နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် လွတ်လာသူများ တောင်းဆို

သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ တကယ် စေတနာထားရင် ကျန်ရှိ နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လွတ်မြောက်လာ သူတွေက တောင်းဆို လိုက်ပါတယ်။

အကျဉ်းထောင် အသီးသီးမှာ ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ နိုင်ငံသား အကျဉ်းသား ၉၀ ဦးနဲ့ နိုင်ငံခြားသား ၃ ဦး စုစုပေါင်း ၉၃ ဦးကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ နဲ့အညီ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ အကျဉ်းထောင်အသီးသီးကနေ ဒီနေ့ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီး ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသား ဘယ်လောက် ပြန်လွှတ်ပေးလိုက်တယ်ဆိုပြီး ဖော်ပြထားခြင်းတော့ မရှိပေ။

၁၇ (၁) ၊ ၁၃ (၁) ပုဒ်မတွေနဲ့ ထောင်ထဲမှာ ၄ နှစ်ခွဲကျော် နေခဲ့ရပြီး အင်းစိန်ထောင်ကနေ ပြန်လွတ်မြောက်လာတဲ့ ကိုကျော်ဇောလင်းက ဦးသိန်းစိန်အစိုးရအနေနဲ့ တကယ်စေတနာထားရင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

“သမ္မတဦးသိန်းစိန်အနေနဲ့ တကယ်စေတနာထားတယ်ဆိုရင် သင်ပုန်းချေပါ။ ကျနော်တို့ကိုချည်းပဲ ပြောတယ် သင်ပုန်းချေကြပါလို့။ သူတို့ကရော သင်ပုန်းမချေဘူးလား။ တချို့တ၀က်ကို ချန်ထားခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒါက သင်ပုန်းမချေနိုင်လို့။ ခွင့်လွှတ်မယ်ဆိုရင် အားလုံးကို ခွင့်လွှတ်လိုက်ပါ။ ထောင်ထဲမှာ ကျနော့်သူငယ်ချင်းတွေ မထားပါနဲ့တော့။ ပြန်လွှတ်ပေးပါ။ နိုင်ငံရေးအသုံးချပုံနည်းမျိုးနဲ့လည်း မကစားပါနဲ့။ တကယ်စေတနာထားရင် တကယ်ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားပါ။”

အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် ကျန်ရှိနေသေးပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ၁၇ (၁) ပုဒ်မနဲ့ ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက ပြောပါတယ်။

“ကျနော်တို့ အခုလွတ်လာသလို အားလုံးကို ပြန်လွှတ်ပေးစေချင်တယ်။ ကျနော်တို့ ပျော်ရွှင်ရသလို ပြောရွှင်စေချင်တယ်။ သူတို့လည်း သူတို့မိသားစုနဲ့ ပြန်ဆုံတွေ့ချင်မှာပဲ။”

အခုလို အကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဘိုကြည်က အခုလို ပြောပါတယ်။

“ကျနော်တို့က မူးယစ်ဆေးဝါးသမားတွေကို တောင်းဆိုနေတာ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေကို သီးသန့် နိုင်ငံရေးသမားခေါင်းစဉ်နဲ့ ဥပမာ အောက်ပါနိုင်ငံရေးအကျဉ်းသမားများကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လွှတ်လိုက်သည်ဆိုရင် ကျနော်တို့အတွက် အရမ်းကောင်းပါတယ်။ နောက်တခုက ၄၀၁ (၁) အရဆိုတော့ ဒါဟာ ပြစ်မှုကြွင်းကျန်လား၊ ခြွင်းချက်မရှိဘူးဆိုတဲ့ဟာက နည်းနည်း အငြင်းပွားဖွယ် ဖြစ်နေတယ်။ တကယ်တမ်း အစိုးရက ရှင်းရှင်းလင်းလင်းနဲ့ ထုတ်ပြန်ကြေညာသင့်တယ်။”

နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ်အသုံးချနေတာတွေ မလုပ်သင့်ကြောင်းလည်း ဦးဘိုကြည်က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလိုမျိုး တွေ့ရတယ်။ ဥပမာ မနေ့ကဆိုရင် ဥရောပသမဂ္ဂကနေပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်ပေးလိုက်တယ်။ အဲဒီဟာကို တုံ့ပြန်တဲ့အနေနဲ့ လွှတ်ပေးလိုက်တာ၊ ဒီလိုမျိုးအတွက်ကို အပေးအယူလုပ်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံအဖြစ် အသုံးပြုနေတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါဟာ မလုပ်သင့်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်သင့်တယ်။ ဒါက  မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖြစ်တယ်။”

ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။
ဒီနေ့ ပြန်လည်လွှတ်မပေးခင်အထိ မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ကျန်သေးတယ်လို့ ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။

by ဒီဗွီဘီ


ကိုကျော်ဇင်မင်း (ယာ) နှင့် လွတ်မြောက်လာသူတဦး

နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် လွတ်လာသူများ တောင်းဆို နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် လွတ်လာသူများ တောင်းဆို Reviewed by သစ်ထူးလွင် on 05:51 Rating: 5
Powered by Blogger.