ပိုရမ်းကားလာတဲ့ ဟိုင်းလပ် နှင့် ဒိုင်နာ ၁၄ ရက်အတွင်း လူငါးဆယ်နီးပါးကို ဒဏ်ရာပေးအမှုတွဲခဲ့

ရန်ကုန် မေ ၈

ဟိုင်းလပ် နှင့် ဒိုင်နာ ယာဉ်တိုက်မှုကြောင့် ၁၄ ရက်အတွင်း ခရီးသည် ၄၂ ဦး ဒဏ်ရာရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း မထသ ( ဗဟို )မှ သိရသည်။

ဧပြီ ၁၆ ရက်မှ ၃၀ ရက်နေ့အထိ ယာဉ်တိုက်မှု ဖြစ်စဉ်များ ထုတ်ပြန်ချက်အရ ဟိုင်းလပ် နှင့် ဒိုင်နာ ယာဉ်များသည် အရှိန်မထိန်းနိုင်ဘဲ ယာဉ်နှင့် ယာဉ်တိုက်မိမှု နှင့်လမ်းဖြတ်ကူးသူအား တိုက်မိခဲ့ကြောင်း မထသ ( ဗဟို )မှ သိရသည်။

တောင်ဥက္ကလာပမြို့နယ် တွင်နေထိုင်သူ တက္ကစီယာဉ်မောင်း ဦးနိုင်ဝင်းက "အဲ့ဒီကားတွေက ကားသေးတယ်ဆိုပြီး အရှိန်မြှင့်ပြီး မောင်းတာ ရှေ့ကားကို ကျော်တက်ပြီးမောင်းကြတာတွေ တွေ့ရပါတယ်။ ချော်တွင်းကုန်းမီးပွိုင့် မှာဆိုရင် လမ်းပြောင်းပြန် မောင်းနေတာ
မကြာမကြာ တွေ့ရပါတယ်" ဟု ပြောသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်များအနက် ဒိုင်နာ နှင့် ဟိုင်းလပ်ယာဉ်တိုက် တိမ်းမှောက်မှုများတွင် ထိခိုက်ဒဏ်ရာ ရရှိမှုများပြားခြင်း ကြောင့် မီနီဘတ်စ် ယာဉ်များဖြင့် အစားထိုးလဲလှယ်ပြေးဆွဲနိုင်စေရန် အတွက်လည်း စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့အစည်း မှသိရသည်။

၁၀၇ ဒိုင်နာယာဉ်ပိုင်ရှင်တစ်ဦးက "ကျွန်တော်တို့လည်း အန္တရာယ်များ တဲ့ ဒီကားတွေနဲ့ မပြေးဆွဲချင်ပါဘူး။ ဒါပေမယ့် မီနီဘတ်စ် ၀ယ်မယ့် အရင်းအနှီးကျတော့ မတတ်နိုင်ဘူးဗျ ။ ဌာနကနေ အရစ်ကျဝယ်လို့ ရအောင် ညှိနှိုင်းပေးမယ်လို့တော့ ကြားရပါတယ်။ တစ်ချို့
ယာဉ်လိုင်းတွေလည်း မီနီဘတ်စ် နဲ့ ပြေးဆွဲဖို့ပြင်ဆင်နေကြတယ်လို့သိရတယ်"ဟု ပြောသည်။

ထက်ထက်မိုးမြင့် - Popular Myanmar News Journal


ပိုရမ်းကားလာတဲ့ ဟိုင်းလပ် နှင့် ဒိုင်နာ ၁၄ ရက်အတွင်း လူငါးဆယ်နီးပါးကို ဒဏ်ရာပေးအမှုတွဲခဲ့  ပိုရမ်းကားလာတဲ့ ဟိုင်းလပ် နှင့် ဒိုင်နာ ၁၄ ရက်အတွင်း လူငါးဆယ်နီးပါးကို ဒဏ်ရာပေးအမှုတွဲခဲ့ Reviewed by သစ်ထူးလွင် on 14:14 Rating: 5
Powered by Blogger.