လူဟောင်းအများစုဖြင့် NLD ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်း

မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံး နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ ဗဟို ညီလာခံသို့ တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ် ၁၅၀၀ အနက် ဗဟို ကော်မတီဝင် ၁၅၀ ဦးကိုရွေးချယ်ရာ ယခင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည့် ပါတီဝင်အများစု ပြန်လည် ရွေးချယ်ခံခဲ့ရကြောင်း ယင်းပါတီ ဗဟိုညီလာခံသို့ တက်ရောက်သည့် ကိုယ်စားလှယ်များက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက်ရောက်လာသည့် ကိုယ်စားလှယ်များ ထဲမှ ညီလာခံကိုယ်စားလှယ် ၁၀ ဦးလျှင် တစ်ဦးကျ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ကြောင်း ၄င်းတို့က
ပြောဆိုသည်။

ဗဟိုကော်မတီဝင် ၁၅၀ ဦးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ဒါရိုက်တာကြည်ဖြူသျှင် တို့ အရွေးခံရသည့် အပြင် လွှတ်တော် ကိုယ်စားလှယ် အများစုမှာ အလုပ် အမှုဆောင်အဖြစ် အရွေးချယ်ခံရကြောင်း ၄င်းတို့က ပြောကြားသည်။

ယင်းဗဟိုကော်မတီဝင်များ ညှိနှိုင်း ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် များကို ရွေးချယ်ကာ ပါတီဥက္ကဋ္ဌ နေရာကို ရွေးချယ်တင်မြှောက်မည်
ဖြစ်သော်လည်း သြဇာကြီးမားသည့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် ကိုပင် ပါတီဥက္ကဋ္ဌအဖြစ် တစ်ဖန် ပြန်လည် ရွေးချယ်နိုင်ခြေ ရှိကြောင်း ညီလာခံ ကိုယ်စားလှယ်များက သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဗဟို ကော်မတီဝင် ၁၂ ဦး၊ ပဲခူးတိုင်းဒေသ ကြီးမှ ဗဟိုကော်မတီဝင် ကိုးဦး၊ တနင်္သာရီ တိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင် သုံးဦး၊ ရခိုင်ပြည်နယ်မှ ဗဟိုကော်မတီဝင် လေးဦးနှင့် ဧရာဝတီ တိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင် ရှစ်ဦးတို့ ပါဝင်ကြောင်း ၄င်းတို့က ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် မှတ်ပုံတင်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီဝင်
အင်အား ၁၂ သိန်းကျော်ရှိကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်။

The Voice Weekly


လူဟောင်းအများစုဖြင့် NLD ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်း လူဟောင်းအများစုဖြင့် NLD ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်း Reviewed by သစ်ထူးလွင် on 18:03 Rating: 5
Powered by Blogger.