ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် အမျိုးသားကောလိပ် ဖွင့်မည်

မြစ်ကြီးနား၊ မေ ၂၅

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ ညီမှုလက်မှတ် မရေးထိုး ရသေးသော ကေအိုင်အို၏ ထိန်းချုပ်နယ်မြေ၌ လာမည့် စက်တင်ဘာလတွင် အမျိုးသား ကောလိပ်ကျောင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ကေအိုင်အို ပညာရေးဌာန၏ ဒုတိယ တာဝန်ခံ ဦးခွန်းအောင်က The Voice သို့ ပြောကြားသည်။

လက်ရှိတွင် ကေအိုင်အိုနယ်မြေ အတွင်းရှိ အထက်တန်းအောင်မြင်သော ကျောင်းသားများမှာ တက္ကသိုလ် တက်ရောက်ရန် အခက်အခဲ ဖြစ်နေသောကြောင့် ယခင်ရှိပြီးသား အစီအစဉ်ဖြစ်သော အမျိုးသားကောလိပ် ဖွင့်လှစ်ရေးကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
"နိုင်ငံတကာအသိအမှတ်ပြုကောလိပ် ဖြစ်ဖို့အတွက် ချိတ်ဆက်နေပါတယ်။ ဘယ်နိုင်ငံနဲ့ ချိတ်ဆက်ဖြစ်မယ် ဆိုတာတော့ ပြောလို့မရသေးပါဘူး" ဟု ၄င်းကဆိုသည်။

လက်ရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း ဖွင့်လှစ်ထားသော အထက်တန်းကျောင်းများမှ အောင်မြင်သော ကျောင်းသားများသည် ကေအိုင်အိုက ဖွင့်လှစ်ထားသော ဗိုလ်သင်တန်း၊ အုပ်ချုပ် ရေးသင်တန်း၊ ဆရာအတတ်သင်ကျောင်း၊ သူနာပြုသင်တန်းကျောင်း နှင့် စိုက်ပျိုးရေးသင်တန်းကျောင်း တို့တွင် တက်ရောက် နေရသည်။
"ကောလိပ် ဖွင့်ဖွင့်ချင်းမှာ စိုက်ပျိုး ရေးဘာသာ၊ အင်္ဂလိပ်ဘာသာ အစရှိတဲ့ ဘာသာရပ်လေးခု ပါပါမယ်။ နောက်တော့ တဖြည်းဖြည်းတိုးချဲ့မယ်" ဟု ဦးခွန်းအောင် က ပြောကြားသည်။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၂၆၅ ဦးဖြေဆိုခဲ့ပြီး ၁၂၃ ဦးအောင်မြင်ခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း စစ်ဘေးဒုက္ခသည် စခန်းများရှိ ကျောင်းသားများ သီးသန့် ပညာသင်ကြားနိုင်ရေးအတွက် အထက်တန်းကျောင်း တစ်ကျောင်းကို လိုင်ဇာမြို့အနီး အလဲန်းဘွမ် ကျေးရွာတွင် ဖွင့်လှစ်ပေးခဲ့သည်။

The Voice Weekly


ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် အမျိုးသားကောလိပ် ဖွင့်မည်  ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် အမျိုးသားကောလိပ် ဖွင့်မည် Reviewed by သစ်ထူးလွင် on 15:12 Rating: 5
Powered by Blogger.