စာနယ်ဇင်းသမားများနှင့် ပုံနှိပ်၊ ထုတ်ဝေသူများအကြား သဘောထားကွဲလွဲ

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းနှင့် ပတ်သတ်၍
စာနယ်ဇင်းသမားများနှင့် ပုံနှိပ်၊ ထုတ်ဝေသူများအကြား
သဘောထားကွဲလွဲ

ရန်ကုန်၊ မတ် ၉။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်း ထုတ်ပြန် ကြေညာရာတွင် စာနယ်ဇင်းသမားများနှင့် ပုံနှိပ် ထုတ်ဝေသူ များအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းဟု ခေါင်းစဉ် တပ်ထားသော်လည်း စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်လိုသူများနှင့် ပါတ်သက်ဆက်နွယ်သော အကြောင်းအရင်းများသာ အဓိက ပါဝင်ပြီး ပုံနှိပ်၊ ထုတ်ဝေခြင်းအတွက် အကြောင်းအရင်း အချို့သာ ပါဝင်ကြောင်း ဥပဒေကြမ်းအတွင်း တွေ့ရသည်။

စာနယ်ဇင်းသမားများနှင့် သက်ဆိုင်သည့် ဂျာနယ်၊ သတင်းစာ ထုတ်ဝေခြင်း၊ သတင်းအေဂျင်စီ တည်ထောင်ခြင်း၊ ဝက်ဘ်ဆိုဒ်တွင် သတင်း လွှင့်တင်ခြင်း၊ တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာခြင်း၊ စည်းကမ်းချက်၊ တားမြစ်ချက်နှင့် ပြစ်မှု၊ ပြစ်ဒဏ်များ အဆိုပါ ဥပဒေ ကြမ်းအတွင်း ပါရှိသည်။

ပုံနှိပ်သူနှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း အမှုဆောင် ဦးရဲမြင့်က “အခု ထုတ်ပြန်ထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကြမ်းကို စာနယ်ဇင်းသမားတွေ ကန့်ကွက်သံ ညံလာတဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ အားငယ်စိတ်တွေ ဖြစ်လာတယ်။ ဒီဥပဒေမှာ မီဒီ ယာနဲ့ ပါတ်သတ်တာ လုံးဝ ပါဝင်ခြင်း မရှိပါဘူး။ လုံးဝမပါဝင်တာကို အသည်းအသန် ကန့်ကွက်နေတယ်ဆိုတော့ စိတ်မကောင်း ဖြစ်ရပါ တယ်”ဟု
ပြောကြားသည်။

ပုံနှိပ်သူများမှာ စာနယ်ဇင်းအတွက် သီးသန့်ပုံနှိပ်ခြင်း မဟုတ်ကြောင်းနှင့် အခြားပုံနှိပ်ခြင်းများ စွာရှိကြောင်း၊ ထုတ်ဝေသူများ အနေဖြင့် လည်း အခြားသော စာအုပ်များထုတ်ဝေခြင်း လုပ်ငန်း
များလည်း ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

“ပုံနှိပ်သူနဲ့ ထုတ်ဝေသူလုပ်ငန်း အသင်းသားတွေကို ခေါ်ပြီး ဆန္ဒခံယူပွဲလေး လုပ်ပါတယ်။ တစ်ဦး တစ်ယောက် ကမှ ဒီဥပဒေကို ကန့်ကွက်ခြင်း မရှိပါဘူး” ဟု ဦးရဲမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ ဦးကျော်မင်းဆွေက “ဒီဥပဒေကို ဆန့်ကျင်တာ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ အခွင့်အရေးကို ဆန့်ကျင်တာ မဟုတ်ပါဘူး”ဟု ပြောကြားသည်။

မြန်မာ စာနယ်ဇင်း သမဂ္ဂမှ ဦးဇော်သက်ထွေးက “ကျွန်တော် တို့က မီဒီယာသမားတွေ အခွင့်အရေး ကောင်းတွေ အတွက်ပဲ စဉ်းစားတယ်။ ကျန်တဲ့သူတွေအတွက် မစဉ်းစားဘူးဆိုတာ မဟုတ်ပါဘူး။ နိုင်ငံသား အားလုံးရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေး အတွက်သာ မီဒီယာသမားတွေ က တောင်းဆိုတိုက်ပွဲဝင်တာ ဖြစ်ပါတယ်” ဟုပြောကြားသည်။

အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ သူရ ဦးအေးမြင့်က လွှတ်တော်တွင် တင်ပြဆွေးနွေး နေသည့် ပုံနှိပ် ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ဆိုင်းငံ့ပေးရန် ပြည်သူ့ လွှတ်တော်တွင် တင်ပြသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်သည့်အနေဖြင့် စာနယ်ဇင်း သမားများ လက်မှတ်ထိုး လှုပ်ရှားမှု တစ်ခုကို ပြုလုပ်နေ ကြောင်းလည်း သတင်းလွတ်လပ်ခွင့်ကော်မတီမှ သိရသည်။

ဟိန်းသူ  -  The Myanma Age


စာနယ်ဇင်းသမားများနှင့် ပုံနှိပ်၊ ထုတ်ဝေသူများအကြား သဘောထားကွဲလွဲ စာနယ်ဇင်းသမားများနှင့် ပုံနှိပ်၊ ထုတ်ဝေသူများအကြား သဘောထားကွဲလွဲ Reviewed by သစ်ထူးလွင် on 18:39 Rating: 5
Powered by Blogger.