မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ (၆၃)ကြိမ်မြောက် ရွှေမိုက် ထုတ်လုပ်ငန်းမှ ရွှေချိန် ၄ပိဿာ၊ ၅၈ ကျပ်သား၊ ၅ပဲ၊ ၁ရွေး ရရှိ

မန္တလေးမြို့က တန်ခိုးကြီး ဘုရား တစ်ဆူဖြစ်သော မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးအား လာရောက်၍ ဖူးမျှော်ကြပြီး မဟာမိုနိ ရုပ်ရှင်တော်မြတ်ကြီးကို ရွှေဆိုင်း ကပ်လှူခဲ့ကြရာတွင် အသုံးပြု ခဲ့ကြသော ရွှေဆိုင်း စက္ကူများ၊ ဂွမ်းစများ၊ အတွင်းတော်ခြေသုတ်ခုံမှသိမ်းဆည်းထားသောခြေစာမှုံများ၊ အပေါ်ပစ္စယံ မှကော်ဇောများနှင့် နံနက်တိုင်းရေတော်ဆရာတော်ကပ်လှူသော မျက်နှာသစ် တော်ရေကန်မှ အနည်အနှစ်များကို မလေလွင့်စေရန် စနစ်တကျ သိမ်းဆည်းထားပြီး ၆၃ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်း လုပ်ငန်းကိုဆောင်ရွက်ရာ၍   ဧပြီ ၂၂ ရက်နေ့က မကျွတ်ရွှေအဆင့်ထိ ရွှေချိန် ၄ပိဿာ၊ ၅၈ကျပ်၊၅ပဲ၊၁ရွေး ရရှိခဲ့ပြီး သန့်စင်ရွှေအဆင့်ထိဆောင်ရွက်ခဲ့သည်။

မကျွတ်ရွှေဆိုသည်မှာ သန့်စင်သောရွှေမရမီ ခဲငွေ့ပါသောရွှေကိုခေါ်ခြင်းဖြစ်သည်၊ ခဲကိုရွှေလောက၌“မ”ဟုခေါ်ပြီး အဂ္ဂိရတ်လောက၌ ခဲကို “နာ”ဟုခေါ်ကြခြင်းဖြစ်သည်။

 ၆၃ ကြိမ်မြောက်ရွှမိုက်ထုတ်ခြင်းကို မိုက်သူကြီးဦးမောင်ကြီး၏မြေးများဖြစ်သည့် ဦးသန့်လွင်၊ဦးအောင်မိုး၊ ဦးရန်အောင်တို့က တာဝန်ယူလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ပြီး လုပ်အားခအတွက် တစ်ကျပ်သားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကုသိုလ်ဖြစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။ မဟာမုနိဘုရားကြီးရွှေမိုက်ထုတ်ခြင်းကို ပထမအကြိမ်ကတည်းက မိုက်သူကြီးဦးမောင်ကြီးက တာဝန်ယူကုသိုလ်ယူခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်က စတင်ကာပြန်လည်လုပ်ကိုင်၍ ကုသိုလ်ယူခွင့်ရရှိခဲ့ခြင်းဖြစ်ကာ ရွှေမိုက်ထုတ်ခြင်းကို မဟာမုနိဘုရားကြီးရင်ပြင်တော် ရာဟုထောင့်တွင် တာဝန်ရှိသူများကြပ်မတ်ကာ မတ်လ ၁၃ ရက်နေ့က လုပ်ငန်းစတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က (၁၅)လကြာမှ ရွှေမိုက်ထုတ်ယူခဲ့ပြီး ရွှေချိန် ၅ ပိဿာ ၂၅ ကျပ်သားထုတ်ယူရရှိခဲ့ပြီး ယခုနှစ်အတွက် (၁၂)လနှင့် ထုတ်ယူခဲ့ခြင်းဖြစ်သည်။ ရရှိသော ရွှေစင်ရွှေသားများကို မဟာမုနိဘုရားကြီး ဂန္ဓကုဋီတိုက်တော်ကြီးရွှေသင်င်္ကန်းကပ်လှူချိန်လိုအပ်မှသာအသုံးပြုပြီး နှစ်စဉ်ထွက်ရှိသော သန့်စင်ပြီးရွှေစင်များကို ရွှေချောင်းအတိုင်းထားကာ မဟာမုနိဘုရားကြီး၏ ဘဏ္ဍာတော်အဖြစ်သိမ်းဆည်းထားကြောင်း မဟာမုနိဘုရားကြီးဂေါပက ဦးအောင်သိန်းကပြောသည်။ 
              
Myanmar News Now





မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ (၆၃)ကြိမ်မြောက် ရွှေမိုက် ထုတ်လုပ်ငန်းမှ ရွှေချိန် ၄ပိဿာ၊ ၅၈ ကျပ်သား၊ ၅ပဲ၊ ၁ရွေး ရရှိ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ (၆၃)ကြိမ်မြောက် ရွှေမိုက် ထုတ်လုပ်ငန်းမှ ရွှေချိန် ၄ပိဿာ၊ ၅၈ ကျပ်သား၊ ၅ပဲ၊ ၁ရွေး ရရှိ Reviewed by သစ်ထူးလွင် on 20:26 Rating: 5
Powered by Blogger.