ဝမ်းရေးအတွက် ပုလင်းလေးများကိုချစ်ရသည့် လိမ္မော်ရောင်လူသားများ

ရန်ကုန်မြို့လယ်ခေါင် ကျောက်တံတားမြို့ နယ်၏ ည ၉ နာရီ။ လမ်းဘေး ဈေးသည်များပင် မရှိတော့။

နွမ်းဖတ်ညိုညစ် နေသော စွပ်ကျယ်နှင့် ရှော့ ပင်အတိုကို ဝတ်ဆင်ထားသည့် အသက် ၄ဝ ဝန်း ကျင်ခန့် အမျိုးသားတစ်ဦး ဖော့ဘူးများအပြည့် တင်ထားသော အမှိုက်သိမ်းလှည်းကို တွန်းလျက် ၃၉ လမ်းအလယ်ဘလောက်သို့ ဝင်သွားသည်။ ၎င်း၏ ခြေလှမ်းများက ပင်ပန်းနွမ်းလျ၍ နှေး ကွေးတုံ့ဆိုင်းနေသည့် အိမ်ပြန်ချိန်ခြေလှမ်းများ တော့ မဟုတ်။ သူ၏ အမည်က ဦးဇော်ဝင်း။ ပဲခူးတိုင်းဒေသ ကြီး သနပ်ပင်မြို့နယ် ကမာစန်းကျေးရွာသား။ ရန် ကုန်သို့ လွန်ခဲ့သော သုံးလခန့်က ပြောင်းရွှေ့လာ ခြင်းဖြစ်ပြီး ရန်ကုန်စည်ပင်၌ ညပိုင်းသန့်ရှင်းရေး လုပ်သားဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်သည်။

နယ်တွင် လယ်ကွက်များ ရေကြီး ရေလျှံသည့် ဒုက္ခရှိ၍ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် အချိန်က ကျောတစ်ခင်းစာနေရာအတွက် သန့်ရှင်းရေးလုပ် သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ သည်။ ဌာနမှ လုပ်သားများအား ချထားပေးသည့် ဗိုလ်တထောင် မြို့နယ်ရှိ ၈ ပေပတ်လည်ဝန်ထမ်းခန်းတွင် သူ၏ မိသားစုဝင် ၅ ယောက်နေထိုင်ခွင့်ရခဲ့သည်။”၈ ပေပတ်လည်ဆိုတော့ မိသားစု အားလုံး နေလို့မရဘူး။ အဝတ်အစားလေး၊ အိုးခွက်ပန်း ကန်လေး ထားရုံပေါ့။ ကျွန်တော်က ညနေကနေ မိုးလင်းအထိ အလုပ်ထွက်လုပ်တာ မိန်းမက လိုက် ကူတာဆိုတော့ သားသမီးသုံးယောက်က အိပ်ပြီး ကျန်ခဲ့လို့တော့ ရတာပေါ့”ဟု မိသားစုအလှည့်ကျ နေထိုင်အိပ်စက်ရပုံကို ပြောပြသည်။

မိသားစုဝင်အားလုံး နေထိုင်ရန် အခက်အခဲ ရှိသော်လည်း ရန်ကုန်မြို့၌ နေစရာပေးသည့် အလုပ်ရသည်ကိုပင် ၎င်းအတွက် ကံကောင်းသည် ဟု ဆိုသည်။”ရန်ကုန်မြို့မှာက နေရေးထိုင်ရေးခက်ခဲတယ် လေ”ဟု ဦးဇော်ဝင်းက တွေးတွေးဆဆ ပြောသည်။ရန်ကုန်မြို့၌ နှစ်စဉ်လူဦးရေတိုးနှုန်းအရ အိမ် ထောင်စု နှစ်သောင်းခြောက်ထောင် တိုးတက်လာ သော်လည်း အိမ်ခန်း ၇၂ဝဝ သာ ဖော်ဆောင်ပေး နိုင်သဖြင့် တိုးပွားလာသည့် အိမ်ထောင်စု၏ သုံး ပုံနှစ်ပုံမှာ အခက်အခဲရှိနိုင်သည်ဟု မြို့တော်ဝန် ဦးလှ မြင့်က ရန်ကုန်တိုင်းဒေသကြီး စတုတ္ထပုံမှန် အစည်းအဝေး၌ ပြောခဲ့သည်။

အလုပ်အကိုင် အခွင့်အရေးကြောင့် မြို့ပေါ် တက်ကာ ကြုံရာလုပ်ကိုင်ရင်း ကျောတစ်ခင်းစာ အတွက် တွေးပူနေရသည့် ရွှေ့ပြောင်းလုပ်သားများ ကဲ့သို့ပင် နေထိုင်ရေးအတွက် အခက်တွေ့နေသည့် ရန်ကုန်မြို့ခံများလည်း တပုံတပင်။ဦးဇော်ဝင်းကဲ့သို့ သန့်ရှင်းရေးအလုပ်ကို လစာ ငွေကျပ်သုံးရာခေတ်ကတည်းကပင် ဝင်ရောက်လုပ် ကိုင်ခဲ့သူ လုပ်သက် ၁၂ နှစ်ရှိ အသက် ၅ဝ အရွယ် ရန်ကုန်သူ ဒေါ်ပေါက်စီက ”အရင်က အိမ်ငှားနေ တယ်။ အိမ်လခမတတ်နိုင်တော့လို့ လိုင်းခန်းတောင်း နေတာတော့ မကြာသေးပါဘူး။ နေရေး၊ ထိုင်ရေး အခက်အခဲရှိတယ်လေ။ ဒီနေ့ ပြုတ်ရင် ဒီနေ့ လိုင်း ခန်းပေါ်က ပြောင်းပေးရမှာ”ဟု ဆိုသည်။

ငယ်ရွယ်စဉ်က ပန်းရံ အလုပ်ဝင်ရောက်လုပ် ကိုင်ခဲ့ဖူး၍ တာဝန်ကျရာလမ်းများ၌ ခေါက်တုံ့ ခေါက်ပြန် အမှိုက်လှည်းခြင်း၊ အမှိုက်ပုံးများ အတွင်းမှ အမှိုက်များသိမ်းဆည်းယူရခြင်းက သူမ အတွက် ပင်ပန်းသည်ဟု မဆိုသာ။”ဒီအလုပ်က အရင်းမစိုက်ရဘူး။ သူများက အလိုမကျရင် ပြောခံထိတာပဲ ရှိတာပါ”ဟု စားဝတ် နေရေးအတွက် လက်ရှိအလုပ်ကို ဆက်လက်အခြေ တကျ လုပ်ကိုင်သွားမည်ဟု ဆုံးဖြတ်ထားပုံကို သူမက ပြောပြသည်။

လစာ တစ်သိန်းမပြည့် ရှစ်သောင်းခန့်သာရ သည့် ဒေါ်ပေါက်စီနှင့် ဦးဇော်ဝင်းတို့အတွက် အမှိုက်များထဲမှ ဘူးခွံများကောက်ခြင်းဖြင့် မိသားစု စားစရိတ်ရှာကြသည်။ ကျန်းမာရေး အာမခံချက် အားနည်းပြီး လမ်းမပေါ်တွင် သန့်ရှင်းရေး ဆောင် ရွက်သည့်အခါ ဝန်ထမ်းအင်္ကျီကို ယာဉ်အန္တရာယ် အပြင် ပတ်ဝန်းကျင်၌ ကြုံတွေ့ရနိုင်သည့် မှုခင်း အန္တရာယ်များကြောင့်ပါ မဖြစ် မနေ ဝတ်ဆင်ကြ ရသေးသည်။မိသားစု စားဝတ်နေရေးအတွက် လောက်ငမှု မရှိ။ အန္တရာယ်များသည့် ၎င်းတို့၏ အောက်ခြေ သိမ်းအလုပ်မှ နောက်အလုပ်တစ်ခုသို့ ရွှေ့ရန် စဉ်း စားသည်။ သို့သော် နေရေးကြောင့် တွေးရုံသာ တွေးနိုင်ခဲ့သည်။ အစိုးရက ဖော်ဆောင်ရောင်းချမည့် တန်ဖိုး နည်း အိမ်ရာဆိုသည်မှာ လည်း ကျပ်သိန်းနှစ်ရာအောက်ဆို၍ ၎င်းတို့နှင့် မဆိုင်။ မြို့တွင်းရထားဝင်းအတွင်း ဝန် ထမ်းအိမ်ရာများ၌ ငွေကျပ် တစ်သောင်း၊ နှစ်သောင်းခွဲပင် ရှိသည့်  ၈ ပေ ၁ဝ ပေ အခန်းတွဲတစ်ခု ငှားရန်ပင် သူတို့မတတ် နိုင်ခဲ့။အိမ်ခြံမြေလုပ်ငန်းရှင်များအသင်းမှ ဒေါ်မိုမိုအောင်က ”အောက်ခြေ လူတန်း စားတွေ အိမ်ပိုင်ရဖို့က သူတို့ ဝင်ငွေနဲ့ ဖဲ့ပြီး လစဉ်ပေးသွင်း နိုင် မယ့်နှုန်းထားနဲ့ အိမ်ရာတွေကို ရောင်းချပေးဖို့ပါပဲ”ဟု သူ့အမြင်ကို ပြောသည်။

လူဦးရေ ၆ သန်းခန့်ရှိသည့် ရန်ကုန် မြို့တွင် အမှိုက်သိမ်းဆည်းရေးလုပ်ငန်း ကို ဆောင်ရွက်နေသော သန့်ရှင်းရေး လုပ်သား ၃ဝဝဝ ကျော်သာ ရှိသည်။ ဝန်ထမ်းဦးရေနှင့် အမှိုက်ပစ် ပြည်သူဦးရေ အချိုးအစား မမျှတ၍ ခေတ်မီ စက်ကိရိယာများ အသုံးပြုနိုင်မှု မရှိခြင်းကြောင့် လူအင်အားကိုသာ အဓိကအား ထားအသုံးပြုနေရ သေးသည်ဟု ရန်ကုန်စည်ပင် ပတ်ဝန်းကျင် ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လက်ထောက်ဌာန မှူး ဦးရဲကျော်မိုးက ပြောသည်။

ခေတ်မီ အမှိုက်သိမ်းကားများ အသုံးပြုနိုင်မှု မရှိ၍ ဝန်ထမ်းအင်အား နေ့၊ ည ခွဲကာ ၂၄ နာရီ ရန်ကုန်၏ ထွက်ရှိအမှိုက်ကို သိမ်းဆည်းနေရပြီး လူ့စွမ်းအားအသုံးချမှုကပင် စားဝတ် နေထိုင်ရေး အခက်အခဲရှိသူများအတွက် သူအရပ်နှင့် သူ့ဇာတ် က အကိုက်။သန့်ရှင်းရေးဝန်ထမ်းအဖြစ် မိသားစုဝင် တစ်ဦး ဝင်ရောက်လုပ်ကိုင်ပါက မိသားစု၏ အခြား သူများလည်း ဝန်ထမ်းတန်းလျား၌ နေထိုင်နိုင်သည့် အပြင် အလုပ်လျှောက်ရာတွင် ပညာအရည်အ ချင်း အကန့်အသတ်မရှိ၊ အသက်အရွယ်က အကန့် အသတ်မရှိ၍ နေရေးထိုင်ရေးအခက်အခဲရှိသူ များအတွက် မှီခိုအားထားနိုင်သော အလုပ်ကောင်း တစ်ခု ဖြစ်နေသည်။

နယ်မြို့များမှ ပြောင်းရွှေ့လာသော လူဦးရေ နှင့် အခြားသော လူဦးရေ တိုးနှုန်းများအရ  စီးပွား ရေးမြို့တော် ရန်ကုန်တွင် ၂ဝ၄ဝ ၌ လူဦးရေ ၁ဝ သန်းခန့် ဖြစ်ပေါ်လာမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။ရန်ကုန်တွင် အမိုးအကာနှင့် ကျောတစ်နေရာ စာ ခဏနားနိုင်ရန် ဦးဇော်ဝင်းနှင့် ဒေါ်ပေါက်စီ ကဲ့သို့ အောက်ခြေဝန်ထမ်းများ နေ့၊ ညမရွေး ရုန်း ကန်နေကြသည်။  မည်သို့ပင်ဆိုစေ လက်ရှိအချိန်တွင်မူ ရန်ကုန် ၌ ကျောတစ်ခင်းစာ နေရာရရေးအတွက် လိမ္မော် ရောင် အင်္ကျီနှင့် နက်ပြာရှောပင်တို ဝတ်ဆင်ထား သော ထိုသူများ နံသည်၊ စော်သည်ဟု အကြောင်း ပြခွင့်မရှိဘဲ ထားဝယ်ချောင်နှင့် ထိန်ပင်သုသာန်သို့ သွားမည့် အမှိုက်ကားများပေါ်သို့ အမှိုက်ထုပ်ျား ကို ထမ်းပိုး၍ တွန်းတင်ရပေဦးမည်။ထိုအမှိုက်ထုပ်များထဲမှ ပုလင်းခွံလေးများ သည်လည်း ၎င်းတို့ ဝမ်းရေးကို စိုပြေစေမည့် ဟင်း တစ်မယ်ပင်။

မေဇင်ဝင်း၊ ဝေမာထွန်း - Popular Myanmar News Journal


ဝမ်းရေးအတွက် ပုလင်းလေးများကိုချစ်ရသည့် လိမ္မော်ရောင်လူသားများ ဝမ်းရေးအတွက် ပုလင်းလေးများကိုချစ်ရသည့် လိမ္မော်ရောင်လူသားများ Reviewed by သစ်ထူးလွင် on 16:44 Rating: 5
Powered by Blogger.