ရန်ကုန်၊ ဧပြီ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တပ်မတော်နှင့် ကေအိုင်အေ တို့၏ တိုက်ပွဲများကြောင့် မန်ဝိုင်ကြီးအနီး တွင် အသစ်ဖွင့်လိုက်သော ဒုက္ခသည်စခန်း သစ်တွင် နေရပ်စွန့်ခွာလာသူ တစ်ထောင် ကျော်လာပြီဖြစ်ကြောင်း သွားရောက်ကူညီ ပေးနေသည့် ဘာသာရေး အဖွဲ့အစည်းများ ထံမှ သိရသည်။
"တိုက်ပွဲက ဆက်ဖြစ်နေသေးတော့ ဒုက္ခသည်တွေ ဆက်ရောက်နေသေးတယ်" ဟု ဒုက္ခသည်များကို သွားရောက် ကူညီခဲ့သည့် ကက်သလစ်ဘာသာရေးအသင်း အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
မန်ဝိုင်းကြီးအနီးတွင် ဒုက္ခသည် စခန်းသစ်မှာ တည်ဆောက်နေဆဲ ဖြစ်သော်လည်း ဒုက္ခသည် လာရောက်ခိုလှုံသည့် အတွက် ယခုလဆန်းပိုင်းတွင် လက်ခံ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၄င်းကရှင်းပြသည်။
တပ်မတော်နှင့် ကေအိုင်အေတို့၏ တိုက်ပွဲများကြောင့် တရုတ်နယ်စပ်တစ် လျှောက်တွင် ဒုက္ခသည်စခန်းပေါင်း ၃၀ နီးပါးရှိပြီး ဒုက္ခသည်ပေါင်း နှစ်သောင်း ကျော်ရှိကြောင်း ကေအိုင်အို၏ ကောက်ယူ ထားသော စာရင်းများအရ သိရသည်။
ကချင်ပြည်နယ်တွင် တိုက်ပွဲများ ရပ်ဆိုင်းထားပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲမှာ ကေအိုင်အေ တပ်မဟာ (၄) အောက်ရှိ တပ်ရင်း ၉ စခန်း နယ်မြေတွင်ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် ပြင်ဆင်နေသည့် ကာလအတွင်းတွင် တိုက်ပွဲ ဖြစ်ပွားနေသည့် တစ်ခုတည်းသော ဒေသလည်းဖြစ်သည်။
ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကမူ "တပ်မတော်က စစ်ကြောင်း သုံးကြောင်းနဲ့ တိုက်ခိုက်နေတယ်" ဟု ပြောကြားသည်။
တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ပြည့်တော့မည် ဖြစ်ပြီး အပစ်ခတ်ရပ်စဲရေး အတွက် နှစ်ဦးနှစ်ဖက် ပြေလည်မှုမရသေးဘဲ ဆွေးနွေးရန် ညှိနှိုင်းနေဆဲဖြစ်သည်။
The Voice Weekly

ကချင်ဒုက္ခသည်စခန်းသစ်သို့ တိမ်းရှောင်လာသူ တစ်ထောင်ကျော်ရှိ
Reviewed by သစ်ထူးလွင်
on
15:21
Rating: