နိုင်ငံတော် သမ္မတကြီးနှင့် ပညာရေး ၀န်ကြီးတို့အား သိစေအပ်ပါသည်။
ကျွန်တော်တို့ဟာ စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ဆရာ/ဆရာမ ၀န်ထမ်းများဖြစ်ပြီး မန္တလေးမြို့မှတဆင့် နေ့စဉ် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပါတယ်။ စစ်ကိုင်းပညာရေး တက္ကသိုလ်သည် ယခင်က မန္တလေးမြို့ ၆၂ လမ်း၊ နန်းရှေ့မှ စစ်ကိုင်းမြို့ဘက်သို့ ပြောင်းရွှေ့ခဲ့ရသော တက္ကသိုလ် ဖြစ်သည့်အတွက် ၀န်ထမ်းအများစုသည် မန္တလေးမြို့မှာ နေထိုင် အသားကျနေပြီးသောကြောင့် လည်းကောင်း၊ စစ်ကိုင်း ပညာရေး တက္ကသိုလ်ဝင်းထဲတွင်လည်း ၀န်ထမ်းအိမ်ရာ လုံလောက်စွာ မရှိခြင်းတို့ကြောင့် လည်းကောင်း အများစုမှာ နေ့စဉ် ၀န်ထမ်းဖယ်ရီကားဖြင့် ရုံးတက်ရုံးဆင်း ပြုလုပ်ကြရပါတယ်။
မန္တလေးမြို့မှ စစ်ကိုင်းပညာရေးတက္ကသိုလ်အထိ ၀န်ထမ်းများ အသွားအပြန်လုပ်ရန်အတွက် သက်ဆိုင်ရာမှ ဖယ်ရီကားတစ်စီး စီစဉ်ပေးထားပါသည်။ ဖူဆို အမျိုးအစား ဖယ်ရီတစ်စီးလည်း ဖြစ်သောကြောင့် တစ်ယောက်ထိုင်ခုံ ၁၆ ခုံနှင့် နောက်ဆုံး၅ယောက် ထိုင်ခုံတွဲတစ်တွဲပါရှိပါသည်။ ကားအတွင်းတွင် အလည်ခုံများ ထည့်သွင်း၍ စီးလျှင် ၁၃ယောက်ခန့် ထပ်စီး၍ ရပါသေးသည်။ သို့အတွက် ၎င်းဖယ်ရီကားသည် အများဆုံး လူပေါင်း၄၅ ယောက်ဆန့်အောင် စီး၍ ရပါသည်။
မန္တလေးမြို့မှ ဖယ်ရီဖြင့် နေ့စဉ် ရုံးတက်ရုံးဆင်းပြုလုပ်သော ကျွန်တော်တို့ တက္ကသိုလ်မှ ၀န်ထမ်းဦးရေမှာ အင်္ဂါမှ ကြာသပတေးရက်များတွင် ပုံမှန် ၄၅ ယောက်ခန့်ရှိသော်လည်း တနင်္လာနှင့် သောကြာနေ့များတွင် ၎င်း၄၅ယောက်ထက် ပိုမိုနေပါသည်။ အကြောင်းရင်းမှာ စစ်ကိုင်းပညာရေးတက္ကသိုလ် အဆောင်များအတွင်း တာဝန်ထမ်းဆောင်နေသော အဆောင်နည်းပြများနှင့် အဆောင်နေ ၀န်ထမ်းများသည် ရုံးပိတ်ရက်မတိုင်မှီ သောကြာနေ့တွင် မန္တလေးမြို့သို့ ၎င်းဖယ်ရီဖြင့် ပြန်ကြပြီး၊ တနင်္လာနေ့တွင် တပတ်စာ ၀ယ်ခြမ်းပြီး ပြန်လာကြသောကြောင့် ဖြစ်ပါသည်။ လူပေါင်း၄၅ ယောက်ထက်ပိုသော နေ့များတွင် အဆင်ပြေသလို တစ်ဦးနား တစ်ဦးတိုးပြီး စီးကြရပါသည်။
