၈ လေးလုံး နှစ်ပတ် ရမည်းသင်း ဗကသ ကြေညာချက်ထုတ်ပြန်


၁၃၇၅ခုနှစ်၊ ၀ါခေါင်လဆန်း(၂)ရက်
၂၀၁၃ခုနှစ်၊ သြဂုတ်လ(၈)ရက်
ရမည်းသင်းမြို့။

၈၈၈၈ လူထုအရေးတော်ပုံ (၂၅)နှစ်ပြည့် သဘောထားကြေညာချက်

၁။ ယနေ့သည် ၈၈၈၈ (ရှစ်လေးလုံး)လူထုအရေးတော်ပုံနေ့ ၂၅နှစ်တင်းတင်း
ပြည့်သောနေ့ဖြစ်သည်။ ၈၈၈၈ (ရှစ်လေးလုံး)လူထု အရေးတော်ပုံနေ့သည်
နှစ်ပေါင်းများစွာ တပါတီအာဏာရှင်အစိုးရ၏ တံပိုးအောက်ကျရောက်ခဲ့သော
အမိဗမာပြည်ကို ကယ်တင်ရန် လူထုကြီး တစ်ရပ်လုံး နိုင်ငံရေးတစ်ကျော့ပြန်
နိုးထခဲ့ကြသည့်နေ့လည်း ဖြစ်ပေသည်။

၂။ ထိုနေ့တွင် ဗမာပြည်တိုင်းရင်းသားပေါင်းစုံမှ လူထုလူတန်းစားအသီးသီးသည်
စစ်အာဏာရှင်တံပိုးအောက်မှ ရုန်းထွက်ရန် သွေးစည်းညီညွတ်ခဲ့ကြသည်။
တွဲလက်ညီညီ တိုက်ပွဲဝင်နိုင်ခဲ့သည်။ တိုင်းရင်းသားလူထုကြီးတစ်ရပ်လုံး၏
သွေးစည်းမှုကို ကြောက်ရွံ့သော အာဏာရှင်အစိုးရသည် ရက်စက်စွာ အကြမ်းဖက်
ပစ်ခတ်သတ်ဖြတ်ခြင်းဖြင့် လူထုကြီး၏ နိုင်ငံရေး နိုးကြားမှု၊ ခံယူချက်၊
နှင့် စိတ်ဓါတ်များ ကို ချိုးနှိမ်ရန်ကြိုးစားခဲ့သည်မှာ ကမ္ဘာကျေသော်မှ
ဥဒါန်းကျေနိုင်မည် မဟုတ်ပါ။

၃။ ရှစ်လေးလုံး အရေးတော်ပုံတွင် ဗမာပြည် ဒီမိုကရေစီရရှိရေး၊
တိုင်းရင်းသားပေါင်းစုံ တန်းတူညီမျှရေး နှင့် အာဏာရှင်စနစ်
ကျဆုံးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသော်လည်း စစ်တပ်မှ
တစ်ဖန်အာဏာပြန်သိမ်းခြင်းဖြင့် တိုင်းပြည်အား အမှောင်ချထားကာ လူထုဆန္ဒ
တစ်စိုးတစ်စိမျှ မပါသော၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ဖက်သတ်
ရေးဆွဲအတည်ပြုခဲ့ကြသည်။

၎။ ယနေ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းဖြစ်ပေါ်လာသော
လွှတ်တော်(၃)ရပ်လုံးနှင့် အစိုးရအဖွဲ့အနေဖြင့် အောက်ပါအချက် များကို
အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန် ၊ သို့မဟုတ်ပါက အစိုးရ၏
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အသိ အမှတ်ပြု ၊
ယုံကြည်ပေးနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့မှ အတိအလင်းကြေညာလိုက်သည်။
(က) နိုင်ငံရေးလှုပ်ရှားမှုများအပေါ် အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများ
မှားယွင်းခဲ့ကြောင်း ၀န်ခံ၍့

ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကို တရားဝင် အသိအမှတ်ပြုကြောင်း ကြေညာပေးရန်

(ခ) လူထုဆန္ဒမပါသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနှင့်အညီ
အမြန်ဆုံး ပြင်ဆင်ပေးရန်
(ဂ) အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ
နှောင်ကြိုးမဲ့ ပြန်လွှတ်ပေးရန်
(ဃ) နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများအပေါ် ဖမ်းဆီးအရေးယူနေမှုများကို
လုံးဝ ရပ်တန့်ရန်
(င) ဒီမိုကရေစီနည်းမကျသော ဥပဒေများ ပြဋ္ဌာန်းနေမှုများကို ချက်ချင်း ရပ်တန့်ရန်
(စ) ဒီမိုကရေစီလူ့အခွင့်အရေးများကို အပြည့်အ၀ အာမခံချက်ပေးမည့် ဥပဒေများ
အမြန်ဆုံး ပြဋ္ဌာန်းရန်
(ဆ) တိုင်းရင်းသားအဖွဲ့အစည်းများအပေါ် စစ်တပ်မှ ထိုးစစ်ဆင်နေမှုများ
အလုံစုံရပ်တန့်၍ နိုင်ငံရေးအရ အမြန်ဆုံးဆွေးနွေးရန်
(ဈ) တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များအပေါ် ရန်သူသဖွယ်
စောင့်ကြည့်ဆက်ဆံနေမှုများအား ရပ်တန့်ရန်

(ပုံ) အမှုဆောင်အဖွဲ့
ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ရမည်းသင်းခရိုင်)


၈ လေးလုံး နှစ်ပတ် ရမည်းသင်း ဗကသ ကြေညာချက်ထုတ်ပြန် ၈ လေးလုံး နှစ်ပတ် ရမည်းသင်း ဗကသ ကြေညာချက်ထုတ်ပြန် Reviewed by သစ်ထူးလွင် on 06:17 Rating: 5
Powered by Blogger.