ဆုံးရှုံးလယ်မြေများအတွက် နစ်နာကြေးမရ၍ စေတုတ္တရာဒေသခံ ၇၀၀ နီးပါး ဆန္ဒပြ

ဆုံးရှုံးသွားသော လယ်ယာမြေများ နစ်နာကြေးမရရှိသဖြင့် ဒေသခံ ၇၀၀ နီးပါးက မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ နယ်တွင် ဇန်န၀ါရီလ ၁၉ ရက်၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

““မုန်းတမံကို ပိတ်လိုက်တော့ ရေတွေမြင့်တက်လာတယ်။ လယ်ယာမြေအပါအ၀င် လူနေအိမ်တွေ ရေထဲကိုမြုပ်သွားတယ်”” ဟု ဆန္ဒဖော်ထုတ်ပွဲ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်အောင်လွင်က ပြောသည်။

စေတုတ္တရာမြို့နယ်တွင် ကျေးရွာအုပ်စု ၂၂ စု၊ ရွာပေါင်း ၅၀ နီးပါး ရှိသည်။ မုန်းတမံ ရေထိန်းသိမ်းမှုကြောင့် လယ်ယာမြေ ဧကနှစ်ရာကျော် ရေနစ်မြုပ်ဆုံးရှုံးနေရမှုအပေါ် သက်ဆိုင်ရာအာဏာပိုင်များထံတွင် အကြိမ်ကြိမ် စာဖြင့် တင်ပြခဲ့သော်လည်း မည်သည့်အရေးယူမှုမျှ ယခုအချိန်ထိမရှိဟုဆိုသည်။

““ကျွန်မတို့မှာ လယ်လုပ်စရာမရှိတော့လို့ ကောက်သင်းကောက်စားနေရပါတယ်။ ကောက်သင်းကောက်တယ်ဆိုတာ သူများလယ်ရိတ်ပြီး ကြွေကျကျန်နေခဲ့တဲ့စပါးကို လိုက်ကောက်စားရတဲ့ဘ၀ပါ”” ဟု ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူ ဒေါ်ခင်ဥက ပြောသည်။ မုန်းတမံရေလှောင်မှုကြောင့် အိမ်၊ လယ်ယာမြေများ ဆုံးရှုံးမှုမှာ သုံးနှစ်ဆက်တိုက်ဖြစ်ခဲ့ပြီး စားရမဲ့သောက်ရမဲ့ဘ၀ ရောက်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စေတုတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးအား တွေ့ဆုံမေးမြန်းခဲ့ရာ ရေ၀ပ်ဧရိယာများ ကြိုတင်သတ်မှတ်၍ ဒေသခံများအား အသိပေးထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

Author: မိုးကျော်

7day Daily

ဆုံးရှုံးလယ်မြေအတွက် ဆန္ဒပြနေသောဒေသခံများကို တွေ့ရစဉ် ဓာတ်ပုံ - မိုးကျော် / 7day Daily 
ဆုံးရှုံးလယ်မြေများအတွက် နစ်နာကြေးမရ၍ စေတုတ္တရာဒေသခံ ၇၀၀ နီးပါး ဆန္ဒပြ ဆုံးရှုံးလယ်မြေများအတွက် နစ်နာကြေးမရ၍ စေတုတ္တရာဒေသခံ ၇၀၀ နီးပါး ဆန္ဒပြ Reviewed by သစ်ထူးလွင် on 17:00 Rating: 5
Powered by Blogger.