အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

အမိန့်ကြော်ငြာစာ

အမှတ်၊ ၄၆/၂ဝ၁၃

၁၃၇၅ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်

(၂ဝ၁၃ ခုနှစ်၊ မေလ ၁၄ ရက်)

အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း
ကော်မတီ ဖွဲ့စည်းခြင်း

၁။ သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေး အစီအမံများ စနစ်တကျ ပြုလုပ်ထားနိုင်ရေး၊ သဘာဝဘေး အန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေး လုပ်ငန်းများကို ထိရောက် လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးနှင့် ''အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ'' မှ ချမှတ်ပေးသည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ''အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ'' ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ပါသည်-

(က)ပြည်ထောင်စုဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ

(ခ)ဒုတိယဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဥက္ကဋ္ဌ

(ဂ)ဒုတိယဝန်ကြီး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေး ဝန်ကြီးဌာန
ဒုတိယဥက္ကဋ္ဌ

(ဃ)ဒုတိယဝန်ကြီး
ပြန်ကြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်

(င)ဒုတိယဝန်ကြီး
ပညာရေးဝန်ကြီးဌာန
အဖွဲ့ဝင်

(စ)ဥက္ကဋ္ဌ
ဆပ်ကော်မတီများ အားလုံး
အဖွဲ့ဝင်

(ဆ)ဝန်ကြီး
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အားလုံး
အဖွဲ့ဝင်

(ဇ)ညွှန်ကြားရေးမှူးချုပ်
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာထားရေးဦးစီးဌာန
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
အတွင်းရေးမှူး

(ဈ)ညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
တွဲဖက်
အတွင်းရေးမှူး

၂။ အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီသည် အောက်ပါ ဆပ်ကော်မတီများကို သင့်လျော်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားရန် ဖြစ်ပါသည်-

(က)သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ

(ခ)အရေးပေါ် ဆက်သွယ်ရေး ဆပ်ကော်မတီ

(ဂ)ရှာဖွေရေးနှင့်ကယ်ဆယ်ရေး ဆပ်ကော်မတီ

(ဃ)ပျက်စီးမှုပဏာမသတင်းရရှိရေးနှင့် အရေးပေါ်ထောက်ပံ့ရေး ဆပ်ကော်မတီ

(င)ပျက်စီးဆုံးရှုံးမှု အတည်ပြုရေး ဆပ်ကော်မတီ

(စ)ပို့ဆောင်ရေးနှင့်လမ်းကြောင်းရှင်းလင်းရေး ဆပ်ကော်မတီ

(ဆ)ဘေးအန္တရာယ်လျော့ပါးရေးနှင့် အရေးပေါ် အခိုအကာ ထူထောင်ရေး ဆပ်ကော်မတီ

(ဇ)ကျန်းမာရေးစောင့်ရှောက်မှု ဆပ်ကော်မတီ

(ဈ)ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မတီ

(ည)လုံခြုံရေးဆပ်ကော်မတီ

၃။အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှု လုပ်ငန်းများဖြစ်သည့် ဘေးလျော့ပါးရေး လုပ်ဆောင်မှု၊ ကြိုတင် ကာကွယ်မှု၊ ဘေးကျရောက်ချိန် ကယ်ဆယ်ထောက်ပံ့မှု၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်မှု အစရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီမှ ချမှတ်ပေးထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ လုပ်ထုံးလုပ်နည်းများ ရေးဆွဲသတ်မှတ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း။

(ခ)ကယ်ဆယ်ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် တည်ဆောက်ရေးတို့အတွက် ပြည်တွင်းအကူ အညီများကို စီမံခန့်ခွဲခြင်းနှင့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီမှ တာဝန်ပေးအပ်ပါက ပြည်ပအကူအညီများကိုပါ စီမံခန့်ခွဲခြင်း။

(ဂ)သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လူထုပညာပေး
အစီအစဉ်များနှင့် လုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပါဝင်လာစေရန် စီမံ ဆောင်ရွက်ခြင်း။

(ဃ)အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီသို့ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ ဆောင်ရွက်ချက် များအား အခါအားလျော်စွာ အစီရင်ခံတင်ပြခြင်း။

(င)သဘာဝဘေး ကြိုတင်ခန့်မှန်းခြင်းစနစ်နှင့် ကြိုတင်သတိပေးမှုစနစ် ထူထောင်ရေး၊ ကြိုတင်သတိပေးစနစ်မှ သတိပေးချက် ရရှိလာချိန်တွင် အချိန်မီအောက်ခြေအထိ ဆက်လက် အသိပေးနိုင်ရေးအတွက် စီမံ ဆောင်ရွက်ခြင်း။

(စ)သဘာဝဘေးအရွယ်အစားအရ ပါဝင်ဆောင်ရွက်ပေးရမည့် ဌာနများ၊ အဖွဲ့အစည်းများအား သတ်မှတ်တာဝန် ပေးအပ်ခြင်း။

(ဆ)လုပ်ငန်းစဉ်အလိုက် တာဝန်ယူဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၊ ဌာန အဖွဲ့အစည်းများ သတ်မှတ်ပေးခြင်းနှင့် သတင်းပို့စနစ် သတ်မှတ်ပေးခြင်း။

(ဇ)ဆပ်ကော်မတီအသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များအား ကြပ်မတ်ခြင်း၊ ဆပ်ကော်မတီများအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း။

(ဈ)စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများကို (၄)လတစ်ကြိမ် ဗဟိုကော်မတီဥက္ကဋ္ဌထံ တင်ပြ အစီရင်ခံရန်။

(ည)သဘာဝဘေးကြုံတွေ့ချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေး လုပ်ငန်း ဆောင်ရွက်မှုများအား ကွပ်ကဲခြင်း။



(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုဒ်
အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီဖွဲ့စည်း အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး စီမံခန့်ခွဲမှု လုပ်ငန်း ကော်မတီဖွဲ့စည်း Reviewed by သစ်ထူးလွင် on 10:11 Rating: 5
Powered by Blogger.