ရွာတော်-နတ်မောက် ရထားပြေးဆွဲခြင်းကြောင့် ဒေသခံများ အတွက်အဆင်ပြေ

နတ်မောက် ဘူတာရုံသစ် ။ ဓါတ်ပုံ -မြ၀တီ

 ဧပြီ ၂၂ ။

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့ နယ် ရွာတော်-နတ်မောက်ရထားလမ်းအား ၂ဝ၁၃ခုနှစ် မတ်လ၁၃ရက် နေ့တွင် ဖွင့်လှစ် ပြေးဆွဲခဲ့ရာ အဆိုပါ လမ်းတစ်လျောက်၇ှိ ဒေသခံ ပြည် သူများ အတွက် အထူးအဆင် ပြေကြကြောင်း သိရသည်။

ရွာတော်-နတ်မောက်ရထားလမ်းပိုင်း အရှည်မှာ ၃၅ . ၄၂ မိုင်ရှည်လျားပြီး ရွာတော်ဘူတာ၊ ရုံးပင်ခွက်ဘူတာ၊ ကန်သာဘူတာ၊ လဲဘူးဘူတာ၊ ကုလားရှင်ဘူတာနှင့် နတ်မောက်ဘူတာတို့တွင် ဘလောက်ဘူတာများအဖြစ် သတ်မှတ်ကာပြေးဆွဲလျှက်ရှိသည်။ ၄င်းလမ်းပိုင်း ဝန်းကျင်တွင် ကျေးရွာပေါင်း ၂၃ ရွာ၊ အိမ်ခြေပေါင်း ၄၁၇၃ ရှိဒေသခံကျေးရွာသူကျေးရွာသားများ၏ အဓိက အသက်သွေးကြောသဖွယ် ဖြစ်လာခဲ့သည်။

''အရင်က လဲဘူး - နတ်မောက်ကို ကားခ ၁ဝဝဝိ/ လောက်ရှိခဲ့တာ၊ မိုးတွင်းမှာဆိုရင် ကားတွေ ထွက်မရတော့ဘူး၊ ဘယ်ကိုဘဲ သွားချင်သွားချင် ဆိုင်ကယ် ကယ်ရီ ငှားရတာ၊ အခုတော့ ငွေ ၁၂ဝိ/ ကျပ်လောက်နဲ့ နတ်မောက်ကို နေမပူ လေမတိုးဘဲ သွားလို့ရသွားပြီ၊ အရင်တုန်းက ဈေးဝယ်တာ မပြီးနိုင်ရင် ဒါမှမဟုတ် ကားပေါ်မှာ အဆင်မသင့်ရင် စပယ်ယာက ငေါက်တာ ဆဲတာခံရသေးတယ်၊ အခုတော့ ဒီအဖြစ်တွေကနေ လွတ်သွားပြီ၊ နတ်မောက်ကို မနက် ၉း ဝဝ နာရီ ရောက်တယ်၊ နေ့ခင်း ၁း ဝဝ နာရီမှာ ပြန်ထွက်တယ်၊ အေးအေးဆေးဆေး ဈေးဝယ်လို့ရတယ်၊ ရထားနဲ့ ကုန်တွေသယ်တာဆိုတော့ သယ်ယူစရိတ်လည်း သက်သာတယ် '' ဟု လဲဘူးကျေးရွာ ကုန်သည် မသဇင်ဖြိုးမှ ရှင်းပြသည်။

ရထားလမ်းဖွင့်ပွဲနေ့က ဒေသခံပြည်သူများ လွန်စွာပျော်မြူးနေကြသည့် မြင်ကွင်းကလည်း မမေ့နိုင်စရာ ဖြစ်ကြောင်း သမုန်းကုန်းကြီး ကျေးရွာအုပ်စုမှ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင် ဦးခင်မောင်ဦးမှ ပြောသည်။ သမုန်းကုန်းကြီး - နတ်မောက် ကားခမှာ ၅ဝဝိ/ ဖြစ်ကြောင်း၊ ရထားခအတွက် ကုန်ကျငွေမှာ ၁၅ဝိ/ သာရှိရာ လွန်စွာသက်သာကြောင်း၊ နတ်မောက်သို့ ဈေးကုန်များ ဝယ်မည့်သူများ အထူးအဆင်ပြေကြကြောင်း၊ လမ်းမကောင်းသည့်အတွက် ကားပေါ်တွင် ဟိုယိမ်း ဒီယိမ်း၊ ဖုံထူထူ ကားလမ်းမပေါ်တွင် နတ်မောက် တစ်ခေါက် ရောက်ဖို့အရေး ခါးအနာခံပြီး အိမ်ပြန်ရောက်သည်နှင့် မလှုပ်နိုင်အောင် နာကျင်ခဲ့ရသည်ကာလများကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုအခါ နတ်မောက်သို့ သွားလိုလျှင် ရထားပေါ်တွင် သက်တောင့် သက်သာဖြင့် သွားလာနိုင်ပြီ ဖြစ်၍ မိမိတို့ ဒေသရှိ ကျေးလက်နေ ပြည်သူများအတွက် အထူးအဆင်ပြေကြကြောင်းရှင်းပြသည်။

နတ်မောက်မြို့ခံ တစ်ဦးမှလည်း '' ရထားကတော့ ဒေသခံလူထုအတွက် အထူးအဆင်ပြေနေတာတွေ့ရလို့ ဝမ်းသာမိပါတယ်၊ အခုဆိုလျှင် ရထားဆိုက်တာနဲ့ ဘူတာရုံလမ်းက လှိမ့်ဝင်လာတဲ့ ရထားဆင်းတွေကို ကြည့်ပြီး ပီတိဖြစ်မိတယ်၊ ဒါပေမဲ့ ဘူတာပေါ်မှာ ဈေးရောင်းတဲ့ သူတွေကို ရုံပိုင်က ငွေကောက်တယ်လို့ပြောတယ်၊ ဝမ်းရေးအတွက် အဆင်မပြေလို့ ဘူတာသစ်မှာ အဆင်ပြေလို့ ပြေငြား ဈေးရောင်းတဲ့ သူတွေကိုတော့ နေ့စဉ်ငွေကောက်တာ မလုပ်သင့်သေးဘူးထင်တယ်၊ ဘူတာသစ်ကြီး စည်ကားလာအောင် ဆွဲဆောင်မှုတွေတောင် လုပ်ရမှာ၊ အခုဆိုရင် ဘူတာသစ်ကို ဝင်တဲ့ မြင်းလှည်းတွေကိုလည်း ငွေကောက်နေတာဘဲ လို့ မြင်းလှည်းသမားတွေက ပြောတယ်၊ ဒီခေတ်ထဲမှာ ဒီလိုငွေကောက်တာတွေ မရှိသင့်တော့ဘူးလို့ ပြည်သူတွေက ပြောနေကြတယ် '' ဟု ဘူတာအနီးတွင် နေထိုင်သူ နတ်မောက်သားမှ ရှင်းပြသည်။

ဒေသခံများပြောပြချက်အရ ယခုလက်ရှိ တွဲနှစ်တွဲဖြင့် ပြေးဆွဲနေရာ ခရီးသည် အင်အားဖြင့် လုံလောက်မှု မရှိခြင်းကြောင့် နောက်ထပ် တွဲသစ်များတိုးချဲ့ ၍ ပြေးဆွဲပေးရန် လိုအပ်လျှက်ရှိကြောင်းသိရသည်။

ပေါ်ဦး (နတ်မောက် )
Myanmar News Now

ရွာတော်-နတ်မောက် ရထားပြေးဆွဲခြင်းကြောင့် ဒေသခံများ အတွက်အဆင်ပြေ ရွာတော်-နတ်မောက် ရထားပြေးဆွဲခြင်းကြောင့် ဒေသခံများ အတွက်အဆင်ပြေ Reviewed by သစ်ထူးလွင် on 20:20 Rating: 5
Powered by Blogger.