ပုဂ္ဂလိက ပညာရေးဂယက်၏ အနားသတ်

မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ် ဝန်းကျင်ကပင် နားလည်မှုဖြင့် စတင်ပေါ်ပေါက် လာသော International School (နိုင်ငံတကာ အသိအမှတ် ပြုကျောင်း) များမှာ ၁၈ နှစ်သား ရောက်ချိန်အထိ တရားဝင် မှတ်ပုံတင်ကျောင်း အနေနှင့် အသိအမှတ်ပြုခြင်း မရှိသေးသော်လည်း တစ်နှစ်ထက် တစ်နှစ် အသိအမှတ်ပြု လက်ခံသူ ပိုမိုတိုးတက် လာပြီး မြန်မာ့ပညာရေး ဈေးကွက်တွင် ဈေးကွက် အခိုင်အမာ ရရှိထားပြီးဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရတက်လာပြီး ၂ နှစ် ကျော်အကြာ ၂၀၁၃ မေလတွင် International School များ ကျောင်းအပ်ခနှုန်းထား အပြောင်းအလဲနှင့် ဝန်ဆောင်မှုများအပေါ် မကျေနပ်ရာမှ ကျောင်းသားမိဘနှင့် ကျောင်းအုပ်ချုပ်သူများ အကြား စတင်ပေါ်ပေါက်လာသော ပေါက်ကွဲမှုများမှသည် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကပညာရေးစနစ်နှင့် အနားသတ် မဲ့နေသည့် မြန်မာ့ပညာရေးစနစ်ကို မေးခွန်း ထုတ်လာကြသည်။ အမြင်အမျိုးမျိုးဖြင့် ဝေဖန်လာကြသည်။ ယင်းသည်ပင် နှစ်ပေါင်း များစွာ သူ့သဘောသူဆောင်နေသော အနားသတ်မဲ့ မြန်မာ့ပညာရေးအတွက် လားရာသစ်များစွာကို မီးမောင်းထိုးလိုက် သကဲ့သို့ ဖြစ်လာသည်။

ယနေ့မြန်မာနိုင်ငံ အခြေခံပညာရေး နယ်ပယ်ကိုကြည့်ပါက အစိုးရပညာရေး၊ နိုင်ငံတကာ သင်ရိုးများနှင့် သင်ကြားသော ပုဂ္ဂလိကပညာရေးနှင့် အစိုးရသင်ရိုးကို ပင်မ ထား သင်ကြားသော အစိုးရအသိအမှတ်ပြု ပုဂ္ဂလိကပညာရေး ဟူ၍ ပညာရေးစနစ်သုံး မျိုးရှိနေသည်။

အစိုးရပညာရေးကို ကြည့်ပါက ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ဆုံးနေသည် အထိ နှစ်ကာလကြာရှည်စွာ စနစ်ဆိုး၏ အောက်တွင် ပျက်စီးယိုယွင်းနေရသည်။
အုပ်ချုပ်သူအဆက်ဆက် စမ်းသပ် ပြုပြင်ခဲ့သော ပညာရေးစနစ်များသည် နိုင်ငံတကာ ပညာရေးနှင့် ဝေးကွာခဲ့သလို အာဆီယံဒေသတွင်းမှာလည်း တဖြည်းဖြည်း နိမ့်ကျခဲ့သည်။ လက်တွေ့အားနည်းချက် များနှင့် ဆရာဦးဆောင် သင်ကြားသော ပုံစံများကြောင့် စာသင်ခန်းနှင့်ကျောင်းသားများ ကြား ခြားနားလာခဲ့သလို အရည်အချင်းစစ် စာမေးပွဲစနစ် ယိုယွင်းချက်ကြောင့် တွေးခေါ် စဉ်းစားနိုင်စွမ်းထက် အလွတ်ကျက် ပညာရေးစနစ် အဖြစ် ပြောင်းလဲခဲ့သည်။
ထို့ကြောင့် ကျောင်းသားများ၏ တစ်နေ့တာအချိန် သုံးပုံနှစ်ပုံနီးပါးမှာ ကျောင်းတွင်း စာသင်ချိန်၊ ကျူရှင်ချိန် (ကျောင်းစာကို နားမလည်သဖြင့် ကျူရှင်တွင် အချိန်ပိုယူ သင်ကြားချိန်)၊ စာကျက်ချိန်တို့ဖြင့် အချိန် ကုန်သွားသည်။

ကျောင်းသား တစ်ယောက်အတွက် တစ်ရက် ၁၃ နာရီမှ ၁၆ နာရီအထိ အချိန်များ ကို ကျောင်းစာအတွက် အသုံးပြုရသဖြင့် အိပ်ချိန်ရှစ်နာရီ ပေါင်းပါက ကိုယ်ပိုင်အချိန် မရှိသလောက်အထိ ဖြစ်သွားခဲ့သည်။

ယင်းသည်ပင် အစိုးရပညာရေးစနစ်၏ အဓိကအားနည်းချက် ဖြစ်လာသည်၊ အမှန်တကယ်တတ်ခြင်း၊ မတတ်ခြင်း၊ လက်တွေ့နယ်ပယ်တွင် အသုံးဝင်ခြင်း၊ မဝင်ခြင်းကို ထည့်မတွက် သေးသည့်တိုင် အစိုးရပညာရေး စနစ်မှာ ပြုပြင်စရာ လိုအပ်ချက်များစွာ ရှိနေသည်။ ယင်းကြောင့်ပင် မြန်မာ့ပညာရေး စနစ်ကို အောက်ခြေကပင် ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း ပညာရှင်များက ယနေ့ပြောကြားလာခြင်း ဖြစ်သည်။

အစိုးရပညာရေး စနစ်၏ အဆိုပါ အားနည်းချက်များကြောင့် ငွေကြေးတတ် နိုင်သူများက နိုင်ငံခြားပညာရေးကို အလေးပေး ဦးတည်သော International School များကို အားပြုလာကြသည်။
မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ်မှ စတင်ဖွင့်လှစ်လာသည့် International School များမှာ ကမ္ဘာ့အဆင့် ပညာရေး စနစ်အမျိုးမျိုးဖြင့် သင်ကြားကြခြင်းဖြစ်ပြီး သင်ရိုး၊ သင်ကြားနည်း အမျိုးမျိုးကွဲပြား ကြသည်။

"မြန်မာနိုင်ငံမှာ အမေရိကန် ပညာရေးစနစ်နဲ့ သင်ကြားနေတဲ့ ကျောင်းတွေထဲမှာ အမေရိကား အသိအမှတ်ပြု လက်မှတ်ရထားတာ ISY (International School Yangon)၊ ISM (International School of Myanmar)၊ YIS (Yangon International School) ရယ် အဲဒီကျောင်းတွေ ရှိတယ်၊ ISY ကတော့ အမေရိကန် သံရုံးက ပညာရေးဌာန အသိအမှတ်ပြုနဲ့ လုပ်လာတာ နှစ် ၅၀ ရှိပြီ။ သူက သက်တမ်း အကြာဆုံးပဲ၊ Horizon ကျောင်းကတော့ ဆွစ်ဇာလန် ပညာရေးစနစ်ကို သုံးတယ်၊ သူလည်း အသိအမှတ်ပြုလက်မှတ် ရထားတာပဲ" ဟု မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်း များတွင် သင်ကြားရေး အတွေ့ အကြုံ ၁၅ နှစ်နီးပါးရှိသူ ဦးအောင်ဆန်းမြင့် က ရှင်းပြသည်။

ယင်းသို့ အသိအမှတ်ပြုသည့် နိုင်ငံများ မတူသကဲ့သို့ သင်ကြားသည့် စနစ်မတူခြင်း၊ သင်ရိုးမတူခြင်း တို့ကြောင့် ကျောင်းသားမိဘ အများစုအတွက် ကျောင်းရွေးချယ်မှု၊ ကျောင်းပြောင်းရွှေ့မှု များတွင် ဆုံးဖြတ် ချက်ချနိုင်ရန် ခက်ခဲလေ့ရှိသည်။
ထို့အပြင် ကျောင်းအများစုတွင် မြန်မာဘာသာ မသင်ကြားခြင်း၊ မြန်မာ့သမိုင်း အပါအဝင် မြန်မာနိုင်ငံသားတစ်ဦး သိသင့်သိထိုက်သည့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာ အကြောင်း သင်ကြားမှု မရှိခြင်း တို့မှာလည်း အကြီးမားဆုံးပြဿနာ တစ်ရပ်အဖြစ် ပညာရှင်များက ထောက်ပြကြသည်။

တစ်ဖက်တွင်လည်း အားနည်းချက် ရှိလျက်နှင့် အင်္ဂလိပ်စာတတ်ကျွမ်းမှု အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုပညာရေး၊ ဘဝအာမခံချက် ရှိခြင်းတို့ကြောင့် International School များတွင် တက်ရောက် သင်ကြားသူများမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။

သို့သော် ယခုလဆန်းပိုင်းက International School of Myanmar (ISM) ကျောင်းတွင် ဖြစ်ပွားခဲ့သည့် ကျောင်းလခ တိုးမြှင့်ခြင်းမှ စသည့် ကျောင်းသား မိဘ များနှင့် ကျောင်းအုပ်ချုပ်သူများ အကြား အငြင်းပွားမှုမှာ ၁၈နှစ်ဝန်းကျင် သက်တမ်း ရှိလာပြီဖြစ်သော International School များကို ပြန်လည်ဆန်းစစ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း သတိပေး ခေါင်းလောင်းထိုး လိုက်သကဲ့သို့ ဖြစ်သွားသည်။

ယင်း၏ နောက်ဆက်တွဲအဖြစ် ကျောင်းလခတိုးမြှင့်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာဖြင့် တင်ပြခြင်းနှင့် International School များနှင့် ပတ်သက်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌများထံ အိတ်ဖွင့် ပေးစာဖြင့် တင်ပြခြင်းတို့ ပြုလုပ်သွားမည် ဖြစ်ကြောင်း ISM ကျောင်းမှ ကျောင်းသား မိဘများက ထုတ်ပြန်လိုက်သည်။

"နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိသေးတယ်၊ နိုင်ငံခြားသား ဆရာ ဆရာမတွေ ဆိုရင် သူတို့နေထိုင်ခွင့် ဗီဇာကို အမျိုးမျိုးပြပြီး ခေါ်ထားတယ်၊ တရားဝင် ဆရာ ဆရာမ အဖြစ်ခေါ်ထားတာ မဟုတ်တဲ့အတွက် သူတို့ဆီက အခွန်လည်း မရဘူး၊ အရင်လုပ်ခဲ့တဲ့ ISM ကျောင်းမှာ ဆို သူတို့အတွက် တစ်လ လစာက ဒေါ်လာ ၁၅၀၀ ကနေ ဒေါ်လာ ၂၅၀၀ ထိပေးရတယ်၊ ဆရာ ဆရာမ အားလုံးအတွက်ဆို ဒေါ်လာ ငါးသိန်းလောက် အသားတင်ကုန်တယ်၊ ကျန်တာ သူတို့နေစရိတ်၊ ဗီဇာပြည့်ရင် ထိုင်းတို့ကို ရှောင်တိမ်းဖို့အတွက် လေယာဉ် လက်မှတ်ခ၊ စားစရိတ် အကုန်ပေးရတယ်" ဟု ဆရာ ဦးအောင်ဆန်းမြင့်က ဆိုသည်။

ထို့ကြောင့် ပညာရေးကုမ္ပဏီ သို့မဟုတ် ပညာရေးအတိုင်ပင်ခံ အမည်ခံနှင့် ဖွင့်ထား ကြသည့် နိုင်ငံတကာကျောင်းများ တရားဝင် ဖြစ်ရေး၊ ဥပဒေတစ်ရပ်နှင့် ထိန်းကွပ်ရေး ဆိုသည့် တောင်းဆိုချက်တစ်ရပ် အသက် ဝင်လာသည်။

"ဥပဒေပေါ်လာတာ ကောင်းပါတယ်၊ ဒါပေမဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် အချိန်ယူလေ့လာပြီး ဘယ်နိုင်ငံကပညာရေး ဥပဒေတွေက ဘယ်လိုရှိတယ်၊ ဘယ်လိုစနစ် မျိုးက ဘာအားနည်းချက် ရှိတယ်ဆိုတာ မျိုးဆုံးဖြတ်ပြီးမှ ဥပဒေပြဋ္ဌာန်းသင့်တယ်၊ မရည်ရွယ်ဘဲဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေချင်ဘူး၊ ဥပဒေ ပြဋ္ဌာန်းလိုက်မှ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ မဖြစ်လာစေချင်ဘူးဟု Horizon International School မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲထွန်းက သုံးသပ်သည်။

International School များမှာ ဖန်တီးနိုင်စွမ်း (Creativity)၊ မတူ ကွဲပြားမှု (Diversity)၊ နည်းပညာသစ်၊ အတွေး အခေါ်သစ်များကို ချိတ်ဆက်လုပ်ဆောင် နိုင်ရန် သင်ကြားရခြင်းဖြစ်ရာ ယင်းတို့ကို လိုက်လျောညီထွေ လုပ်ဆောင်နိုင်သည့် ဥပဒေမဖြစ်ပါက သင်ကြားမှုကို ထိခိုက် နိုင်ကြောင်း ၄င်းကဆိုသည်။

လက်ရှိအနေအထားတွင် အခြေကျနေပြီး အားကောင်းစပြုနေသည့် နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ အတွက်မူ စနစ်သစ် တစ်ခုကြောင့် ဟန်ချက်ပျက်သွားမည် ကိုမူ ကျောင်းတည်ထောင်သူ များရော ကျောင်းသား မိဘများ ဘက်ကပါ စိုးရိမ်ကြမည်မှာ သေချာသည်။

ယင်းသို့ပင် အစိုးရသစ်တက်လာပြီး နောက်ပိုင်းတွင် စတင်အတည်ပြု ပြဋ္ဌာန်း လိုက်သည့် ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေများအရ ပေါ်ပေါက် လာသည့် အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများတွင်လည်း အားနည်းချက်များ စွာရှိပြီး ဝေဖန်မှုများစွာ ရှိနေသည်။

အထူးသဖြင့် ကိုယ်ပိုင်ကျောင်း ဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း ရှုပ်ထွေးမှုများကြောင့် ကျောင်း တည်ထောင်သူများတွင် အခက်အခဲများစွာ ရှိနေကြောင်း အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကကျောင်း တည်ထောင်လိုသူများက ဆိုသည်။

နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ ကို ဥပဒေမရှိ၊ ကန့်သတ်ချက်မရှိ ခွင့်ပြုထား သော်လည်း အစိုးရအသိအမှတ်ပြု ပုဂ္ဂလိက ကျောင်းများမှာမူ အလုပ်လုပ်ကိုင်ရန် ခက်ခဲသည့် အနေအထားအထိပင် လုပ်ထုံး လုပ်နည်းများ တင်းကျပ်ထားခြင်းမှာ မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။
ယင်းကြောင့် ကျောင်းလခတိုးမြှင့်မှု မှ စတင်သည့် ပုဂ္ဂလိကပညာရေး ဂယက်မှာ အနားသတ်မဲ့ဖြစ်နေပြီး အဆင်ပြေသလို လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံပညာရေး စနစ်အတွက် အနားသတ်တစ်ခု တောင်းဆိုလာခြင်းဟု ဆိုရမည်ဖြစ်သည်။

အဆိုပါ အနားသတ်တစ်ခုမှာ မြန်မာပညာရေး နယ်ပယ် တစ်ခုလုံးအတွက် သင့်လျော်သည့် ပညာရေးဥပဒေ တစ်ရပ် ပေါ်ထွန်းလာရေးဟု ဆိုသည်။
"ခိုင်ခိုင်မာမာ ပြောရရင် နိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုးမှု စနစ်ကို အမြဲတမ်း အထောက် အပံ့ပေးနိုင်တဲ့ အမျိုးသားပညာရေး ဥပဒေ လို့ခေါ်တဲ့ ပေတံတစ်ချောင်း လိုတယ်၊ အဲဒီ ပညာရေးဥပဒေ မရှိရင် မြန်မာနိုင်ငံပညာရေး က နှောင့်နှေးနေမှာပဲ၊ ဒီဟာက ဘယ်တုန်း ကမှ မြန်မာနိုင်ငံမှာ မရှိခဲ့ဘူး၊ တခြားနိုင်ငံ တွေမှာတော့ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းပြီး ဆောင်ရွက်ကြတယ်" ဟု နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ကွန်ရက် ပြန်ကြားရေးတာဝန်ခံ ဒေါက်တာဘိုင်အိုက ထောက်ပြသည်။

သို့သော် ပညာရေးဥပဒေတစ်ရပ် ပေါ်ထွန်းလာရေး ချက်ချင်းလုပ်ဆောင် နိုင်သည့် ကိစ္စမဟုတ်ဘဲ အချိန်ယူစနစ်တကျ လုပ်ဆောင်ရမည်ဖြစ်ရာ ပထမဆုံးသက်တမ်း အလိုက် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးသော၊ ထိန်းကွပ်စောင့်ကြည့်နေသော အဖွဲ့အစည်းတစ်ရပ် ပိုမိုလိုအပ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

နိုင်ငံတကာအဆင့် ပုဂ္ဂလိကကျောင်း များအတွက် ကျောင်းများကိုစောင့်ကြည့် သုံးသပ်သည့် ကော်မတီ ရှိရမည်ဖြစ်ကြောင်း၊ ယင်းကော်မတီက ကျောင်းများ၏ သင်ရိုး ညွှန်းတမ်း မာတိကာနှင့် ကျောင်းများ၏ သတ်မှတ်စည်းကမ်းများ၊ အစိုးရပညာသင် ကျောင်းများနှင့် ချိတ်ဆက်မှုတို့ကို ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် ယင်းသို့လုပ်ဆောင်ကြကြောင်း ဆရာ ဦးအောင်ဆန်းမြင့်က ရှင်းပြသည်။
"နောက်ပြီး အဲဒီကော်မတီက သတ်မှတ်ချက်တွေအတိုင်း လိုက်နာနိုင်တဲ့ မည်သည့်ကျောင်းမဆို ဒီမှာဖွင့်လှစ်ခွင့် ရတဲ့အတွက် အပြိုင်အဆိုင်တွေ များရင် ကျောင်းသားတွေအတွက် ရွေးချယ်စရာ တွေ များလာနိုင်တယ်" ဟု ၄င်းကဆိုသည်။

ပြည်ပနိုင်ငံများ တွင်မူ နိုင်ငံတကာ ပုဂ္ဂလိကကျောင်းများ အတွက် ဖွဲ့စည်းထားသော ကော်မရှင်က အဆိုပါကျောင်းများ အတွက် လိုင်စင်သတ်မှတ်ခြင်း၊ လိုအပ်မည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးခြင်း၊ အရည်အသွေးဆိုင်ရာ ထောက်ခံချက် ပေးခြင်းနှင့် သင်ရိုးညွှန်းတမ်းများတွင် နိုင်ငံ၏ စာပေ နှင့် ယဉ်ကျေးမှု သမိုင်းနောက်ခံများ ကို မသင်မနေရ သင်ကြားပေးစေခြင်း တို့ သတ်မှတ်ကြကြောင်း Tip Top ပညာရေး အတိုင်ပင်ခံ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းထွန်းက ပြောကြားသည်။

ယင်းသို့ပင် ပုဂ္ဂလိကဆရာများ အသင်းချုပ် ပြန်ကြားရေးမှူးလည်း ဖြစ်သည့် ဒေါက်တာစိုးဝင်းဦး (ဒေါက်တာဘိုင်အို) ကလည်း "စင်ကာပူနိုင်ငံ မှာလည်း ပုဂ္ဂလိက ကျောင်းကောင်စီဆိုတာ ရှိတယ်၊ အဲဒီ ကောင်စီက လွတ်လပ်တဲ့ပညာရေးနဲ့ အကြံပေးပုဂ္ဂိုလ်တွေ၊ ပညာရေးစီမံကိန်းကို ကျွမ်းကျင်တဲ့ ပညာရှင်တွေ၊ နိုင်ငံတကာ အကြံပေးတွေ၊ ပညာရေးဝန်ကြီးဌာနက အရာရှိတွေ ပူးပေါင်းပြီး ဖွဲ့ထားတယ်၊ မြန်မာနိုင်ငံ မှာလည်း အဲလိုကောင်စီတစ်ရပ် ပေါ်ဖို့ လိုအပ်တယ်၊ ဥပဒေ မပေါ်လာမီမှာ ဒီကောင်စီကို အရင် ဖွဲ့စည်းထားသင့်တယ်၊ သူက တစ်ဆင့် ပုဂ္ဂလိက ပညာရေးဥပဒေ ပေါ်လာဖို့ ညှိနှိုင်းရမယ်" ဟုထောက်ပြသည်။

ပုဂ္ဂလိက ပညာရေးစနစ် ပီပီပြင်ပြင် ပေါ်ပေါက်လာရေးမှာ မြန်မာနိုင်ငံ ပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးကြောင်း၊ အဘယ်ကြောင့်ဆိုသော် အစိုးရက ပညာရေးဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန် ထမ်းနေရကြောင်း၊ ငွေကြေးတတ်နိုင် သူများက ပုဂ္ဂလိကကျောင်းများသို့ ရောက်ရှိ သွားပါက အစိုးရ၏ ဝန်ထုပ်ဝန်ပိုးလျော့ သွားသည့် အတွက် ငွေကြေးမတတ်နိုင် သူများအတွက် ကောင်းမွန်သည့် ပညာရေး ကို အစိုးရက ကောင်းစွာ၊ နိုင်နိုင်နင်းနင်း ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း ၄င်းက သုံးသပ်ပြသည်။

ယင်းကြောင့် မြန်မာပညာရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပညာရေးနယ်ပယ် အသီးသီးကို ကိုယ်စားပြုသော ပညာရေး ဥပဒေတစ်ရပ် ရေးဆွဲရန် လိုအပ်နေပြီး ယင်းဥပဒေ စနစ်တကျ ရေးဆွဲနိုင်စေရန် အတွက် ပညာရေးနယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သော ကော်မရှင် တစ်ရပ် ပေါ်ပေါက်ရန် လိုအပ်နေပြီဖြစ်သည်။

ယင်းမှာ ကျောင်းလခ တိုးမြှင့်ရာမှ ဖြစ်ပေါ်လာသည့် ပညာရေး ဂယက်က ပေးသည့် အထိန်းအကွပ်မဲ့ မြန်မာ့ပညာရေး စနစ်အတွက် အနားသတ်ဖြစ်လာ မည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်ပေသည်။

(ကျော်ဆန်းမင်း၊ လဲ့ရည်မြင့်) The Voice Weekly


ပုဂ္ဂလိက ပညာရေးဂယက်၏ အနားသတ်  ပုဂ္ဂလိက ပညာရေးဂယက်၏ အနားသတ် Reviewed by သစ်ထူးလွင် on 21:01 Rating: 5
Powered by Blogger.