ရခိုင်ပြည်နယ် ဒုချီးရာတန်ကျေးရွာမှာ မွတ်စလင်လူမျိုး အယောက် ၄၀ ကျော် အသတ်ခံရပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တွေဖြစ်ပေါ်နေတယ်ဆိုပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို ဖိအားပေး ပြောဆိုခဲ့တာတွေကို ပြန်လည် ရုတ်သိမ်းပေးဖို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပါတီကြီး နှစ်ခုပူးပေါင်းထားတဲ့ ALD ပါတီဟာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်း လင်း ပွဲ မှာ တောင်းဆို ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအပေါ် စွပ်စွဲထားတာတွေ ဆက်လုပ်မယ်ဆိုရင် ဒေသ တည်တံ့ ခိုင်မြဲရေး အတွက် နည်းမျိုးစုံနဲ့ ဆက်လက် ဆောင်ရွက်သွယ်မယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီရဲ့ ဥက္ကဌ ဦးအေးသာအောင်က အခုလို ပြောပါတယ်။
“ဒေသခံ ပြည်သူတွေရဲ့ ဒုက္ခ အခက်အခဲပေါ်မှာ စာနာမှု ထောက်ထားမှု မပြဘဲနဲ့ နိုင်ငံမဲ့ ဒုက္ခသည်ကို အကြောင်းပြုပြီး လူ့အခွင့်အရေး လူသားချင်း စာနာမှု ဆိုတာတွေကို ဘန်းပြပြီးတော့ လှုံ့ဆော်နေမယ်။ တစ်ဖက်စောင်းနင်း လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ကလည်း ကျူးကျော်သိမ်းပိုက်မှု ကိစ္စတွေ၊ ကိုယ့်နယ်မြေရဲ့ လုံခြုံရေး၊ နယ်မြေ တည်တံ့ ခိုင်မြဲရေးအတွက် ဆက်လက်ပြီးတော့ နည်းမျိုးစုံနဲ့ ကြိုးစားဆောင်ရွက်ဖို့ တာဝန် ကျွန်တော်တို့မှာလည်း ရှိတယ်ဆိုတာ အတိအလင်း ပြောကြားလိုပါတယ်။”
အခုလို သတင်းမှားတွေ ထုတ်ပြန်ခဲ့တဲ့အတွက် လူမျိုးရေး ပဋိပက္ခ ပြန်လည် ဖြစ်ပွားလာမယ်ဆိုရင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသံရုံးတွေနဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် တည်ငြိမ်ရေးအတွက် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေ လုံခြုံရေးရှိဖို့အတွက် လုံခြုံရေးတပ်တွေကို ခေတ်မီ လက်နက်တွေ အစားထိုးပေးဖို့အတွက်လည်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာက တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ALP နဲ့ AA ရခိုင့်တပ်မတော်တို့ကိုလည်း နယ်မြေ လုံခြုံရေးအတွက် တာဝန်ယူပေးနိုင်ဖို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ALD က တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရကတော့ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး နယ်မြေ အေးချမ်းရေး၊ အေးချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးအတွက် တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ သတင်းမှား ထုတ်ပြန်ခဲ့တဲ့ နိုင်ငံခြားသံရုံးတွေနဲ့ နိုင်ငံတကာ သတင်းဌာန အချို့အပေါ် ခေါ်ယူ သတိပေးဖို့ရှိတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ်က ပြောသွားခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ထားပါတယ်။
ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ရခိုင်ပြည်နယ်မှာ ရောက်ရှိနေ
မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ ဥရောပ သမဂ္ဂသံရုံးမှ သံအမတ်ကြီး (Mr. Roland Kobia) မစ္စတာရိုလန်ကိုဘီရာ ဦးဆောင်တဲ့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက သံအမတ်ကြီးတွေဟာ ဇန်န၀ါရီလ ၂၉ရက်နေ့ မနေ့ကစပြီး ရခိုင်ပြည်နယ်စစ်တွေမြို့ကို ရောက်ရှိနေပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ နိုင်ငံတကာ INGO အဖွဲ့အစည်းတွေ၊ စစ်တွေမြို့မိမြို့ဖ အဖွဲ့တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဥရောပသမဂ္ဂရုံးသံအမတ်ကြီးက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ဒေသတွေက ၂ဖက်အဖွဲ့တွေရဲ့အသံ တွေနားထောင်ဖို့၊ ဘက်မလိုက်ပဲ ၂ဖက်အဖွဲ့တွေကို ကြားကနေပြီး အကူအညီ ဘယ်လိုပေးရမလဲဆိုတာကို လာရောက်လေ့လာတာဖြစ်တယ်လို့ ပြောဆိုခဲ့တဲ့အကြောင်း အစည်းအဝေးတက်ရောက်ခဲ့တဲ့ စစ်တွေမြို့မိမြို့ဖ အဖွဲ့က အခုလိုပြောပါတယ်။
ကျနော်တို့ မြို့မိမြို့ဖ အဖွဲ့တွေကတော့ ရခိုင်ပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းစဉ်အကြောင်းတော့ ရှင်းပြတယ်ပေါ့၊ သူတို့ကို အဓိကကျတဲ့ အချက် ၃ခုကို ကျနော်တို့ ပြောခဲ့တယ်ဗျ၊ EU အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေက ဘက်မလိုက်ပဲ ကြားနေပြီးတော့ ဆောင်ရွက်မယ်ဆိုတာဟာ ဥပမာ ကျနော်တို့က ပြောတယ်၊ သူခိုးနဲ့ အိမ်ရှင်ပေါ့ မီးရှို့တဲ့လူနဲ့ မီးရှို့ခံရတဲ့သူ ၂ဘက်ကြားမှာ ဘက်မလိုက်ပဲ ကြားနေမယ်ဆိုတာက သိပ်အဓိပါယ်မရှိလောက်ဘူး၊ လက်ခံနိုင်ဘွယ်မရှိဘူးလို့ပြောတယ်၊
နောက်တချက်ကတော့ အရင်တုန်းက အုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရလက် ထက်တုန်းကပေါ့၊ စစ်အစိုးရကို ဖိအားပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီးတော့ ဘင်ကလီအရေးကိစ္စတွေ ဆောင်ရွက်နေတာကို မြန်မာနိုင်ငံမှာ ဒီမိုကရေစီနိုင်ငံတည်ဆောက်နေတဲ့ ကာလမျိုးမှာအဲဒီလုပ်ရပ်တွေ လုပ်ဖို့မသင့်တော်တော့ဘူး ဆိုတာပြောတယ်၊နောက်ဆုံးတချက်ကတော့ ဒီမိုကရေစီ အစိုးရစနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရစနစ်မှာ ပြည်သူလူထုရဲ့ဆန္ဒနဲ့ အုပ်ချုပ်ရမလားဒါမှမဟုတ် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဆန္ဒနဲ့ အုပ်ချုပ်ရမလားဆိုတာကို အခုတက်ရောက်လာတဲ့ ဒီမိုကရေစီတိုင်းပြည်တွေဖြစ်တဲ့ EU နိုင်ငံတွေ နားလည်မှာပါလို့ ကျနော်တို့ စစ်တွေမြို့မိမြို့ဖအဖွဲ့က အဲဒီအချက် ၃ချက်ကို အသေအချာပြောပြ ခဲ့ပါတယ်။
ဒီကနေ့မှာတော့ အီးယူကိုယ်စားလှယ်တွေ ဒုချီးရာတန်ကျေးရွာကို သွားရောက်ဖို့ရှိတယ်လို့ သိရပြီး အဲဒီ မသွားရောက်ခင်မှာပဲ ဒုချီးရာတန် အနောက်ကျေးရွာမှာ မီးလောင်မှုဖြစ်တဲ့အတွက် အိမ် ၁၀ လုံးကျော် မီးထဲပါသွားခဲ့ပါတယ်။
ရွာသားတွေ ကိုယ်တိုင်ကိုယ့်အိမ်ကိုယ် မီးပြန်ရှို့တာလို့ လုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပေမယ့် ရွာသားတွေက ငြင်းဆိုနေတယ်လို့ ဗွီအိုအေ သတင်းမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ဒုချီးရာတန်ကျေးရွာမှာ အခုလ ၁၃ရက်နေ့မှာ ပဋိပက္ခဖြစ်ပွားခဲ့တာ ဖြစ်ပြီး လက်ရှိအခြေအနေမှာတော့ အခြေအနေတွေငြိမ်သက်နေပေမယ့် ပြဿနာ ထပ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် တချို့ရွာသားတွေကတော့ ပြောင်းရွေ့တာတွေလုပ်နေကြတယ်လို့ ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD ပါတီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ (Credit: ABC) |

မြန်မာအပေါ် စွပ်စွဲထားတာတွေကို ရုတ်သိမ်းပေးဖို့ ALD တောင်းဆို
Reviewed by သစ်ထူးလွင်
on
07:34
Rating: