြင်း၊ ယာဉ်အရေအတွက်ပိုမိုများပြားလာခြင်း၊ ညအချိန် အပေါ်မီးကြီးများမချဘဲမောင်းနှင်ခြင်း၊ မီးအချက်ပြပေးရန် ပျင်းရိခြင်းနှင့် ယာဉ်မောင်းများ အိပ်ငိုက်ခြင်းစသည့်အချက်များကလည်း ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုကိုပိုမိုဖြစ်ပေါ်စေကြောင်း အဆိုပါဝါရင့်ယာဉ်မောင်းက ဆိုသည်။

ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်ရေးအတွက် လားရှိုးယာဉ်ထိန်းရဲတပ်ဖွဲ့မှ မြို့ပေါ်နှင့် ကျေးရွာရှိ စာသင်ကျောင်းများ၊ ယာဉ်မောင်းသင်တန်းများ၊ ဈေးနှင့် ရပ်ကွက်များသို့ လှည့်လည်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ယာဉ်မောင်းများ အနေဖြင့် မိမိအသိစိတ်၊ ကိုယ်ချင်းစာစိတ်ထားရှိပြီး မောင်းနှင်ပါက မိမိနှင့်အခြားသူများပါ ယာဉ်အန္တရာယ်ကင်းရှင်းပြီး ယာဉ်တိုက်မှုများ၊ ယာဉ်မတော်တဆမှုများလည်း လျော့နည်း လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြရပါသည်။

ရှမ်းလေး (မန်းတက္ကသိုလ်)
by Thit Htoo Lwin





၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ယာဉ်မတော်တဆမှုများ ၂၀၁၃ ခုနှစ်အတွင်း  ရှမ်းပြည်နယ် (မြောက်ပိုင်း) ယာဉ်မတော်တဆမှုများ Reviewed by သစ်ထူးလွင် on 06:56 Rating: 5
Powered by Blogger.