ကလေးတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃ သိန်းကျော် ဖမ်းမိ


ကလေး၊ ဇန်နဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က စိတ်ကြွဆေးပြားများ ချက်လုပ်ရာတွင် အသုံးပြုသော ဆူဒိုအက်ဖီဒရင်း ဆေးပြား အရေအတွက် ၁၃ သိန်းကျော်အား ဖမ်းဆီးရမိ ခဲ့ကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်လှဟန်က ပြောကြားသည်။

ကလေးမြို့နယ် အိတ်စွပ်ကျေးရွာနေ ဦးမိန်းလျန်နာ၏ နေအိမ်သို့ သတင်းအရ သွားရောက်ရှာဖွေခဲ့ရာ ၄င်းနှင့်အတူ ရှိနေသော ဦးထန်ကဲပ်ရောလ်တို့မှာ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ဦးထန်ကဲပ်ရောလ်ကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း၊ ခြံဝင်းအတွင်း အိမ်ရှေ့မြေကွက်လပ်တွင် ၄င်းတို့ ချထားသော ပီနံအိတ်လေးအိတ်နှင့် စင်းသံချိန်ခွင် တစ်ခုအား တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း၊ ပီနံအိတ်အတွင်း ထုပ်ပိုးထားသော ဆူဒိုအက်ဖီဒရင်း ဆေးပြားစုစုပေါင်း (၁,၃၇၈,၂၀၀) ပြား၊ (ကာလတန်ဖိုး ကျပ် ၁၃၇,၈၂၀,၀၀၀) သိန်းအားတွေ့ရှိခဲ့ပြီး ၄င်းတို့ပစ္စည်း ဖြစ်ကြောင်း ဝန်ခံသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဒုရဲအုပ်လှဟန်က ပြောကြားသည်။

ဖမ်းဆီးရမိသူ ထန်ကဲပ်ရောလ် (ခ) ပါကပ် (၃၂ နှစ်) နှင့် ထွက်ပြေးတိမ်းရှောင်နေသူ မိန်းလျန်နာ (၃၄ နှစ်) တို့ကို မယ(ပ) ၆/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၅/၁၆/(ခ)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၈ ရက်နေ့ ကလည်း ကလေးမြို့ ပျဉ်းခုံကြီးကျေးရွာတွင် ကာလတန်ဖိုး ကျပ် (၁၁၂,၆၆၀,၀၀၀) သိန်းတန်ဖိုးရှိ ဆူဒိုအက်ဖီဒရင်းဆေးပြား (၁,၁၂၆,၆၀၀) ပြားကို ဖမ်းဆီးရရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီး ရရှိမှုမှာ ၁၅၈ မှုရှိပြီး တရားခံ အမျိုးသား ၂၃၃ ဦးနှင့် အမျိုးသမီး ၄၉ ဦးရှိကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့စခန်း မှတ်တမ်းများအရ သိရသည်။

The Voice Weekly

ဓါတ်ပုံ - ရဲဇာနည် 


ကလေးတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃ သိန်းကျော် ဖမ်းမိ ကလေးတွင် ဆူဒိုအက်ဖီဒရင်းဆေးပြား ၁၃ သိန်းကျော် ဖမ်းမိ Reviewed by သစ်ထူးလွင် on 17:47 Rating: 5
Powered by Blogger.