မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် မိုးရွာသွန်းမှု၍ ပေါက်ချောင်းရေ ကျဆင်းခြင်းကြောင့် ကမ်းပါးတိုက်စားမှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။
အဆိုပါ ပေါက်ချောင်းရေမှာ ဂီရိမုန်တိုင်း တိုက်ခတ်စဉ်ကလည်း ရေကြီးမှုဖြစ်ပွားခဲ့ပြီး မြို့တွင်းသို့ ရေများ စီးဝင်ကာ လူ ၅ဦး သေဆုံးခဲ့ပြီး ရွှေပေါက်ပင်ရပ်ကွက် နှင့် အောင်ချမ်းသာ ရပ်ကွက်မှ အိမ်ခြေ ၁၀လုံးခန့် ပျက်စီးခဲ့ပါသည်။
အဆိုပါရေကြီးမှုမှာ ပေါက်မြို့နယ်အတွင်းတည ဆောက်လျှက်ရှိသော က.ပ.စ လက်နက်စက်ရုံသို့ ပစ္စည်းသယ်သော ကုန်တင်ယဉ်ကြီးများ ဖြတ်သန်းရန် ပေါက်ချောင်းမှ ကျောချောင်း ထဲသို့ စီးဝင်သည့် ချောင်းဝတွင် ၃ ပေခန့် မြင့်သည့် တာပေါင်များတည်ဆောက် ကားလမ်းဖေါက်ခဲ့ခြင်းနှင့် ဂီရိမုန်တိုင်း တိုက်ခတ်ချိန်တို့ ချိန်ကိုက်ဖြစ်သွားခြင်းကြောင့် ချောင်းလမ်းကြောင်းပြောင်းကာ မြို့တွင်းသို့ ရေများ အရှိန်အဟုန်နှင့် စီးဝင်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးမှ ပြောကြားပါသည်။
ယခုရေကြီး တိုက်စားမှုမှာ (၁၂.၉.၂၀၁၃) နေ့မှ စတင်ခဲ့ပြီး ယနေ့ (၁၃.၉.၂၀၁၃)နေ့တွင် ချောင်းကမ်းပါးရှိ အိမ်တစ်အိမ်မှာ ပျက်စီးသွားခဲ့ပြီး ကမ်းပါးရှိ နှစ် ၄၀ ခန့်သက်တမ်းရှိသော မန်ကျည်းပင် တစ်ပင်အပါအဝင် အပင်များ ပျိုလဲခြင်းများ ဖြစ်ပွားခဲ့ပါသည်။ ပေါက်မြို့နယ်ရှိ ပေါက်ပင်ကျောင်းနှင့် ကံစွယ်ကျောင်းမှ ကျောင်းထိုင်ဆရာတော်များ ဦးစီး၍ မြို့မိ၊မြို့ဖများနှင့် ပူးပေါင်းကာ ချောင်းရေကို လမ်းလွှဲရန်ကြိုးစားခဲ့ကြသော်လည်း ရေများသည့်အတွက် လူများ ချောင်းအတွင်းမှ အပေါ်သို့ ပြန်တက်ခဲ့ရသည်ဟု သတင်း ရရှိပါသည်။
ယနေ့ ညနေပိုင်းတွင်မှသာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှုသွားကြောင်းလည်း သိရှိရပါသည်။ ချောင်းလမ်းကြောင်း ပြောင်းလဲရန်အတွက် စက်ကြီးများ ငှားရမ်းအသုံးပြုလျက်ရှိပြီး ငှားရမ်းခမှာ တနာရီလျှင် ၅၀၀၀၀ ကျပ်ကျသင့်ကြောင်း သိရှိရပြီး အလှူရှင်များမှ လှူဒါန်းငွေနှင့် ၇နာရီခန့်ဖေါက်လုပ်ခဲ့သော်လည်း ရေတိုက်စားမှုမှာ စိုးရိမ်ဖွယ်အနေအထားတွင် ရှိနေသေးကြောင်း သိရှိရပါသည်။ ဂိရီတိုက်ခတ်ခဲ့စဉ်က ရေကြီးမှုဒါဏ်ကို ခံစားခဲ့ရသော မြို့သူ၊မြို့သားများမှာ ယခုနှစ်တွင်လည်း ဂရိတိုက်ခတ်ခဲ့စဉ်ကသကဲ့သို့ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်လျှက်ရှိပါသည်။
ဆရာတော်နှစ်ပါးဦးဆောင်၍ မြို့မိ၊ မြို့ဖများမှ ဦးစီးကာ ရေတိုက်စားမှုကို ကြိုးစားကာကွယ်လျက်ရှိသော်လည်း အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရှိရပါသည်။ နိုင်ငံတော်နှင့် အခြားအဖွဲ့အစည်းများမှ အကူအညီများ လိုအပ်လျှက်ရှိကြောင်း သိရှိရပါသည်။
by Myanmar News Now

ပေါက်မြို့နယ်တွေ ရေကြီး ကမ်းပျိုမှုများ ဖြစ်ပွားလျှက်ရှိ
Reviewed by သစ်ထူးလွင်
on
10:53
Rating: