မြစ်စားတဲ့မြေ

မြင့်မားသော ကမ်းပါးတစ်ခု၏ ထိပ်တွင် တဲအိမ်လေးတစ်ခု ယိုင်နဲ့စွာ တည်ရှိနေသည်။ ထိုတဲအိမ်လေး၏ တိုင်လေးတွေက မြေသားတွေကြားမှ ရုန်းထွက်နေသည်။ တဲအိမ်လေးကို မိုးထားသည့် သက်ငယ်တွေက လေတိုက်တိုင်း ပြုတ်ပါသွား တော့မည့်အလား။

ဖွံ့ဖြိုးရေး စီမံကိန်း များကြောင့် မြန်မာနိုင်ငံ လူဦးရေ၏ လေးပုံသုံး ပုံခန့်ဖြစ်သော တောင်သူလယ်သမားများသည် ၎င်းတို့ စိုက်ပျိုးနေထိုင်ကြသည့် မြေယာများ ဆုံးရှုံးမှုအရေးကို နှစ်ပေါင်းများစွာကတည်းက ရင်ဆိုင်နေခဲ့ရသည်။ မြေယာ ဆုံးရှုံးသွားသည့် တောင်သူတို့သည် ၎င်းတို့နစ်နာမှုများအတွက် လူသိရှင်ကြား ထုတ်ဖော်ကာ အခွင့်အရေး တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

စိုက်ပျိုးနေထိုင်သည့် မြေများဆုံးရှုံးသည့် ဖြစ်စဉ်ချင်းတူညီသော်လည်း ၎င်းတို့ကဲ့သို့ အခွင့်အရေးများ တောင်းဆိုခွင့်မရဘဲ လူမသိသူမသိဖြင့် စိုက်ပျိုးမြေမဲ့ဖြစ်သွားသူများလည်း အမြောက်အမြား ရှိနေသည်။ ထိုသူများမှာ မြစ်ကမ်းပါးများ ပြိုကျမှုကြောင့် စိုက်ပျိုးနေထိုင်သည့်မြေများ ဆုံးရှုံးသွားသူများဖြစ်သည်။

ထိုသူများထဲတွင် မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ဟင်္သာဖိုရွာရှိ ဧရာဝတီ မြစ်ကမ်းနံဘေး တဲထိုးနေရသူ အသက် ၇၀ ကျော်ပြီဖြစ်သည့် ဒေါ်မာကြီး တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ ဘယ်ဘက်တစ်ခြမ်း လေဖြတ်ကာ မသန်စွမ်းဖြစ်နေသည့် ဒေါ်မာကြီးနှင့် သူ့လိုပင်ညာဘက်တစ်ခြမ်း လေဖြတ်နေသည့် အသက်(၄၅)နှစ်အရွယ် သားဖြစ်သူတို့ နေထိုင်ရာ အိမ်နှင့်ခြံကလေးသည် မြစ်ရေတိုက်စားမှုကြောင့် တဖြည်းဖြည်း လုံးပါးပါးခဲ့ရသည်။

ဒေါ်မာကြီးတို့အိမ်က ယခင်က ဟင်္သာဖိုရွာလယ်ရှိ ပေ(၈၀)ခန့် ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်ထားသော နှစ်ထပ်သွပ်မိုး အိမ်ကြီးတစ်လုံးပင် ဖြစ်သည်။ ဒေါ်မာကြီးအိမ်ကနေ အရှေ့ဘက်တစ်မျှော်တစ်ခေါ်မှာ အိမ်တွေက တန်းစီလို့။ ယခုတော့ နှစ်စဉ်မြစ်ကမ်းပါး ပြိုလာတာတွေကြောင့် ခြံကြီးက ခြံလေးဖြစ်သွားရသည်။ ရွာလယ်သူ ဒေါ်မာကြီးက ရွာအစွန်အဖျားကို အလိုအလျောက် ရောက်လာခဲ့ရသည်။ ကွမ်းယာဆိုင်သာသာ တဲအိမ်လေး နေရာက ယခင်ဒေါ်မာကြီးတို့ အဆင်ပြေခဲ့စဉ်အချိန်က နွားတင်းကုပ်ထားခဲ့သည့်နေရာ ဖြစ်သည်။ တဲအိမ်လေးရဲ့ အချို့နေရာလေးတွေမှာ ငုတ်တိုင်လေးတွေ ရှိနေတုန်း။

ဒေါ်မာကြီးတို့လို ဧရာဝတီမြစ်ကမ်းပါးပြိုကာ အိမ်ခြံပါသွားသူ၊ အိမ်အလုံးလိုက် ပါသွားသူတွေက ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်တွင် တည်ရှိနေကြသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင်ပင် စဥ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ မြင်းခြံမြို့နယ်များရှိ ဧရာဝတီမြစ်ဘေးတွင် နေထိုင်နေသော ရွာများတွင် ဧရာဝတီ မြစ်ကမ်းပါးပြိုသည့်ဒဏ်ကို ရင်ဆိုင်နေရကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများသည် ကမ်းပါးပြိုကျမှုဒဏ်ကို အများဆုံးကြုံတွေ့နေရသည်။ ဆည်သည်၊ ကြာဥယျာဉ်၊ လက်ပံကုန်း၊ ထီးကုန်း၊ သာယာဝတီ၊ ထုံးကြီး၊ စားကျက်၊ ဟင်္သာဖို၊ဟင်္သာမ၊ ဇီးကုန်း၊ စည်ပင်ကျွန်း အစရှိသည့် ရွာပေါင်း (၁၁) ရွာကျော် ကမ်းပါးပြိုကျမှုဒဏ်ကို နှစ်စဉ်ခံနေရသည်။ ယင်းရွာများတွင် ရေတက်သည့်အချိန် ၀ါဆို၊ ၀ါခေါင်ကာလဆိုလျှင် တစ်ပတ်အတွင်း ပေ ၅၀ ခန့် ပြိုကျမှုရှိသည်ဟု ဆည်သည်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးစိုးဝေက ဆိုသည်။

ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာရွာတွင် မြစ်ကမ်းပါးပြိုကျမှုဒဏ်ကြောင့် ၂၀၁၀ မှ ၂၀၁၂ ခုနှစ်အထိ အိမ်ခြေအလုံး ၇၈ လုံး ဖြိုဖျက်လိုက်ရပြီဖြစ်ကြောင်း ယင်းရွာမှ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ဦးမော်လွင်က ပြောသည်။ ၎င်းရွာများနည်းတူ မတ္တရာမြို့နယ် အတွင်းရှိ နန်းတော်ကျွန်း၊ သုံးဆယ်ပေး၊ သဖန်းထောင့်၊ ဆင်ကျွန်း အစရှိသည့် ကျေးရွာများ၊ မြင်းခြံမြို့နယ် ဆီမီးခုံ၊ စားကျူး၊ လင့်ကြီး ကျေးရွာများ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဆိုလျှင် ရွှေပေါက်ပင်၊ မရိုးကုန်း အစရှိသည့် ကျေးရွာများ မြစ်ကမ်းပါးပြိုကျမှုဒဏ် တစ်နှစ်ထက်တစ်နှစ် ဆိုးရွားစွာ ရင်ဆိုင်လာရသည်။ လက်လှမ်းမမီသည့် မြစ်ကမ်းပါးပြိုကျမှုဒဏ် ခံနေရသော ကျေးရွာများစွာ ရှိနေပါသေးသည်။

ယခုလို မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှုများသည် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် စစ်တောင်းမြစ်များတွင်လည်း အဖြစ်များလျက်ရှိသည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။

သဘာဝပေးသည့် ရေအရင်းအမြစ်များဖြစ်သော မြစ်ချောင်းများ ပေါများရာ မြန်မာနိုင်ငံသည် သဘာဝကပေးသည့် အကျိုးကျေးဇူးများကို လူသားများခံစားခဲ့ရသည်မှာ ရာစုနှစ်ပေါင်းများစွာကတည်းက ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ်ဖြစ်နေပြီး နိုင်ငံ၏အလယ်တည့်တည့် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းနေသော ဧရာဝတီမြစ်သည် သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားများကို အကျိုးစီးပွား ဖြစ်ထွန်းစေခဲ့သည်။

မြစ်ချောင်းများ တဖြည်းဖြည်း တိမ်ကောလာရခြင်းမှာ ရေဝေရေလဲဒေသများတွင် သစ်ပင်ပြုန်းတီးခြင်းက အဓိက အကြောင်းရင်း ဖြစ်သည်ဟု မြစ်ကြောင်းထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်သည်။ အခြားလူတို့ သတိမပြုမိသည့် အကြောင်းအရာများလည်း များစွာရှိသည့်အနက် မြစ်ကြောင်းများအတွင်း သဲနုန်းများ အဆမတန် တူးဖော်ခြင်းနှင့် ရေလယ်တိုင်များပါသည့် တံတားများ တည်ဆောက်ခြင်းကလည်း မြစ်ကြောင်းကို ပြောင်းလဲစေသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဆိုင်ရာ ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံတွင် အသုံးအ၀င်ဆုံးဖြစ်သော ဧရာဝတီမြစ်သည် ကမ္ဘာပေါ်တွင် ရေတိုက်စားမှု အများဆုံးမြစ်တစ်ခုဖြစ်သည်ဟုဆိုသည်။

ဧရာဝတီမြစ်၏ ရေဝေရေလဲဒေသတွင် သစ်တောဖုံးလွှမ်းမှုသည် ဧက ၄၁ သန်းရှိသော မြစ်ကြီးရေရှည်တည်တံ့ရေးအတွက် ဧက ၁၇ သန်းအား မဖြစ်မနေ ထိန်းသိမ်းရန် လိုအပ်ကြောင်း သုတေသနပြုလုပ်ခဲ့သူ ဦးဝင်းမျိုးသူက ပြောသည်။

“ရေလမ်းကြောင်း ပြောင်းလဲတာရဲ့ အဓိကအချက်က ရေဝေရေလဲဒေသ ပျက်စီးပြုန်းတီးတာကြောင့် နဂိုရှိရင်းစွဲ နုန်းပို့ချမှုက တဖြည်းဖြည်းများလာတယ်။ မြစ်ကြမ်းပြင် တိမ်လာတယ်။ တိမ်လာတော့ မိုးများတဲ့အချိန်ဆိုရင် တိမ်တဲ့နေရာတွေကို လျှောက်ပြန့်ပြီး စီးတော့ ကမ်းပြိုမှုတွေ ဖြစ်လာတာပဲ” ဟု ဦးဝင်းမျိုးသူက ပြောသည်။

မိုးရာသီနှင့် နွေရာသီကာလများတွင် ဧရာဝတီမြစ်ထဲရှိ ရေစီးဆင်းမှု မတူညီသောကြောင့် မြေဆီလွှာစုစည်းထားသည့် သစ်ပင်များမရှိဘဲ နွေရာသီကာလအတွင်း ခြောက်သွေ့ခဲ့သော မြစ်ကမ်းပါးများသည် မိုးရာသီအ၀င်တွင် မြေသားများ ပြိုရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ပြောသည်။

မြစ်ကမ်းပါးပြိုကျမှုဒဏ်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားစွာ ရင်ဆိုင်လာကြရသည်။ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွာတစ်ရွာကနေ နှစ်ရွာဖြစ်သွားသလို ရွာလုံးကျွတ် ရွှေ့ပြောင်းရခြင်းမျိုးလည်း ရှိလာသည်။ ၀ါဆို၊ ၀ါခေါင် ရေတက်သည့် ကာလရောက်လျှင် ရေကင်းများထားကာ ကမ်းပါးပြိုကျမှုအန္တရာယ်ကို စောင့်ကြည့်ကြရသည်။ အခြေအနေမကောင်းပါက သံချောင်းခေါက်ကာ နေ့ညမရွေး ရွာသူရွာသားများ စုပေါင်းကာ အိမ်ဖျက်ကြရသည်။ အချိန်မီ မဖျက်နိုင်၍ အိမ်အလုံးလိုက် မျောပါသွားခြင်းမျိုးလည်း ကြုံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။ ဖျက်သိမ်းလိုက်ရသော အိမ်အလုံးလိုက်ကို ပြန်ဆောက်ရန် နေရာမရှိ၍ လွတ်ရာတွင် စုပုံထားခြင်းများလည်း ရှိသည်။ လူတွေကတော့ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းဝင်းများ၊ စာသင်ကျောင်းများတွင် ခိုကပ်နေရသည်။ “မြေမ၀ယ်နိုင်တော့လို့ ရွာက သ/မရုံးဝင်းထဲခွင့်တောင်းပြီး တဲထိုးနေရတယ်” ဟု ဟင်္သာဖိုရွာမှ ဒေါ်ဝင်းကြည်က ပြောသည်။

စဥ့်ကူးမြို့နယ် ဆည်သည်တောင်ရွာတွင် မြစ်ကမ်းပါးပြိုကျမှုဒဏ် ခံနေရသည့် အိမ်ခြေ(၄၅) လုံးခန့်ရှိပြီး ပြိုပျက်သွားသည့် အိမ်များမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ၀င်ရောက်နေထိုင်နေရပြီး မကြာမီ ဖယ်ပေးရတော့မည်ဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ ပုသိမ်ကြီးမြို့နယ် ညောင်ပင်သာရွာရှိ မြစ်ကမ်းပါးပြိုကျမှုဒဏ်ခံခဲ့ရသူများတွင် ဆွေမျိုးသားချင်း အိမ်ကပ်နေသူများလည်းရှိပြီး ရွာရှိအလယ်တန်းကျောင်းထဲတွင် ခိုကပ်နေရသူများလည်းရှိကာ မကြာမီ ၎င်းတို့လည်း ဖယ်ပေးရတော့မည်ဖြစ်ကြောင်း ပြောသည်။ အချို့က ငွေကြေးတတ်နိုင်သော်လည်း အိမ်ပြန်မဆောက်ရဲကြသေး။

“ကိုယ်ဆောက်ပြီးမှ ပြိုမှာတအားစိုးရိမ်နေတယ်။ အသားတွေ ဒီအတိုင်းပုံထားတယ်” ဟု စဥ့်ကူးမြို့နယ် ထီးကုန်းကျေးရွာမှ ကျောင်းဆရာတစ်ဦးက ပြောကြားသည်။ “ဒီရွာမှာက ပိုက်ဆံတတ်နိုင်လို့ ၀ယ်မယ်ဆိုရင်တောင်မှ ၀ယ်စရာမြေမရှိတော့ဘူး။ ကမ်းပါးပြိုလို့ ကုန်နေပြီ” ဟု ညောင်ပင်သာရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းအောင်ကပြောသည်။

တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာသော မြစ်ကမ်းပါးပြိုကျမှုဒဏ် ခံနေရသောကြောင့် ရွာသူရွာသားများအနေဖြင့် တတ်နိုင်သော နည်းလမ်းများဖြင့် ကာကွယ်ရန် ကြိုးစားခဲ့ကြသည်။ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ၁၄ တောင်ခန့် ရှည်သော ၀ါးလုံးတိုင်ပေါင်း ၂၀၀၀ ကျော်ကို ထက်ပိုင်းဖြတ်ကာ ရေကာစည်းရိုးများ ဆောက်ကြသည်။

ရွာအတွင်းရှိ သစ်ကိုင်းခြောက်များကိုခုတ်ကာ ရေကာကြသည်။ သဲအိတ်များ ချကြရသည်။

“သက်သာလို သက်သာငြား လုပ်ကြရတာပါပဲ။ သိပ်တော့မထူးပါဘူး” ဟု ညောင်ပင်သာရွာမှ ဦးမော်လွင်ကဆိုသည်။ “မနှစ်က ရေကာစည်းရိုးလေးလုပ်တာ ကျပ်ရှစ်သိန်းလောက် ကုန်တယ်။ ရွာသူရွာသားတွေက တတ်နိုင်လို့တော့ ဘယ်ဟုတ်ပါ့မလဲ။ မဖြစ်ဖြစ်အောင် ရှာကြံထည့်ပြီး လုပ်ကြရတယ်” ဟု ဦးမော်လွင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်းတိုင်းတာခြင်း၊ ကာကွယ်နိုင်မည့် နည်းလမ်းများကို တိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စုအစိုးရအဆင့်သို့ တင်ပြခဲ့ခြင်းများ ရှိခဲ့သော်လည်း ယင်းနည်းလမ်းများသည် ငွေကုန်ကြေးကျများသောကြောင့် ဘတ်ဂျက်ကျလာမှုမရှိကြောင်း ယင်းဌာနမှ တာဝန်ရှိသူက ဆိုသည်။

ထို့ထက်ပိုဆိုးသည်က မြစ်ကမ်းပါးပြိုကျမှုကြောင့် အိမ်မြေများအပြင် လုပ်ကိုင်စားသောက်နေရသော လယ်မြေများပါ ပြိုကျပျက်စီးမှုများ ရှိလာပြီဖြစ်သည်။ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ လယ်မြေဧကများ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဆုံးရှုံးသွားခဲ့ပြီး တစ်နှစ်လျှင် ဧက၀က်ခန့် ဆုံးရှုံးနေကြောင်း ဒေသခံအချို့က ပြောသည်။ “ကျွန်တော်တို့မှာ နေစရာမရှိလို့ ဒုက္ခရောက်ရတဲ့ကြား၊ လုပ်စားစရာမြေပါ ကုန်တော့တော်တော်ကို ကျပ်တည်းကုန်ကြပြီ” ဟု ညောင်ပင်သာရွာမှ ကိုလှမင်းသန်း
ကပြောသည်။ စဥ့်ကူးမြို့နယ် ဆည်သည်ကျေးရွာတွင်လည်း ယမန်နှစ်ရေတက်သည့် အချိန်က မြစ်ကမ်းပါးပြို၍ စိုက်ပျိုးမြေဧက ၁၀ ဧကကျော် ဆုံးရှုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဦးစိုးဝေက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေလမ်း ၂၈၈ မိုင် ရှည်လျားကြောင်း နှစ်စဉ်မိုးရာသီရေကြီးချိန်တွင် မန္တလေးတိုင်းဒေသကြီး တကောင်းမြို့နယ်မှ ညောင်ဦးမြို့နယ်အထိ ဧရာဝတီမြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာများမှာ မြစ်ရေတိုက်စားခံရပြီး ကမ်းပါးပြိုကာ စိုက်ပျိုးမြေများ ဆုံးရှုံးခြင်း၊ လူနေအိမ် အဆောက်အအုံများ ပြောင်းရွှေ့ရပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးဒုက္ခများ ခံစားရကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် စဥ့်ကူးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတောက်က တင်ပြခဲ့ဖူးသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက ၂၀၁၂ ဇူလိုင်လအတွင်းက ဧရာဝတီမြစ်ရေ မြင့်တက်တိုက်စားမှုကြောင့် မန္တလေးတိုင်းဒေသကြီး မတ္တရာ၊ စဥ့်ကူး၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ ငါန်းဇွန်၊ ညောင်ဦးမြို့နယ်များတွင် ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂၉၆ လုံး၊ လူဦးရေ ၁၃၅၇ ဦးနှင့် တဲငယ်များ ရွှေ့ပြောင်းပေးခဲ့ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နေအိမ်များ ပြောင်းရွှေ့မှုအတွက် ၂၀၁၂ တွင် ထောက်ပံ့ကြေး ငွေ ကျပ် ၃၄၃ ဒသမ ၅၇ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မြစ်ချောင်းထိန်းသိမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ပေးသည့် တစ်ခုတည်းသော ဦးစီးဌာန ဖြစ်သည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကလည်း ရရှိလာသည့် ရန်ပုံငွေမှာ နည်းပါးသောကြောင့် အမြန်ဆုံး ဖြေရှင်းရမည့်နေရာကိုသာ ဦးစားပေး ဖြေရှင်းနေရကြောင်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦးက ပြောသည်။

အရေးပေါ်မြစ်ကြောင်းထိန်းသိမ်းရေးအပြင် ရေရှည်တည်တံ့စေသော မြစ်ကြောင်းထိန်းသိမ်းရေး နည်းပညာများနှင့် လိုက်နာရမည့် ထိန်းသိမ်းရေးတာဝန်များကို အသုံးချသည့် ပြည်သူတစ်ရပ်လုံးက လိုက်နာမှုမရှိပါက မြစ်ကြောင်းများ တိမ်ကောလာပြီး ရေချိုရရှိမှုလည်း အနာဂတ်တွင် ကြီးမားလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက သုံးသပ်သည်။

မြစ်ကမ်းပါးတိုက်စားမှုသည် ရေရှည်ဖြစ်ပေါ်လာပါက လယ်ယာမြေဆုံးရှုံးမှုများကို ကြုံတွေ့ရမည့်အပြင် မြစ်ကြမ်းပြင်ထုထည် မြင့်မားလာပြီး မြစ်တိမ်ကောမှု ဖြစ်လာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များက ပြောသည်။

အခြားဥရောပနိုင်ငံများတွင် မြစ်ကြောင်းရေရှည်တည်တံ့ရေးအတွက် ရေလမ်းကြောင်းပြောင်းလဲမှုကို ဖြစ်ပေါ်စေသော ရေလယ်တိုင်ပါသည့် တံတားဆောက်လုပ်သည့် နည်းပညာအစား ရေလယ်တိုင်မပါသည့် နည်းပညာများကို အသုံးပြုနေကြသည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များကပြောသည်။

“တိမ်ကောတော့မယ့် မစ္စစ္စပီမြစ်ကို ထိန်းတဲ့အခါမှာ မြစ်ကို ဖြတ်ဆောက်ထားတဲ့ တံတားတွေအများကြီးပဲ။ ဒါပေမဲ့ မြစ်ထိခိုက်မှာစိုးလို့ ရေလယ်တိုင်မထည့်ဘူး။ မစ္စစ္စပီမြစ်ကို ကယ်တင်တဲ့ အကြောင်းအရာတွေထဲက သူတို့လုပ်ဆောင်ခဲ့တာ တစ်ခုပေါ့” ဟု မြစ်ဆုံစီမံကိန်း မတည်ဆောက်မီ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လေ့လာခဲ့သည့် အဖွဲ့တွင်ပါဝင်သူဦးညိုမောင်က ပြောသည်။

ရာသီဥတု ပြောင်းလဲလာမှုကြောင့် တိုက်ရိုက်ထိခိုက်နိုင်မည့် မြစ်ကြောင်းများ ရာသီဥတုနှင့် လိုက်လျောညီထွေစွာ ပြုပြင်ရန်အတွက် လူတို့လုပ်ဆောင်မှုကြောင့် ပျောက်ဆုံးနေသော မြစ်ဝှမ်းလွင်ပြင်များကိုလည်း ပြန်လည်ထိန်းသိမ်း ရမည်ဖြစ်ကြောင်း ဦးဝင်းမျိုးသူက ပြောသည်။

“ပင်လယ်ရေအောက်ရောက်တော့မယ့် နယ်သာလန် နိုင်ငံဆိုရင် သူတို့နိုင်ငံ ရေမမြုပ်ဖို့ တမံတွေဖို့ ထိန်းသိမ်းခဲ့ပေမယ့် ရေလျှံမှုကို ဖြစ်စေတဲ့ မြစ်ချောင်းတွေကို သတိမထားလို့ အခုနောက်ပိုင်း သူတို့ကလူလုပ် မြစ်ဝှမ်းလွင်ပြင်တွေ ဖန်တီးလာကြတယ်” ဟု ၎င်းက ပြောသည်။

မြစ်ဝှမ်းလွင်ပြင်ဆိုသည်မှာ မြစ်ချောင်းများ ရေလျှံချိန်တွင် အလိုအလျောက် ရေစီးနိုင်မည့် သဘာဝအလျောက် ဖြစ်ပေါ်နေသော အင်းအိုင်များကို ဆိုလိုခြင်းဖြစ်သည်။

ပညာရှင်များက မည်သို့လုပ်ဆောင်ရမည်၊ အစိုးရတာဝန်ရှိသူများက မည်ကဲ့သို့ လုပ်ဆောင်သွားမည် စသဖြင့် ပြောဆိုကြချိန်တွင် မြစ်ရေတိုက်စားမှုကို နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့နေရသော ဧရာဝတီမြစ်ကမ်းဘေးတွင် နေထိုင်သူများက မိုးရာသီကာလ ရောက်ရှိမည်ကို စိုးထိတ်စွာ ကြောက်ရွံ့နေဆဲဖြစ်သည်။

ရေးသားသူ- ညီညီဇော်၊ အိဖြူမွန်၊ ထွန်းခိုင်၊ ခန့်ထက် - 7Day News Journal


မြစ်စားတဲ့မြေ မြစ်စားတဲ့မြေ Reviewed by သစ်ထူးလွင် on 11:20 Rating: 5
Powered by Blogger.