ယခုအခါ နောက်ထပ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် နည်းပြအသစ်များ ခန့်ထားပြီးသောအခါ မန္တလေးမှ ဖယ်ရီစီး ရုံးတက်ကြသော သူများ များပြားလာသည်နှင့်အမျှ ယခင်အခါကထက် ပိုမို ကျပ်တည်းစွာ စီးကြရပါသည်။ တစ်ခါတရံ ဖယ်ရီစီးသူပေါင်း ၇၀ ကျော်ပြီး၊ ဘေးတစ်ယောက်ထိုင်ခုံများတွင် နှစ်ယောက်ပူးထိုင်၍ လည်းကောင်း၊ အမျိုးသားများမှ မတ်တပ်ရပ်စီး၍ လည်းကောင်း တိုးဝှေ့စီးကြရပါတော့သည်။
ယခုကဲ့သို့ လူပဒေသာပင်ဖြင့် နေ့စဉ် သွားလာနေရသောအခါ တစ်စီးတည်းသော ရှိသော ဖယ်ရီကားမှာ မကြာခဏ ကားပျက်ခြင်း ဖြစ်လာပါသည်။ ထွက်ခါနီး ကားပျက်နေသဖြင့် ကားထွက်ချိန်နောက်ကျသော အကြိမ်အရေအတွက် များလာသလို သွားလာရင်း လမ်းတွင် ကားပျက်သဖြင့် ကြုံရာကားဌားပြီး သွားရသည်မှာလည်း အကြိမ်ကြိမ်ဖြစ်လာပါသည်။ တခါတွင် ဖယ်ရီကား၏ နောက်ဘီး ပေါက်သော်လည်း ပြင်ရန်အချိန်မရသဖြင့်ဆိုကာ ၎င်းကားပျက်နှင့်ပင် လူပဒေပသာပင်ကို တင်ကာ ခရီးဆက်နေသောကြောင့် ကားပေါ်ရှိ ၀န်ထမ်းအားလုံး ကြောက်လန့်ခဲ့ရသည်အထိ ဖြစ်ခဲ့ပါသည်။ နောက်တခါလည်း ကားအင်ဂျင်မှ မီးခိုးအများကြီး ထွက်လာသည်ကို ယဉ်မောင်းနှင့်တကွ ကားပေါ်က၀န်ထမ်းများ သတိမထားမိပဲ ဆက်လက်မောင်းလာစဉ် အနီးအနားရှိ ပြည်သူများမှ မီးသတ်ကားဖြင့် နောက်မှ လိုက်လံသတိပေးရသည် အထိလည်း ဖြစ်ခဲ့ရပါသည်။ ၀န်ထမ်းပေါင်းများစွာ၏ အသက်မဆုံးရှူံးခဲ့ရလို့ တော်ပါသေးသည်။ ထို့ကြောင့် ဖယ်ရီကားတွင် အစီးနင်းလိုက်ပါရသော ၀န်ထမ်းများအတွက် မိမိ အသက်အန္တရယ်အတွက် အမြဲစိုးရိမ်နေရပါသည်။
ယခုရက်ပိုင်းတွင် ဖယ်ရီကားမှာ ပို၍ပင် အခြေအနေဆိုးလာပါသည်။ လမ်းတွင် မောင်းနေဆဲ မကြာခဏ ပျက်ပါသည်။ ၀န်ထမ်းများမှာလည်း ကားပေါ်တွင် အမြဲဘုရားတ စီးနေကြရပါသည်။
ထို့ပြင် စီမံခန့်ခွဲ့မှု ပိုင်းဆိုင်ရာတွင် ကြိုတင်ပြင်ဆင်ထားခြင်းမျိုးလည်း မတွေ့ရပါ။ ပညာရေးတက္ကသိုလ် တစ်ခုအနေဖြင့် စာမေးပွဲစစ်ဆေးခြင်း အရေးကြီးပုံကို သိရှိသင့်ပါသော်လည်း စာမေးပွဲရက်များအတွက် ကားတစ်စီးကို အဆင့်သင့် အရေးပေါ်သုံးနိုင်ရန် စီစဉ်ထားခြင်းမျိုး မရှိထားပါ။ ပြီးခဲ့သော ဘီးအီးဒီစာပေးစာယူ သင်တန်းစာမေးပွဲကာလ မေလ ၁၆ ရက်နေ့က မိုးတွေရွာသောနေ့ခဲ့ပြီး ဖယ်ရီကားမှာ ကလပ်ပျက်နေသောကြောင့်ဆိုကာ ထွက်ရန်သတ်မှတ်ချိန်ထက် ၁နာရီနောက်ကျအောင် ပြင်သော်လည်း မရသည့်အတွက် မိုးရွာရွာတွင် Light Truckကားများကို ဌားကာ စာမေးပွဲအမှီ ပြေးကြရပါသည်။ သို့သော်လည်း စာမေးပွဲချိန်ကို ၁၀မိနစ်နောက်ကျပြီးမှ သာရောက်ရှိခဲ့ရသည့် အတွက် သက်ဆိုင်ရာ စာမေးပွဲတာဝန်ကျ ဆရာဆရာမများက စာမေးပွဲကို နောက်ကျကျင်းပခဲ့ပါသည်။ မဖြစ်သင့်သော ဖြစ်ရပ်သာ ဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်ထားခြင်းမျိုး မရှိပဲ ပျက်မှသာ ကြုံရာကားဖြင့် ကြုံသလို သွားလာရခြင်းကြောင့် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများ များစွာ တွေ့ရှိရပါသည်။
ထိုကဲ့သို့သော အခြေအနေများဖြစ်နေခြင်းကို တာဝန်ခံပါမောက္ခချူပ်နှင့်တကွ တက္ကသိုလ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မသိရှိခြင်းတော့ မဟုတ်ပါ။ သိရှိနေပါသည်။ သို့သော် အကြီးအကဲဝတ်ဖြစ်သော ထကြွနိုးကြား ၊ သနားသည်းခံ ၊ ဝေဖန်ထောက်ရှု ၊ ဤခြောက်ခု ကြီးသူကျင့်ရာ တရားတည်းဆိုထားသော်လည်း ၎င်းတို့အနေဖြင့် လက်အောက်ငယ်သား၏ အခက်အခဲကို စာနာစွာ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမျိုး၊ အထက်သို့ တင်ပြအကူအညီတောင်းပေးခြင်းမျိုး မတွေ့ရပါ။ နေစိမ့်လှပါသည်။
ထို့အခြေအနေမျိုးတွင် ဗူးလေးရာ ဖရုံဆင့်ဆိုသည့်အတိုင်း ဖြစ်ရသည်ကိုလည်း နောက်ထပ် တင်ပြလိုပါသည်။ စစ်ကိုင်းပညာရေးတက္ကသိုလ် ၏ မော်တော်ယာဉ်အသုံးပြုခွင့်ရ ပါမောက္ခဆရာကြီး/ ဆရာမကြီးများပင် ဖြစ်ပါသည်။ သက်ဆိုင်ရာမှ ပါမောက္ခဆရာကြီး/ ဆရာမကြီးများအား ၎င်းတို့၏ ရာထူးဂုဏ်နှင့် ကိုက်ညီစွာ ကားတစ်စီးစီ စီစဉ်ပေးထားသော်လည်း ကားကိုယူထားပြီးနော် ရုံးတက်ရုံးဆင်းအတွက်မူ ၀န်ထမ်းသုံး ဖယ်ရီကားကို တက်ရောက်စီးနေကြခြင်းပင် ဖြစ်ပါသည်။ ဓါတ်ဆီဈေးကြီးသောကြောင့်ဟု အကြောင်းပြပါသည်။ မြန်မာစာဌာနမှ ပါမောက္ခဆရာကြီး ဆိုလျှင် သူကိုယ်တိုင်ရော၊ ဇီဝဗေဒဌာနမှ သူ့အမျိုးသမီးပါ ကားနှစ်စီးတောင် အသုံးပြုခွင့်ရထားသော်လည်း ၎င်းကားများကို ကိုယ်ကျိုးအတွက်သုံးကာ ၎င်းတို့ကိုယ်တိုင်မှာမူ ရုံးတက်ရုံးဆင်းဖယ်ရီကားဖြင့်သာ အသုံးပြုလျှက်ရှိပါသည်။ ၎င်းတှို့နှစ်ဦးကို အတုယူကာ အခြားသော ကားရ ပါမောက္ခများကလည်း ကားကို အိမ်ထား၍ ဖယ်ရီကိုသာ စီးကြပါတော့သည်။
ဖယ်ရီကားမှာ ချောင်နေလျှင် မထောင်းသာသော်လည်း လူပဒေသာပင်မှာ နေစဉ်သွားလာနေရသောအခါ အဆင်မပြေလှပါ။ ကိုယ်တိုင်က ပါမောက္ခဆိုသော ဂုဏ်ပုဒ်နှင့်ဖယ်ရီပေါ်တက်ထိုင်သောအခါ ၀န်ထမ်းငယ်များအနေဖြင့် ဂါရ၀တရား ရှေ့ထားပြီး ရှေ့ဆုံးမှ နေရာကို ထပေးရသည်။ ထို့နောက် အခြားတစ်ယောက်ခုံများမှာ နှစ်ယောက်ကပ်ထိုင်ကြရသည်၊ မတ်တတ်ရပ်တဲ့သူရပ်ကြရသည်။ အကယ်၍ ၎င်းတို့သာ ကိုယ့်ပေးထားသောကားဖြင့် သွားကြမည်ဆိုလျှင် ပါမောက္ခ ၅ယောက်စာ ထိုင်ခုံနေရာကို ၀န်ထမ်းငယ် ၁၀ယောက် (အနည်းဆုံး ၅ယောက်) မရပေဘူးလား.။ နေရာမလောက်သဖြင့် တစ်ယောက်ခုံမှာ နှစ်ယောက်ထိုင်၊ မတ်တတ်ရပ်တဲ့သူရပ်နဲ့ ဖြစ်သလို စီးနေကြရသော မိမိအောက်ဝန်ထမ်းများကို မသနား မစာနာ၊ မျက်နှာမပူ နေရက် လုပ်ရက်လှပါသည်။
အကယ်၍သာ ၎င်းပါမောက္ခများအနေဖြင့် ၀န်ထမ်းအချင်းချင်း စာနာထောက်ထား စိတ်သာ ရှိခဲ့လျှင် ဓါတ်ဆီဈေးကြီးပါက ၎င်းတို့အချင်းချင်းစုပြီး ၎င်းတို့ပေးထားသော ကားများကို အလှည့်ကျ အတူတူ သုံးသင့်သည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ဓါတ်ဆီခ ပြဿနာတို့၊ ယာဉ်မောင်းဌားရသော ပြဿနာတို့ ပြေလည်သွားမည် မဟုတ်ပါလား။
မိမိတို့ ဖယ်ရီင်္ကားစောင့်နေစဉ်အတွင်း အခြားတက္ကသိုလ်မှ ပါမောက္ခကြီးတစ်ဦးက သူ့ကားပေါ်တွင့် သူ့ဌာန၀န်ထမ်းများကို နေ့စဉ် အကြုံခေါ်ဆောင်ပေးတာကို မြင်ရတော့ အော်.. ကျွန်တော်တို့တက္ကသိုလ်က လူကြီးများနှင့်တော့ ကွာလှချည်လားဟု မချိတင်ကဲ့ ပြုံးနေကြရပါသည်။ ကျွန်တော်တို့တက္ကသိုလ်က ထိုသူတို့ကတော့ အစိုးရက ပေးအပ်တဲ့ အခွင့်အရေးကိုတော့ သူ့ထက်ငါ ယူဖြစ်အောင် ယူပြီး ချဉ်ပေါင်ရွက်သည်ရှေ့ ရွှေဈေးသည်က ရောင်းမကောင်းဘူးကွာ ညည်းသလိုလုပ်ပြီး မျက်နှာပြောင်ကြပါပေသည်။ ဓါတ်ဆီဈေးကြီးလို့ ကား မစီးချင်လည်း အစိုးရကို ပြန်အပ်လိုက်ရင် မကောင်းပေဘူးလား။ ဒါမှ တကယ်အသုံးပြုလိုသော အခြားသူတစ်ဦးလက် အကျိုးရှိရှိ ရောက်သွားလိမ့်မည် ဖြစ်သလို ဖယ်ရီပေါ်လည်း လူလျော့သွားမည် ဖြစ်ပါသည်။
ယခုကဲ့သော အခြေအနေများကို ဆရာကြီးဦးယဉ်ဝင်းမောင်ကိုယ်တိုင် သိသိချည်းနှင့် မဖော်ထုတ်ပဲ ငြိမ်နေပါသည်.အခုထိလည်း ဖုံးထားဆဲ..သူလည်း အလိုတူအလိုပါပေများလား.. ဟု ထင်မိပါသည်။ ဆန္ဒာဂတိ၊ဘယာဂတိ၊လောဘဂတိ၊ဘာဂတိ ညာဂတိ ဂတိ တစ်ခုခုကြောင့်ု ဖြစ်ပေမည်..သို့မဟုတ် ပင်စင်ယူခါနီး၍ မလုပ်၊ မရှူပ်၊ မပြုတ် သဘောထားကို ကျွန်တော်တို့အပေါ် ဥပက္ခာပြုထားခြင်းလည်း ဖြစ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော် သမ္မတကြီးနှင့် ပညာရေး ၀န်ကြီးခင်ဗျား။
အကြီးအကဲက ဥပက္ခာပြုထားသော ကျွန်တော်တို့ စစ်ကိုင်းပညာရေး တက္ကသိုလ် ၀န်ထမ်းများ၏ အသက်အိုးအိမ်ကို ကာကွယ်ပေးသည့် အနေဖြင့် ခိုင်ခံကောင်းမွန်သော ကျောင်းဖယ်ရီကား အနည်းဆုံးတစ်စီး စီစဉ်ပေးနိုင်ပါရန်၊ ဖြစ်နိုင်ပါက တနင်္လာနေ့နှင့် သောကြာနေ့များအတွက် အရံဖယ်ရီကားတစ်စီး ဖြင့် ပို့ဆောင်ပေးဖို့ စီစဉ်ပေးနိုင်ပါရန်၊ ကား ရ ပါမောက္ခများအနေဖြင့် ၀န်ထမ်းကားတွင် ၀င်ရောက်စီးနင်းခြင်းအား တားစီးပေးနိုင်ပါရန် ရိုသေစွာ အကြောင်းစုံ တင်ပြအပ်ပါသည်။ ထိုသို့ဆိုပါက လူ ၇၀ကျော်ဖြင့် လူပဒေသာပင်ဖြစ်မည့် အန္တရယ်မှ ကင်းဝေးမည် ဖြစ်သောကြောင့် ကျွန်တော်တို့ ၀န်ထမ်းအားလုံး အတိုင်းထက်အလွန် ၀မ်းသာအားရ ဖြစ်ရပါမည့် အကြောင်းနှင့် သက်ဆိုင်ရာမှ အမြန်ဆုံး စီစစ်ဆောင်ရွက်ပေးစေလိုကြောင်း ရိုသေစွာ တင်ပြအပ်ပါသည်။
စစ်ကိုင်းပညာရေး တက္ကသိုလ် မှ ၀န်ထမ်းများ

စစ်ကိုင်းပညာရေး တက္ကသိုလ် ပညာရေး ၀န်ထမ်းများ၏ ရင်ဖွင့်စာ
Reviewed by သစ်ထူးလွင်
on
05:03
Rating: