၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန်(၁၂း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့ မြန်မာစံတော်ချိန် (၁၁း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်- အနောက်မြောက်ဘက် မိုင်(၁၁၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက် မိုင်(၁၁၀)ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ တစ်နာရီလျှင်(၁၀)မိုင်မှ (၁၅)မိုင်နှုန်းဖြင့်ရွေ့လျားလျှက်ရှိပြီး၊ မုန်တိုင်း ဗဟိုချက်သည် နောက်(၆)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ (စစ်တကောင်းမြို့ )အနီးမှ ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။
ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင်အရေးပေါ် အခြေအနေဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည်ရွေ့လျား လျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။
ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင်(၄)ပေမှ (၆)ပေ ခန့် မြင့်တက်နိုင်ပါသည်။
မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊
မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ပြီးမိုးကြီး နိုင်ပါသည်။
မြန်မာစံတော်ချိန်(၁၁း၃၀)နာရီ အချိန် တိုင်းထွာချက်များအရ မောင်တောမြို့တွင် အရှေ့တောင်အရပ်မှ တစ်နာရီ လျှင်(၂၅)မိုင်နှုန်းဖြင့် လည်းကောင်း၊ စစ်တွေမြို့တွင် တောင်အရပ်မှ တစ်နာရီလျှင်မိုင်(၄၀)နှုန်းဖြင့် လည်းကောင်း၊ ကျောက်ဖြူမြို့တွင် အနောက်တောင်အရပ်မှ တစ်နာရီလျှင်(၂၅)မိုင်နှုန်းဖြင့် လည်းကောင်း၊ သံတွဲမြို့တွင်အရှေ့ တောင်အရပ်မှ တစ်နာရီလျှင်(၃၅)မိုင်နှုန်းဖြင့် တိုက်ခတ်လျှက်ရှိကြောင်း တိုင်းထွာရရှိပါသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက် ပင်လယ်မှ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

မဟာဆန် မုန်တိုင်း သတင်း ယနေ့ နေ့ လည် ၁၂ နာရီအချိန် ထုတ်ပြန်ချက်
Reviewed by သစ်ထူးလွင်
on
15:07
Rating: