တစ်ဝမ်းတစ်ခါးအတွက် နေပူကျဲအောက် တိုးဝင်ရသူများ

မန္တလေးမြို့ရဲ့နွေနေ့လယ်ခင်းက အပူရှိန်တွေ တစ်စတစ်စ မြင့်တက်လာသည်။ အပူရှောင်သူတို့ကြောင့် လမ်းမထက်များမှာ လူသွားလူလာ ကျဲပါးစပြုလာသည်။ လူသွားလူလာ ရှင်းလင်း စပြုနေသော မြို့လယ်လမ်းမ တစ်ခုထက်တွင် အမှိုက်အတိုအစများ အပြည့် တင်ဆောင်ထားသည့် တွန်းလှည်းတစ်ခုကို အ၀တ်အစား ခပ်နွမ်းနွမ်း ၀တ်ထားသော အမျိုးသမီး တစ်ဦးတွန်းလာ နေသည်။

တစ်မနက်ခင်းလုံး နေပူထဲရပ်တကာလှည့်ပြီး အမှိုက်သိမ်းခဲ့ရသောကြောင့် တော်တော်လေး နွမ်းလျနေပြီဖြစ်သည်။ အမှိုက်တွန်းလှည်းရဲ့ လက်ကိုင်ဘောင်တန်းမှာ ချည်ထားတဲ့ ပုခက်ထဲမှာ အိပ်ရင်းလိုက်ပါလာတဲ့ (၂)နှစ်အရွယ် သားငယ်ကတော့ နေအပူကြောင့် နိုးထလာရင်း သူ့မိခင်ကို ရယ်ပြသည်။

“ကလေးက အိမ်မှာဘယ်လိုမှမနေလို့ ခေါ်လာရတာ။ ဒီကျတော့လည်း နေပူလို့မနေနိုင်တော့ ငိုပြန်ရော”ဟု ပြောရင်း ကလေးကို ကောက်ချီလိုက်သည်။

၎င်းသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်း နေ့စဉ်အမှိုက်များကို တွန်းလှည်းဖြင့် လိုက်လံသိမ်းဆည်းသည့် လုပ်ငန်းလုပ်ကိုင်နေသူ အသက် (၄၀)အရွယ် ဒေါ်ထွေးထွေးဖြစ်သည်။

“နေကတအားပူတော့ နားချင်တယ်။ ဒါပေမဲ့ နားလို့လည်း မဖြစ်ပြန်ဘူး။ ပါးစပ်ပေါက်တွေက ရှိသေးတယ်” ဟု ပြောရင်း နဖူးက ချွေးစတွေကို လက်ဖမိုးဖြင့် သုတ်သည်။

မန္တလေးမြို့သည် ယခင်နှစ်များနည်းတူ အပူဒဏ်ကို အလူးအလဲခံစားရသည်။ ယမန်နှစ် ၂၀၁၂ ခုနှစ်၊ ဧပြီလနှောင်းပိုင်းက အမြင့်ဆုံးအပူချိန်မှာ ဧပြီလ ၁၉ ရက်နှင့် ၂၆ ရက်များတွင် ၄၂ ဒဿမ ၅ စင်တီဂရိတ်အထိသာရှိခဲ့ပြီး ယခုနှစ်တွင်မူ ဧပြီလ ၁၃ ရက်က ၄၃ ဒဿမ ၇ စင်တီဂရိတ်အထိ မြင့်တက်ခဲ့ကာ ယမန်နှစ်ထက် အပူချိန်ပိုမိုပြင်းထန်သည်။ သို့သော် အပူဒဏ်ကြောင့် ရောက်ရှိလာသည့်လူနာမျိုးတော့ မရှိသေးဟု မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး ဆေးလူမှုဆက်ဆံရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၂၀၁၀ ပြည့်နှစ် မေလ ၁၂ ရက် က ၄၅ စင်တီဂရိတ်ရှိခဲ့ပြီး မန္တလေးမြို့ရှိ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်အချို့ အပူဒဏ်ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ဖူးသည်။

မေလ ၁ ရက်က ၄၂ စင်တီဂရိတ်ရှိခဲ့ပြီး ၎င်းရက်နောက်ပိုင်း မိုးအနည်းငယ်ရွာသွန်းခဲ့သောကြောင့် အပူချိန်အနည်းငယ် လျော့နည်းခဲ့ကာ မေလ ၂ ရက်တွင် ၃၂ စင်တီဂရိတ်သို့ ကျဆင်းလာခဲ့၍ အပူဒဏ် ခေတ္တခဏသက်သာရာ ရနေသည်။

ဒေါ်ထွေးထွေးလို ချွေးစတွေကို သုတ်ရင်း နွေအပူကျဲကျဲထဲကို တိုးဝင်နေရသူတွေက ဒုနဲ့ဒေး။ မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့အသွား အုန်းချောကျေးရွာက ကျားခေါင်းတောင်မှာ ကျောက်ဖြိုသည့် လုပ်ငန်းလုပ်ကိုင်နေသူအသက် (၄၅)နှစ်အရွယ် ဒေါ်သောင်းညွန့်ကတော့ အပူဒဏ်ကြောင့် ရင်တွေတုန်၊ ချွေးတွေကထွက်၊ ခေါင်းထဲက မိုက်ခနဲဖြစ်သည်မှာလည်း ခဏခဏဟုဆိုသည်။ နေအပူဒဏ်ကို ကာကွယ်ဖို့ လိမ်းလာသည့် သနပ်ခါးတွေကလည်း အပူရှိန်ကြောင့် ထွက်လာသည့် ချွေးတို့နှင့်အတူ ပျောက်ကွယ် သွားတတ်သည်။ ခြေဖမိုးနှင့် ခြေဖ၀ါးတွေလည်း အပူလောင်ကာ ပေါက်ပြဲကုန်၏။ ကိုးတန်းဖြေပြီး ကျောင်းအားရက်ခေတ္တလာကူသည့် သမီးငယ်က အပူဒဏ်မခံနိုင်၍ အခြားလုပ်ငန်းပြောင်းခိုင်းပေးရန် ပူဆာသည့်အခါ ဒေါ်သောင်းညွန့် စိတ်မကောင်း။ ညပိုင်းမောပန်းပြီး ပြန်လာတော့ ဖအေတစ်လှည့်၊ မအေတစ်လှည့်၊ သားတစ်လှည့် အပြန်အလှန်လှန်နင်းပေးရင်း နောက်နေ့အတွက် အားမွေးရပြန်သည်။ ဒီလိုနှင့်မှ အညောင်းအညာမပြေ
ချင်သေးလျှင် လမ်းထိပ်ဆေးဆိုင်ကနေ ငါးဆယ်တန် အကိုက်အခဲပျောက်ဆေး ၀ယ်ကာ မော့ချလိုက်သည်။ “ဆရာဝန်တွေကတော့ အကိုက်အခဲ ပျောက်ဆေးတွေ ခဏခဏမသောက်ဖို့မှာတယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ဆေးသောက်လိုက်မှကို သက်သာတာ” ဟု ဒေါ်သောင်းညွန့်ကဆိုသည်။

မန္တလေးမြို့လယ် ၇၃ လမ်းမ လမ်းခင်းရာတွင် ကတ္တရာစေးကျိုကာ လောင်းပေးရသည့်လုပ်ငန်း လုပ်ကိုင်နေသူ အသက် (၂၇)နှစ် အရွယ် ကိုလင်းလင်းက “နေကပူ၊ ကတ္တရာဈေးကပူ၊ ကတ္တရာကြိုတဲ့ မီးကပူနဲ့ ငရဲရောက်နေသလိုပါပဲ” ဟု ဆိုသည်။ မိမိလိုဘ၀တူနေပူထဲ အလုပ်လုပ်နေသည့် လမ်းလုပ်သားအချင်းချင်း စနောက်လိုက်တော့လည်း အပူဒဏ်က လျော့သလိုလိုခံစားရသည်ဟု သူကဆိုသည်။ အခြားနေရိပ်ထဲတွင် ၎င်းတို့သည် လုပ်ရသည့်အလုပ်များကို ပြောင်းလုပ်ရန် ဆန္ဒရှိကြသော်လည်း ယခုဝင်ငွေလောက် မရနိုင်။ ထို့အပြင် အခြားအလုပ်ရရန် အခွင့်အလမ်းနည်းပါးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု တတ်မြောက်မှုမရှိခြင်းတို့ကြောင့် နေပူထဲတိုးဝင်ရခြင်းအပြင် ရွေးစရာမရှိ။ အုန်းချောကျေးရွာ ကျောက်ခွဲသည့်လုပ်ငန်းတွင် အမျိုးသားဆိုလျှင် ၇၀၀၀ ကျပ် အထိရရှိပြီး အမျိုးသမီးဆိုလျှင် ၃၀၀၀ ကျပ်ရရှိသည်။ “အုန်းချောမှာဆို ဒီကျောက်ခွဲလုပ်ငန်းနဲ့ ထုံးထုတ်တဲ့လုပ်ငန်းတွေပဲရှိတယ်။ နှစ်ခုစလုံးက အပူတွေနဲ့ပဲ လုပ်ရတယ်။ ကျွန်တော်တို့ဆီမှာ တခြားပြောင်းလုပ်စရာ ဘာလုပ်ငန်းမှမရှိလို့ လုပ်နေရတာ။ ဒီလုပ်ငန်းတွေမှ မလုပ်ရင်လည်း ငတ်မှာပဲ”ဟု ကျောက်ခွဲလုပ်ငန်းလုပ်ကိုင်သူ ကိုထွန်းဇော်က ပြောသည်။ အမှိုက်သိမ်းသည့် အလုပ်လုပ်ကိုင်သူ မထွေးထွေးကတော့ တစ်နေ့ငါးထောင်ခန့်ရရှိသည်ဟုဆိုပြီး အခြားလုပ်ငန်းမျိုးလုပ်ပါက ယခုလို မရနိုင်ဟုဆိုသည်။ မန္တလေးဈေးချိုက ဆိုက္ကားဖြင့် ကုန်တင်ပို့ဆောင် ပေးနေသူ ကိုကုလားကတော့ နေပူဒဏ်အလူးအလဲခံစားရသော်လည်း တခြားဘာမှမလုပ်တတ်ကြောင်း ဆက်လုပ်နေဦးမည်ဟု ဆိုသည်။

ယခုလို အပူဒဏ်ပိုမိုခံစားလာရသည့်အခါ မိမိတို့အဖို့ ပုံမှန်ကုန်နေကျ လက်ဖက်ရည်ဖိုး၊ ကွမ်းဖိုးအပြင် ရေခဲရေဖိုးပါ ကုန်သည်ဟု မန္တလေးမြို့၊ ပြည်ကြီးမင်္ဂလာ ကုန်တင်ယာဉ်ရပ်နားစခန်းမှ ကုန်တင်ကုန်ချအလုပ်သမားအချို့က ပြောသည်။

ရိုးရိုးရေကို ရေခဲသေတ္တာအတွင်း ထည့်ကာရောင်းသည့် တစ်ဗူးငါးဆယ်တန် ရေခဲရေဘူးက သူတို့ တွေအတွက် မရှိမဖြစ်ဟု ဆိုသည်။

“တစ်နေ့ ရေဘူးဖိုးကိုက တစ်ထောင်လောက်ကုန်တယ်။ တစ်ဖွဲ့လုံးသောက်တာဆိုတော့ တစ်ယောက်တစ်ယောက်ဆို အာစွတ် ရုံလောက်လေးပဲသောက်ရတာ” ဟု ကုန်ထမ်းလုပ်ကိုင်နေသူ ကိုကျော်လင်းက ပြောသည်။

နေပူကျဲကျဲအောက်တွင် အလုပ်ကြမ်းသမားများသာမဟုတ်။ ယာဉ်ကြောမရှုပ်ထွေးဖို့ မီးပွိုင့်က အဆောက်အအုံလေးထဲ တာဝန် ထမ်းဆောင်နေရသည့် ယာဉ်ထိန်းရဲ ကိုကယားတစ်ယောက် အခန်းအောင်းမနေရဲ။ နှစ်ယောက်ရှိလျှင် တစ်ယောက်က မီးပွိုင့်ကိုထိန်းကာ တစ်ယောက်က လမ်းပေါ်ထွက်ရသောကြောင့် အလှည့်ကျလမ်းပေါ် တာဝန်ထမ်းဆောင်ရသည်။ ကတ္တရာလမ်းကအပူက သူတို့ဝတ်ဆင်ထားသည့် ဘွတ်ဖိနပ်ထူထူနှင့် ခြေအိတ်ထဲသို့ ခန္ဓာကိုယ်အပေါ်ပိုင်းက ချွေးများရေစက်ရေပေါက်များလို တစ်စိမ့်စိမ့်စီးကျလာနေ သည်။ ဆောင်းထားသည့်ဦးထုပ်ကလည်း ချွတ်၍မဖြစ်။ အပေါ်ပူ အောက်ပူနှင့် ယာဉ်ထိန်းရဲဘ၀ ဖြတ်သန်းရသည်။ တာဝန်ချိန်ပြီးချိန် ဘွတ်ဖိနပ်ချွတ်လိုက်ရသည့်အရသာကတော့ ဘာနှင့်မျှမလဲနိုင်ဟု ယာဉ်ထိန်းတပ်သား ကိုကယားက ပြောသည်။

ရာသီဥတုကတော့ ပူသထက်ပိုပူလာသည်။ အချို့က အပူဒဏ်ရှောင်ကာ အေးမြသည့် ရာသီဥတုရှိသော မြို့များသို့ သွားရောက် နားခိုနေကြသည်။ အချို့က အပူရှိန်မြင့်မားချိန် လေအေးပေးစက်အခန်းထဲတွင်အောင်းကာ အပူရှောင်ကြသည်။ အချို့ကတော့ ကျောပူမှ ၀မ်းအေးမည့်အရေး နေပူထဲသို့ တိုးဝင်နေရတုန်းပင် ဖြစ်ပါသည်။

ရေးသားသူ- ညီညီဇော် - 7Day News Journal


တစ်ဝမ်းတစ်ခါးအတွက် နေပူကျဲအောက် တိုးဝင်ရသူများ  တစ်ဝမ်းတစ်ခါးအတွက် နေပူကျဲအောက် တိုးဝင်ရသူများ Reviewed by သစ်ထူးလွင် on 20:34 Rating: 5
Powered by Blogger.