“ပြိုင်ကားလား ဟက်စကီးလား လေဒီကြိုက်တာပြော” သီချင်းစာသားက လူငယ်အဆိုတော် နှစ်ဦး snare အဖွဲ့နှင့် သဇင်တို့၏ သီချင်းစာသားဖြစ်သည်။ ရန်ကုန်မြို့ ပြည်လမ်းမပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ ပြည်သူ့ရင်ပြင်ရှေ့နားက BMW မီးခိုးရောင် ပြိုင်ကားလေးဆီမှ ထွက်ပေါ်လာနေခြင်းဖြစ်သည်။ ရန်ကုန်မြို့ ညသန်းခေါင်အချိန်တွင်ဖြစ်သည့် ယင်း BMW ကားလေးပေါ်မှ လူငယ်စုံတွဲနှစ်ဦးက မိနစ်ပိုင်းအတွင်းမှာပင် အင်ဂျင်သံခပ်ပြင်းပြင်းနှင့် စက်ကုန်နှိုးကာ မြှားတစ်စင်းအလား ရန်ကုန်မြို့ ပြည်လမ်းမပေါ်သို့ အရှိန်ခပ်ပြင်းပြင်းဖြင့် မောင်းနှင်ထွက်ခွာသွားလေတော့သည်။
လူငယ်များအကြားက မြန်မာနိုင်ငံ၏ မြို့ကြီးအချို့တွင် ဆယ်စုနှစ်တစ်ခုအတွင်း ငွေကြေးတတ်နိုင်သူများအကြားက ပြိုင်ကား ယဉ်ကျေးမှု၏ မြင်ကွင်းတစ်ခုပင် ဖြစ်သည်။
ပြိုင်ကားများ၏အကြောင်းကို လူအများစုသိထားသော်လည်း ယင်းပြိုင်ကားများ၏ နောက်တွင် သိန်းရာချီလောင်းကြေးရှိသည့် ပြိုင်ပွဲများအတွက် အငှားမောင်းနှင်သူများ၏ ဘ၀များလည်း ရှိကြသည်။ ပြိုင်ကားတစ်စီးကို မိမိကိုယ်တိုင် စိတ်ကြိုက်ပြင်ဆင်ပြီး တစ်ပတ်လျှင် သုံးကြိမ်၊ လေးကြိမ်မက ပြုလုပ်လေ့ရှိသည့် ကားပြိုင်ပွဲများတွင် ကြေးစားစနစ်ဖြင့် ၀င်ရောက်မောင်းနှင်သူ လူငယ်များလည်းရှိကြောင်း ကိုယ်တိုင်ဝင်ရောက်မောင်းနှင်ခဲ့ဖူးသူ ကိုထွန်းဇော်နိုင်(အမည်လွဲ)က ဆိုသည်။ ပွဲတစ်ပွဲလျှင် အနည်းဆုံး ငွေကျပ်သိန်းတစ်ရာမှ ငါးရာကျော်အထိ အသုံးပြုလောင်းကြေးထပ် မောင်းနှင်ကြသည့် ကားပြိုင်ပွဲများတွင် ကိုယ်စားဝင်ရောက် မောင်းနှင်ပေးရသူမှာ တစ်ပွဲလျှင် ငါးသိန်းမှ ဆယ်သိန်းကျော်အထိ ကြေးစားစနစ်ဖြင့် မောင်းနှင်ပေးလေ့ရှိကြောင်း ကိုထွန်းဇော်နိုင်ကပင် ဆိုသည်။
“အဲဒီတုန်းက လူငယ်ဆိုတော့ ကားသေးလေးကလဲ အရမ်းမောင်းချင်တယ်။ ကိုယ်တိုင်လည်း ၀ယ်မစီးနိုင်တော့ ငွေလည်းရမယ့် ပြိုင်ကားအငှားမောင်းတဲ့ အလုပ်ကို ရွေးမိခဲ့တယ်။ တစ်ပတ်ကို ရှုံးတဲ့အလှည့်ဆို ကိုယ့်ကို ထပ်ငှားမယ့်သူမရှိပေမယ့် နိုင်တဲ့အပတ်ဆို ထပ်မောင်းပေးဖို့ ကြေးတွေမြင့်ပြီး လာလာခေါ်ကြတာ” ဟု အသက် ၃၀ ကျော်အရွယ်ရှိ ကိုထွန်းဇော်နိုင်မှ ဆက်လက်ပြောသည်။
ရန်ကုန်မြို့၌ ကိုထွန်းဇော်နိုင်လို အငှားပြိုင်ကား မောင်းနှင်ပေးသူများမှာ လူငယ်အများစုဖြစ်သည်။ ငွေလွယ်လွယ်ရပြီး ၀ါသနာအရပါ မစွန့်လွှတ်နိုင်သည့် ပြိုင်ကား အငှားမောင်းနှင်မှုမှာ လူငယ်များတွင် တဖြည်းဖြည်း စိုးမိုးလာခဲ့သည်။
“တကယ်တော့ ကျွန်တော်တို့တွေဟာ အငှားခန္ဓာတွေပါ။ ကားနဲ့အတူတူ ဘာဖြစ်ဖြစ် မူလပိုင်ရှင်က ဘာမှမဖြစ်ဘူး။ မောင်းတဲ့သူက ထောင်ကျတာများတယ်” ဟု အငှားပြိုင်ကားမောင်းနှင်သူ လူငယ်တစ်ဦးက ပြောသည်။
ငယ်စဉ်ကလေးဘ၀တည်းက ကားဖြင့် ဆော့ကစားရသည်ကို နှစ်သက်ခဲ့သည့် ကိုထွန်းဇော်နိုင်မှာ ၀ါသနာနှင့် ငွေလွယ်လွယ် ရသည့် အငှားပြိုင်ကား မောင်းနှင်မှုကို စွန့်လွှတ်ခဲ့သည်မှာ ငါးနှစ်ပင်ကျော်လာပြီဖြစ်သည်။ သို့သော် သူ့လို ၀ါသနာကြီးသူ လူငယ်အများအပြား ဒုနဲ့ဒေး ရှိနေသေးသည်ဟု ၎င်းက ဆိုသည်။
ယခင်စစ်အစိုးရလက်ထက်က ပြိုင်ကားများလောကတွင် မင်းမဲ့စရိုက်ဆန်ဆန် လူသတ်မှုများ၊ စည်းကမ်းမဲ့မောင်းနှင်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုများကြောင့် အသက်ဆုံးရှုံးမှုပေါင်း ၁၀ ခု ကျော်ခန့်မှာ ယခုအချိန်အထိ အမှုမှန်မပေါ်ပေါက်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ မှုခင်းဇယားများက ဆိုသည်။
“ပြိုင်ကားတွေ ပြိုင်ကြရင်းနဲ့ တိုက်လို့သေသွားတာတို့ဆိုရင် ပြိုင်ကားအငှားလိုက်မောင်းတဲ့ သူတွေပဲမိတာများတယ်။ ကိုယ်ပိုင် သမားတွေက လွတ်လွတ်နေတာ များတယ်” ဟု ရန်ကုန်တိုင်းဒေသကြီးရှိ စည်းကမ်းမဲ့ပြိုင်ကားများကို လိုက်လံဖမ်းဆီးအရေးယူခဲ့သူ ရဲအရာရှိတစ်ဦးက သုံးသပ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန်ပိုင်းမှ စတင်ကာ စည်းကမ်းမဲ့ပြိုင်ကားများကို အရေးယူရန် စီမံချက် ပုံစံဖြင့် ဖမ်းဆီးအရေးယူမှုပေါင်း အမှု ၂၀ ကျော်ရှိနေပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ညသန်းခေါင်အချိန်တွင် ရန်ကုန်မြို့၏ လမ်းမများထက်၌ နေရာယူနေဆဲ ဖြစ်သည်။
စီမံချက်ကာလမှာ လက်ရှိအချိန်အထိ စည်းကမ်းမဲ့ပြိုင်ကားများအား ဖမ်းဆီးထိန်းသိမ်းအရေးယူခဲ့သည့် ပြိုင်ကားအရေအတွက်ကိုမူ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့သို့ မေးမြန်းထားရာ လတ်တလောထုတ်ပြန်ပြောဆို ခြင်းမရှိပေ။ လက်ရှိအချိန်အထိ ညဥ့်နက်သန်းခေါင်လမ်းမများထက်တွင် နေရာယူလျက်ရှိနေသည့် ယင်းပြိုင်ကားများတွင် ကြေးစားငှားရမ်းမောင်းနှင်သူများနှင့်အတူ လူသတ်မှုများ၊ မူးယစ်ဆေးဝါးသယ်ဆောင်မှုများကလည်း ရှိနေဆဲဖြစ်ကြောင်း ကမာရွတ်မြို့နယ်မှ ရဲအရာရှိတစ်ဦးက ၎င်း၏ အတွေ့အကြုံကိုပြောသည်။
“ကျွန်တော်တို့က ၀ါသနာအရ ပြိုင်ကြတာပါ။ တချို့ကလည်း ကိုယ့်ကားကို အငှားခေါ်ပြီး မောင်းတယ်။ တချို့က ပြိုင်ပွဲမလုပ်ခင်မှာ ဆေးသယ်တာတွေလည်း ရှိတယ်။ ဒါက ပြိုင်ကားကို အခွင့်ကောင်းယူပြီး ဥပဒေမဲ့လုပ်ကြတာ” ဟု ပြီးခဲ့သည့်နှစ်က ဆေးမှုဖြင့် ထောင်ကျဖူးသူ ကိုယ်တိုင်ပြိုင်ကားမောင်းနှင်သူ လူငယ်အဆိုတော် တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပြိုင်ကားကြေးစားမောင်းနှင်မှုများကို ကျိုက္ကဆံလမ်းဆုံ၊ ပြည်လမ်းမတစ်လျှောက် ကမ္ဘာအေးဘုရားအနီးတွင် မကြာခဏတွေ့ရလေ့ရှိပြီး ရန်ကုန်မြို့၏ စံချိန်တင် ကြေးအကြီးဆုံး ပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလက ကမ္ဘာအေးဘုရားလမ်း ညဥ့်သန်းခေါင်အချိန်တွင် အကြီးကျယ်ဆုံးပြုလုပ်ခဲ့ပြီး စံချိန်တင်လောင်းကြေး ကျပ်သိန်းပေါင်းထောင်ကျော်အထိပင် ရှိခဲ့ကြောင်း အဆိုပါ လူငယ်အဆိုတော်ကပင်ပြောသည်။
“အဲဒီပြိုင်ပွဲအပြီးမှာ ကြေးစားမောင်းပေးတဲ့ ကောင်လေးတွေ တော်တော်ပွသွားကြတယ်” ဟု ယင်းပြိုင်ပွဲတွင် ကိုယ်တိုင်ပါဝင် ယှဉ်ပြိုင်ခဲ့သူ ပြိုင်ကားပိုင်ရှင် တစ်ဦးဖြစ်သူ ကိုစောဝဏ္ဏက ဆိုသည်။
Transformer, NEED FOR SPEED, DEATH RACE အစရှိသော နာမည်ကျော် ကားပြိုင်ပွဲများအကြောင်း ရိုက်ကူးဖွဲ့နွဲ့ ထားသော ကမ္ဘာကျော်ရုပ်ရှင် ဇာတ်ကားများက ပြိုင်ကားကြေးစားမောင်းနှင်သူ လူငယ်များအတွက် မက်ချင်စရာကောင်းသော အိပ်မက်တစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံတကာကဲ့သို့ စီးပွားရေးမြို့တော်ရန်ကုန်တွင် အဆင့်မီလမ်းမများမရှိခြင်း၊ ပြိုင်ကားအားကစား ဖွံ့ဖြိုးမှုက မရှိသေး။
“ကိုယ်တိုင်ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက်ရမယ့် ဒီအလုပ်ကို ကျွန်တော်တို့က ဆက်လုပ်နေဦးမှာပဲ” ဟု ကြေးစားစနစ်ဖြင့် အငှားပြိုင်ကားမောင်းနှင်သူတို့ထံမှ စကားသံများဖြစ်သည်။ ပေတစ်ရာလမ်းမထက်က အငှားခန္ဓာများကလည်း အင်ဂျင်သံခပ်ပြင်းပြင်း မီးခိုးနံ့တထောင်းထောင်းဖြင့် ရန်ကုန်မြို့၏ ညဥ့်သန်းခေါင်အချိန်ပေတစ်ရာလမ်းမထက်ပေါ်တွင် နေရာယူနေဦးမည်ဖြစ်သည်။
ရေးသားသူ- မိုးညို - 7Day News Journal

ပေတစ်ရာလမ်းမထက်က အငှားခန္ဓာများ
Reviewed by သစ်ထူးလွင်
on
19:13
Rating: