တဲတန်းလျား ရှည်ပေါ် တက်လိုက်သည်နှင့် ၀ါးကြမ်းခင်းများက တကျွီကျွီ မြည်သွား၏။ တစ်ပေခွဲသာသာ ၀ါးကြမ်း ခင်းထားသည့် လူသွားလမ်း ဘေးတစ်ဖက် တစ်ချက်တွင် နှစ်ယောက်အိပ်ဖျာ နှစ်ချပ် စာသာရှိသော အခန်းငယ် လေးများဖြင့် အဆောင်လိုင်း ခန်းငယ်များကို အတန်းလိုက် ဖွဲ့စည်းထားသည်။
တစ်ခန်းနှင့် တစ်ခန်းက ခွဲခြားကာရံထားသည့် ကျိုးတိုးကျဲတဲ ၀ါးထရံများကြားမှ တစ်ဖက်ခန်းမှ အသက်ရှုသံကိုပင် ကြားနိုင်သည်။
လှိုင်သာယာမြို့နယ် အဆင့်မြင့် (၅)ရပ်ကွက်ရှိ အဆောင်တစ်ခုကို မြင်တွေ့ရခြင်းဖြစ်သည်။
တန်းလျားတစ်ခုတွင် အခန်းငယ်လေးများဖွဲ့၍ ငှားရမ်းလေ့ရှိသော အဆိုပါ အဆောင်များကို လှိုင်သာယာမြို့နယ်တွင် ရာနှင့်ချီ မြင်တွေ့နိုင်သည်။ ထိုဖျာနှစ်ချပ်စာ အခန်းငယ်လေးများက ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်များရှိ အခြေခံ လူတန်းစားတစ်ရပ်အတွက် နားခိုရာ မိသားစုရိပ်မြုံများပင် ဖြစ်သည်။ ထိုနေရာများက ရန်ကုန်မြို့တော်ကြီးတွင် ကျောတစ်ခင်းစာရဖို့ လက်လုပ်လက်စားအခြေခံလူတန်းစားများအတွက် မည်မျှခက်ခဲသည်ကို ပြသနေသည့် မြင်ကွင်းများဖြစ်သည်။
“အိမ်သာလောက်အခန်းလေးတွေကို တစ်လကို ကျပ်နှစ်သောင်း၊ သုံးသောင်းပေးပြီး နေရတယ်” ဟု လှိုင်သာယာမြို့နယ်ရှိ အဆောင်တစ်ခုတွင် နေထိုင်သော အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
မိသားစုကျောတစ်ခင်းစာနေရာကို ငှားရမ်းရာတွင် အိမ်လခကို လဆန်း ၅ ရက်ထက် မကျော်လွန်ဘဲပေးရန်၊ အိမ်ရှင်စိတ်အ နှောင့်အယှက်ဖြစ်အောင် မပြုလုပ်ရန်၊ လေးဦးထက်ပိုမနေရန် စသည့် စည်းကမ်းချက်များကို လိုက်နာရသည်။
တချို့အဆောင်များမှာ ကလေးပါလျှင် လက်မခံ။ စည်းကမ်းချက်တစ်ခုကို ဖောက်ဖျက်ပါက ချက်ချင်းနှင်ထုတ်ခံရမည်ဖြစ် သည်။ လကုန်၍ အိမ်လခမပေးနိုင်ပါက ဖျာနှစ်ချပ်စာ အသိုက်အမြုံလေး ပျောက်ကွယ်သွားမည် ဖြစ်သည်။
ထို့ကြောင့် သူတို့၏ နေ့စဉ်အပူက မပြေလည်သည့်ကြားမှ အိမ်လခစုစောင်းရေး (သို့မဟုတ်) ကျောတစ်ခင်းစာ ပျောက်မသွား ရေးဖြစ်သည်။
“၀တ်ဖို့၊ စားဖို့ကို စိတ်မကူးရဲဘူး။ ကျောချစရာနေရာက အရေးကြီးတယ်။ တစ်ထောင်ရရင် ငါးရာကို နေဖို့စုတယ်။ ငါးရာကိုစား တယ်” ဟု အသက် ၁၉ နှစ်အရွယ် အိမ်ထောင်ရှင် မချို (အမည်လွှဲ) က လခအတွက် စုငွေထည့်ထားသော နို့မှုန့်ဘူးကို လှုပ်ပြရင်းဆိုသည်။ မချိုကဲ့သို့ အဆောင်နေ လူတန်းစားများမှာ နယ်မှ ရန်ကုန်သို့ လာရောက်၍ အထည်ချုပ်စက်ရုံ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဈေးရုံ၊ ပွဲရုံများနှင့် ကြုံရာကျပန်းအလုပ်များ လုပ်ကိုင်နေကြသူများဖြစ်သည်။
အခန်းခသက်သာပြီး လပေး ပေးချေနိုင်ခြင်းတို့ကြောင့် ကျပ်ကျပ်တည်းတည်း ဆူဆူညံညံရှိသော်လည်း လှိုင်သာယာမြို့နယ်ရှိ အဆိုပါ အဆောင်များကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။
“ကျွန်မတို့ လင်မယားရယ်၊ အမေနှစ်ယောက်ရယ်၊ ဒီလိုပဲ မျှတပြီး အိပ်ရတာပေါ့” ဟု မချိုက အ၀တ်ပုံအောက်မှ ဝေါခနဲ ထပျံသွားသော ခြင်များကို လက်ဖြင့် ရမ်းရင်းက ပြောသည်။
ထို့အပြင် လှိုင်သာယာသည် ဧရာဝတီတိုင်းမှ ရန်ကုန်တိုင်းသို့ ၀င်ပေါက်ဖြစ်ပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် နာဂစ်မုန်တိုင်း ဒဏ်သင့်ဒေသများမှ လာရောက် အခြေချနေထိုင်မှု များပြားလာခြင်းကြောင့်လည်း လှိုင်သာယာတွင် ထိုကဲ့သို့ အဆောင်များ ပို၍ များပြားလာခြင်းဖြစ်သည်။
တစ်ရက်လျှင် ပျမ်းမျှ ၂၀၀၀ ကျပ်ခန့်သာရှိသော ၀င်ငွေအနေအထားကြောင့် သူတို့အနေဖြင့် ထိုအခန်းကျဉ်းလေးများကိုသာ ရွေးချယ်စရာမရှိ၍ နေထိုင်ရခြင်းဖြစ်သည်။
“နှစ်ပေမီးချောင်းက ဟိုဘက်အခန်းတစ်ဝက်၊ ကျွန်တော်တို့က တစ်ဝက်ယူထားတာ။ တစ်ချောင်းစာယူဖို့ ပိုက်ဆံမတတ်နိုင် ဘူး” ဟု မချို၏ခင်ပွန်း ကိုမျိုးက သူတို့အခက်အခဲကို ပြောသည်။
လျှပ်စစ်မီးက ည ၁၀ နာရီ အထိသာ ပေးသဖြင့် နေ့စဉ်ကြုံတွေ့နေရသော အခက်အခဲကိုလည်း “အလုပ်က မီးပိတ်ချိန်မှ ပြန်လာတာဆိုတော့ ဖယောင်းတိုင်ထွန်းပြီး ထမင်းစားရတယ်” ဟု ၎င်းကဆက်လက်ပြောပြသည်။
ထို့အပြင် အချို့အဆောင်များတွင် ရေစီးရေလာမကောင်းမွန်သဖြင့် ရေ၀ပ်ပြီး အနံ့အသက်ဆိုးများထွက်ခြင်း၊ လူဦးရေနှင့် အိမ်သာအရေအတွက် မမျှတမှုများ ကြုံတွေ့နေရသည်။ သက်ဆိုင်ရာက အဆိုပါ အဆောင်များကို စစ်ဆေးပညာပေးခြင်းများ ပြုလုပ်ပေးသော်လည်း မြို့နယ်စည်ပင်တွင် တရားဝင်မှတ်ပုံတင်ခြင်း ပြုလုပ်မထားသော ယခုကဲ့သို့ အဆောင်များရှိနေခြင်းကြောင့် အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
“အခန်းလေးခန်းကို အိမ်သာတစ်လုံး ဆောက်ခိုင်းတယ်။ မဆောက်ရင် ဖျက်ခိုင်းတယ်။ အဆောင်ဆိုတာ မှတ်ပုံတင်ရတယ်။ အခုမှတ်ပုံမတင်တဲ့ အဆောင်တွေလည်းရှိတယ်” ဟု လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
လှိုင်သာယာမြို့နယ်တွင် အဆောင်များ ပေါများလာပြီး အခြေခံလူတန်းစား ထူထပ်လာခြင်း အကျိုးဆက်တစ်ခုမှာ ငွေတိုးချေး သော လုပ်ငန်းများ တွင်ကျယ်လာခြင်းဖြစ်သည်။
ယခုအခါ အခန်းခမပေးနိုင်ပါက ကျပ်တစ်ရာလျှင် နှစ်ဆယ်၊ သုံးဆယ် အတိုးနှုန်းဖြင့် လခကို စိုက်ပေးထားခြင်းများပင် ရှိလာသည်။ ထိုသို့ လုံးလည်ချာလည် ကျင်လည်နေရသော အဆောင်နေ လူတန်းစားများတွင် အမျိုးသမီးငယ်များ ပါဝင်သော မိသားစုများမှာ ပို၍အနေအထိုင်ကျပ်တည်းမှုကို ကြုံတွေ့ကြရသည်။
“ဒီလောက် အခန်းလေးဆိုတော့ သမီးပျိုလည်းရှိတယ်။ ဖအေရော၊ မောင်ရော ဒီမှာပဲအိပ်၊ အဲဒီတော့ ကိုယ့်အသိတောင် လာလည်ဖို့ မခေါ်ရဲဘူး” ဟု သမီးနှစ်ယောက်မိခင် ဒေါ်နှင်းရီက ရင်ဖွင့်သည်။ အဆောင်အခန်း ငှားရမ်းနေထိုင်သူများတွင် အဆင်မပြေမှုများ ရှိသကဲ့သို့ အဆောင်ပိုင်ရှင်များမှလည်း သတိထားရသည့် အချက်များရှိသည်။
လှိုင်သာယာမြို့နယ်ရှိ အဆောင်ပိုင်ရှင်တစ်ဦးက “လူအများစုပြီးနေတာလေ၊ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလည်း ပါနိုင်တယ်။ ဒါကြောင့် စည်းကမ်းတွေ ထုတ်ထားတာ” ဟုဆိုသည်။
7Day News ၏ ကွင်းဆင်း မေးမြန်းချက်များအရ လှိုင်သာယာ အဆောင်နေ လူတန်းစားအများစုမှာ ဧရာဝတီတိုင်းမှဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ကောင်းမွန်ပါက မွေးရပ်ဇာတိသို့ ပြန်ကာ အခြေချလိုကြောင်း ၎င်းတို့က ပြောဆိုကြသည်။
“တစ်ခါတလေကျရင် နေစရာမရှိလို့ ပြန်ရင်ကောင်းမလားတွေးတယ်။ ဒါပေမဲ့ ဟိုမှာက အလုပ်အကိုင်မရှိဘဲ ဘာလုပ်စားမလဲ” ဟု ဒေါ်နှင်းရီက သူမ၏ ဇာတိဖျာပုံမြို့နယ်သို့ ပြန်လိုသော ဆန္ဒကို ပြောသည်။
“နေစရာမရှိ၊ အလုပ်လက်မဲ့ ၊ ပညာလည်းမတတ်ကြတော့ လမ်းဘေးရောက်သွားတဲ့ မိန်းကလေးတွေတောင်ရှိတယ်” ဟု သမီးပျို နှစ်ယောက်၏မိခင် ဒေါ်နှင်းရီက ပြောသည်။
လက်ရှိအချိန်တွင်မူ သူမမှာ အူမတောင့်ဖို့ထက် မိသားစုအတွက် ကျောချနိုင်ရေး တစ်နေရာမြဲဖို့အတွက်သာ ပူပန်နေ
ရသည်။ အခန်းခ နှစ်သောင်းကျော်အတွက် နေ့စဉ် ရုန်းကန် နေရဆဲ။
ရေးသားသူ- အောင်ခိုင်၊ ရန်မျိုးနိုင် - 7Day News Journal
ဓာတ်ပုံ- ကျော်ဇင်သန်း

ကျောတစ်ခင်းစာအရေး
Reviewed by သစ်ထူးလွင်
on
11:35
Rating: