ဧပြီလ ၂၈ ရက်၊ ၂၀၁၃ ခုနှစ်။
ပုသိမ်မြို့မြောင်းမြကျောင်းတိုက်တွင် လူ့အခွင့်အရေးအသိအမြင်ဖွင့်သင်တန်းတခု ဖွင့်လှစ်သင်ကြားနေပြီး ယင်းမှာ ပုသိမ်ခရိုင်အတွင်း ပထမဆုံးပြုလုပ်သည့်လူ့အခွင့်အရေးသင်တန်းဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကို မသိတဲ့လူတွေ အများကြီးရှိနေပါတယ်။ သိတဲ့လူက အင်မတန်နည်းပါးပါတယ်။ အဲတော့ လူ့အခွင့်အရေးမသိတော့ ကိုယ့်အခွင့်အရေးကိုလည်း မကာကွယ်နိုင်သလို သူများအခွင့်အရေးကိုလည်း မလေးစား မလိုက်နာပဲ ချိုးဖောက်တာတွေ ဖြစ်လာပါတယ်။ ဒီလိုမျိုးအခြေအနေတွေ လျော့ပါးစေဖို့အတွက် ကျနော်တို့ ပုသိမ်ဒေသမှာ အခက်အခဲတွေ အများကြီးထဲက လူ့အခွင့်အရေးသင်တန်းကို ဖွင့်လှစ်ခဲ့တာပါ”ဟု သင်တန်းတာဝန်ခံ ဦးဝင်းနိုင်က ပြောသည်။
ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ငွေဆောင် စသည့်ဒေသများမှ တောင်သူလယ်သမား၊ တက္ကသိုလ်ကျောင်းသားများ၊ လူငယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား ၂၀ တက်ရောက်သင်ကြားနေကြောင်း သိရသည်။
Equality Myanmar အဖွဲ့၏ှကူညီထောက်ပံ့မှုဖြင့် ဖွင့်လှစ်နေသည့်ယင်းသင်တန်းအား လူ့အခွင့်အရေး လှုပ်ရှားသူ ဦးဝင်းနိုင်၊ ဦးသက်ပိုင်နှင့် ဒေါ်ဧကရီထွန်းတို့က ဧပြီလ ၂၄ ရက်မှ ၂၈ ရက်အထိ လူ့အခွင့်အရေးများနှင့် ကလေးအခွင့်အရေးများအကြောင်းကို သင်တန်းသားသူဗဟိုပြုစနစ်ဖြင့် သင်ကြားပို့ချ ပေးနေကြောင်း သိရသည်။
Myanmar News Now

ပုသိမ်မြို့တွင် လူ့အခွင့်အရေးသင်တန်း ပထမဆုံးအကြိမ်ဖွင့်လှစ်
Reviewed by သစ်ထူးလွင်
on
15:04
Rating: