မန္တလေး၊ စက်တင်ဘာလ ၆
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီမံကိန်း ဆောင်ရွက်ခဲ့စဉ်က ယာယီအသုံးပြုခဲ့သော မန္တလေး တိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြကျေးရွာမှ မိဘဘိုးဘွားပိုင် လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လယ်ယာစိုက်ပျိုး လုပ်ကိုင်နိုင်ရေး တို့အတွက် လယ်သမားမိသားစုက ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာများထံ တင်ပြထားကြောင်း သိရသည်။
အဆိုပါ မိဘဘိုးဘွားပိုင် လယ်ယာမြေများမှာ နွားထိုးကြီးမြို့နယ်၊ ပြင်စည်စံပြကျေးရွာမှ တောင်သူ လယ်သမားကြီး (ဦးမွှေး)နှင့်သမီး ဒေါ်ဝင်းကြည်မိသားစုပိုင် ကွင်းအမှတ် (၇၅၁/က)ဦးပိုင်အမှတ် (၇၇)ရှိ လယ်ယာမြေများဖြစ်ကြသည်။
၎င်းဦးပိုင်လယ်ယာမြေ၏ အခိျု့မြေကွက်ပေါ်တွင် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးဖောက်လုပ်ဆောင်ရွက်ခဲ့စဉ်က ဆောက်လုပ်ရေးစီမံကိန်းအထူးအဖွဲ့ ယာယီဆောက်လုပ်နေထိုင် ခဲ့ကြကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး စီမံကိန်းမှာလည်း ၂ဝ၁၂ခုနှစ်က ပြီးစီးသွားခဲ့ပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၄င်းလယ်ယာမြေကွက်များပေါ်တွင် ယာယီဆောက်လုပ် နေထိုင်ခဲ့သော အဆောက်အအုံများကို ဖယ်ရှား ရှင်းလင်းပေးစေလိုကြောင်း၊၄င်းလယ်ယာမြေများ၌ မူလလယ်ပိုင်ရှင်မိသားစုက လယ်ယာသီးနှံများ အချိန်မီ စိုက်ပျိုးလုပ်ကိုင်သွားနိုင်ရန် ကူညီဆောင်ရွက် ပေးစေလိုပါကြောင်းဖြင့် အဆိုပါတင်ပြစာများ၌ ဖော်ပြထားသည်။
အလားတူပင် ၄င်းလယ်ယာမြေပိုင်ရှင်မိသားစုမှ မိခင်ကြီးဒေါ်ဝင်းကြည်ကလည်း မိမိတို့မိဘဘိုးဘွား ပိုင်လယ်ယာမြေလွတ်ပေါ်၌ အဆောက်အအုံ (၃)ခု ဆောက်လုပ်၍ ဝင်ရောက်နေထိုင်မှုနှင့် မိမိတို့မိသားစုက လယ်ယာသီးနှံထွန်ယက်စိုက်ပျိုးသည့်အခါ တားမြစ်ခံရမှုတို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးနိုင် ပါရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့လည်း တင်ပြထားသည်ဟု ပြောကြားခဲ့သည်။
'' ကျွန်မရဲ့ဖခင်က ဒီပြင်စည်ရွာဇာတိ ဦးမွှေးဖြစ်ပါတယ်။ ဘိုးဘွားမိဘအစဉ်အဆက်ပိုင်ဆိုင်ခဲ့ပြီး လယ်ယာလုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေများကို အသိမ်းခံထားရာကနေ နိုင်ငံတော်အစိုးရက ပြန်လည်ပေးအပ်နေ တာကို ကြားသိရလို့ ဝမ်းသာကျေးဇူးတင်ရပါတယ်။ ဒါကြောင့် ကျွန်မ မကွယ်လွန်မီသက်ရှိထင်ရှားရှိနေဆဲမှာ ကျွန်မရဲ့သားသမီးတွေ လယ်ယာလုပ်ကိုင်စားနိုင်ဖို့ ဒီလယ်ယာမြေတွေကို အမြန်ဆုံးရနိုင်အောင် ခုလို တောင်းဆိုတင်ပြခဲ့ရတာပါ ဒါပေမဲ့ ယနေ့အထိတော့ ဘာအကြောင်းမှမထူးသေးပါဘူး ''ဟု အသက် (၇၇) နှစ်ကျော်ရှိ လယ်ယာမြေပိုင်ရှင် ဒေါ်ဝင်းကြည်က ပြောကြားသည်။
အဆိုပါသိမ်းဆည်းခံ ဘိုးဘွားမိဘပိုင်လယ်ယာမြေများနှင့်ပတ်သက်၍ မြေပိုင်ရှင်မိသားစုက (၂၇.၁၁.၂ဝ၁၂) (၃.၁၂.၂ဝ၁၂) နေ့စွဲပါ စာများဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ (၆.၈.၂ဝ၁၃) နေ့စွဲပါစာဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့လည်းကောင်း၊ (၂၂.၈.၂ဝ၁၃) (၂၃.၈.၂ဝ၁၃) နေ့စွဲပါစာဖြင့် နွားထိုးကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း တင်ပြထားပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ မြေယာမြေကိစ္စများကို လိုအပ်သည်ထက်အချိန်ယူ အချိန်ဆွဲ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ သက်ဆိုင်ရာတို့က မလိုအပ်သောမြေယာများ ဆက်လက်အသုံးပြုရန် မသင့်သော မြေယာများကို ပြန်လည်ပေးကြစေလိုကြောင်းနှင့် စိတ်ကောင်းစေတနာဖြင့် ပြန်လည်ပေးအပ် ကြလိမ့်မည်၊ ဆင်းရဲနွမ်းပါးပြီး သိရှိနားလည်မှုအားနည်းသော တောင်သူလယ်သမားများ၊ ပြည်သူများ အပေါ် စာနာစိတ်ထားရှိ ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသဖြင့် သုံးသပ်ဆောင်ရွက်နိုင်ပါရန် သဝဏ်လွှာပေးပို့အပ်ပါကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖတ်ကြားတင်ပြခဲ့မှုအပေါ် မြေယာသိမ်းခံတောင်သူ လယ်သမားများက အထူးမျှော်လင့် ယုံကြည်အားကိုးလျက်ရှိကြောင်း သိရသည်။
သီပေါကိုလတ်
မြို့နယ်စာရေးဆရာအသင်း၊သီပေါမြို့
by Myanmar News Now
သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိနိုင်ရေး မူလမြေပိုင်ရှင်မိသားစုက မျှော်လင့်လျက်ရှိ
Reviewed by သစ်ထူးလွင်
on
19:21
Rating: