ငါးနှစ်အောက်ကလေး လေးသောင်းခန့် ဝမ်းရောဂါကြောင့် နှစ်စဉ်သေဆုံး

ရန်ကုန်၊ မေ ၂၈

မြန်မာနိုင်ငံတွင် သန့်ရှင်းသော သောက်သုံးရေရရှိမှု အားနည်းသောကြောင့် အသက်ငါးနှစ်အောက် ကလေး လေးသောင်းခန့် ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် နှစ်စဉ် သေဆုံးလျက် ရှိကြောင်း အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၏ သမီး ဖြစ်သူ ကလင်တန်ဖောင်ဒေးရှင်းမှ ချယ်လ်ဆီး ကလင်တန်က မေလ ၂၇ ရက်နေ့ Procter & Gamble (P&G) နှင့် ကလင်တန် ဖောင်ဒေးရှင်းတို့၏ ရေခြောက်ဘီလီယံ လီတာမြောက် ရေလှူဒါန်းပွဲတွင် ပြောကြားသည်။

သန့်ရှင်းသော သောက်သုံးရေ ရရှိရေးသည် သေရေးရှင်ရေးတမျှ အရေးကြီးပြီး ကမ္ဘာပေါ်ရှိ ကလေးတစ်သန်းခန့်သည် ဝမ်းပျက်ခြင်းနှင့် ခန္ဓာကိုယ်တွင်း ရေခန်းခြောက်ခြင်းကြောင့် နှစ်စဉ် သေဆုံးနေကြကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် အမေရိကန် အစိုးရ၏ နိုင်ငံတကာ ကူညီပံ့ပိုးမှု အစီအစဉ် (USAID) က လာမည့် ၂ နှစ်အတွင်း သောက်သုံးရေရရှိမှု၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး တိုးတက်စေရန် အမေရိကန်ဒေါ်လာနှစ်သန်း ပံ့ပိုးသွားမည်ဖြစ်ကြောင်း အဆိုပါပွဲတွင်ပင် USAID က ထုတ်ပြန်သည်။

လက်ရှိအချိန်တွင် သောက်သုံးရေ ရရှိမှု တိုးတက်လာသော်လည်း လုံလောက် သောအခြေအနေ မရရှိသေးသည့်အတွက် ကျန်းမာရေးထိခိုက်သူ များစွာကျန်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီမှာ ရာသီဥတု အပြောင်းအလဲကြောင့် ရေကောင်းရေသန့် မပြောနဲ့ ရေရဖို့တောင် မနည်း ရုန်းကန်နေရတယ်” ဟု World Vision ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး အဖွဲ့၏ ဒါရိုက်တာ ဦးဝင်းဇင်ဦးက ပြောဆိုသည်။

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ယခုနှစ် နွေရာသီ၌ ရေရှားပါးမှု အခက်အခဲများ ပိုရင်ဆိုင်ခဲ့ ရသည်။

The Voice Weekly


ငါးနှစ်အောက်ကလေး လေးသောင်းခန့် ဝမ်းရောဂါကြောင့် နှစ်စဉ်သေဆုံး  ငါးနှစ်အောက်ကလေး လေးသောင်းခန့် ဝမ်းရောဂါကြောင့် နှစ်စဉ်သေဆုံး Reviewed by သစ်ထူးလွင် on 19:11 Rating: 5
Powered by Blogger.