ကမ္ဘာပေါ်မှာ အလင်းဆိုတာ တည်ရှိလာတဲ့ အချိန်ကတည်းက အမှောင်ဆိုတာပါ တွဲဖက်တည်ရှိနေခဲ့တယ်။ ဒီလိုပဲ မီးနဲ့ရေ၊ အပူနဲ့အအေး၊ အမာနဲ့အပျော့၊ အမှားနဲ့အမှန်၊ အကောင်းနဲ့ အဆိုးစတဲ့ ဆန့်ကျင်ဘက်တွေ ဟာလည်း တွဲဖက်တည်ရှိ နေခဲ့တယ်။ အလင်းဟာ အမှောင်ကြောင့် ပိုတောက်ပသလို အမှန်ဟာလည်း အမှားကြောင့် ပိုဂုဏ်ရှိရတယ်။ ဆိုလိုချင်တာက ဒီဆန့်ကျင်ဘက် တရားတွေဟာ တစ်ခုတည်ရှိမှုကြောင့် ကျန်တဲ့တစ်ခုရဲ့ ဂုဏ်ပိုမြင့်မားလာရတယ် ဆိုတာပါ။
အလင်းထဲက လူတွေဟာ အမှောင် ဘက်တော်သားတွေကို ကြောက်နေစရာ မလိုဘူး။ အလင်းလာရင် အမှောင်ဆိုတာ ဖယ်ပေးရစမြဲပဲ။ အကြောင်းရင်းကတော့ အလင်းဆိုတာ အမှန်တရားကို ကိုယ်စားပြုတယ် အမှန်တရားရဲ့ဘက်မှာ ရဲရင့်ခြင်းရှိတယ်...
သတင်းသမားရဲ့တာဝန်
သတင်းသမား တစ်ယောက်ရဲ့ တာဝန်ဟာ သူသိရှိတဲ့ အကြောင်းအရာတွေကို အခြားသူတွေပါ သိလာအောင် အမှန်တရားကို အခြေပြုပြီး တင်ပြရတာ ဖြစ်ပါတယ်။ ဘယ်လိုပဲ ပုဂ္ဂိုလ်ရေးတွေ အကြောက်တရားတွေ ရှိနေပါစေ အမှန်တရားကို မျက်ကွယ်မပြုဘဲ ဖော်ပြခြင်းဟာ သတင်းသမား တစ်ယောက်ရဲ့ ကျင့်ဝတ်ပဲ။ ဒီလိုအမှန်တရားကို အခြေပြုပြီး ဖော်ပြတဲ့အခါ မှာ ကိုယ့်ကို သဘောကျတဲ့သူတွေ ရှိသလို မုန်းသူတွေလည်း ရှိနိုင်ပါတယ်။ အမှန်တရားကို အခြေပြုနေသရွေ့ သတင်းသမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်မှာ ခိုင်မြဲတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်နေသရွေ့ ကိုယ့်ကိုသဘောကျတဲ့ သူတွေဟာ အမှန်တရားကို မြတ်နိုးသူတွေ ဖြစ်ပြီး ကိုယ့်ကိုမုန်းတဲ့ သူတွေကတော့ အမှန်တရားကို ခံနိုင်ရည်မရှိတဲ့ သူတွေဆိုတာ နှလုံးသွင်း ထားရပါလိမ့်မယ်။ လူ ၁၀၀ မှာ ဘယ်လိုပဲ ၉၉ ယောက်က ကိုယ့်ကို သဘောကျနေပါစေ မုန်းတဲ့တစ်ယောက်ဟာ ကိုယ့်ကို တိုက်ခိုက်မယ့်သူ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနှုန်းနဲ့ ဆိုရင်တောင် ကိုယ့်ကို အယောက်တစ်သောင်း သဘောကျစေဦး ကိုယ့်ကို မုန်းတဲ့သူတွေဟာလည်း အယောက်တစ်ရာ ရှိနေမှာပါပဲ။ ဒါ့ကြောင့် ပြောခဲ့သလိုသာ နှလုံးမသွင်းထားဘူး ဆိုရင်တော့ သတင်းသမား တစ်ယောက်ဟာ အတိုက်အခိုက်တွေကြားမှာ ဒူးထောက်အရှုံး ပေးသွားရပါလိမ့်မယ်။
ဘယ်ကိစ္စမျိုးမှာမဆို အမြင်ဆိုတာ နှစ်မျိုးရှိမှာပါပဲ။ တစ်ဖက်က လက်ဖ၀ါး ဖြစ်နေပေမယ့် အခြားဘက်ကတော့ လက်ဖမိုး ဖြစ်နေမှာပါ။ သတင်းသမားဆိုတာက လက်ဖ၀ါး ဘက်ကလည်း မဟုတ်သလို လက်ဖမိုး ဘက်ကလည်း မဖြစ်စေရပါဘူး။ သူဟာ လက်ဖ၀ါးနဲ့ လက်ဖမိုးကြားက တကယ့်အရှိတရားကို မြင်တတ်သူသာ ဖြစ်ရပါလိမ့်မယ်။ အများညီလို့ ဤကို ကျွဲဖတ်နေစေဦး ဤဟာ ဤပဲဖြစ်တဲ့ အကြောင်းကို ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ရ ပါလိမ့်မယ်။ ဒီလို အမှန်တရားဘက်က ရပ်တည်တဲ့အခါမှာ အမုန်းတွေလည်း ခံရလိမ့်မယ်။ အတိုက်အခိုက်တွေလည်း ခံရပါလိမ့်မယ်။ ဒါတွေကိုသာ ကြံ့ကြံ့ခိုင်နိုင်တဲ့ စွမ်းရည်သာ ရှိနေပါစေ အမှန်တရားဟာ ဘယ်တော့မှ မကျဆုံးပါဘူး။
ရပ်တည်ချက်
သတင်းသမား တစ်ယောက်ရဲ့ ရပ်တည်ချက်ဟာ ဗဟိုမှာ ရှိနေရပါမယ်။ ဗဟိုဆိုတာဟာ အချက်အချာကျတဲ့ နေရာမှာ ရှိနေတာမျိုးကို ပြောတာမဟုတ်ဘဲ အလယ်တည့်တည့်မှာ ရပ်တည်နေရမယ်လို့ ဆိုလိုတာပါ။ သတင်းသမားရဲ့ ရပ်တည်ချက်ဟာ အလိုလိုနေရင်းတော့ တစ်ဖက်ကို ဖိမနင်းသလို တစ်ဖက်ကိုလည်း မြှောက်ထားစရာ မလိုဘဲ နှစ်ဖက်စလုံးကို ဟန်ချက်ညီအောင် ထိန်းထားတဲ့ Seesaw တစ်ခုရဲ့ ဗဟိုချက်လို ရှိနေရပါမယ်။ သတင်းသမား တစ်ယောက်ဟာ အစိုးရဘက်က မဟုတ်သလို အတိုက်အခံ ဘက်ကလည်း မဖြစ်စေရဘူး။ ဘယ်ဘက်ကိုမှ မပါဘဲ ဘက်လိုက်မှု ကင်းကင်းနဲ့ ရပ်တည်နိုင်ရ ပါလိမ့်မယ်။ ဒီလိုရပ်တည်နိုင်ခြင်း ကပဲ သတင်းသမား တစ်ယောက်ရဲ့ အသက်ပမာ ဖြစ်ပါတယ်။ တစ်ဖက်ဖက်ကို ရွေးပြီး ရပ်တည်မိပြီဆိုရင် သတင်းသမားရဲ့ အမြင်ဟာ ပြောင်းလဲသွားလိမ့်မယ်။ သမာသမတ်ကျတဲ့ အမြင်မျိုးကနေ သွေဖယ်သွားလိမ့်မယ်။ လူဆိုတဲ့သဘော သဘာဝကိုက ကိုယ့်ဘက်ကိုယ် အဆိုးမြင်တာ ရှားပါတယ် အကောင်းတွေပဲ မြင်တတ်ကြတယ်။ အဲဒီအတွက် တစ်ဖက်ကို ရွေးချယ်မိပြီ ဆိုရင် အဲဒီဘက်က အမှားတွေ အားနည်းချက်တွေကို မြင်နိုင်စွမ်းမရှိ ဖြစ်သွားပါလိမ့်မယ်။ ဒီလိုဘက်ရွေး ရပ်တည်လိုက်တဲ့ လူတစ်ယောက်ဟာ သတင်းသမား တစ်ယောက်အဖြစ် မတည်ရှိ နိုင်တော့ဘူး။
ဝေဖန်ရေး
သတင်းသမားတွေ ဝေဖန်ရေးလည်း လုပ်လေ့ရှိတယ်။ ဝေဖန်ခြင်း ဆိုတာဟာ အမှားတွေကို ထောက်ပြခြင်းသာ ဖြစ်တယ်။ သတင်းသမားတစ်ယောက် ဝေဖန်ခြင်း ပြုလုပ်တာဟာ ဆရာတစ်ယောက် စာမေးပွဲမှာ စာစစ်တာနဲ့ တူပါတယ်။ အဖြေလွှာကိုစစ်တဲ့ ဆရာတစ်ယောက်ဟာ အမှားတွေကိုပဲ ရှာဖွေရတယ်။ ဒါပေမယ့် ဆရာတစ်ယောက် ဒီလို အမှားရှာဖွေတာဟာ ကျောင်းသားကို ကျစေလိုတဲ့ ဆန္ဒကြောင့် မဟုတ်ဘဲ သူ့အမှားတွေကိုမြင်ပြီး ပြင်ဆင်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီလိုပဲ သတင်းသမားတစ်ယောက် ဝေဖန်ရေး လုပ်တာဟာ အမှားတွေကိုမြင်ပြီး ပြင်ဆင်နိုင်အောင် အတွက်ပါ။ ဒါပေမယ့် သတင်းသမားဟာ သူ့ကိုယ်သူရော သူဝေဖန်တဲ့ သတင်းအပေါ်မှာပါ ရိုးသားမှု ရှိရပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကင်းတဲ့ ဓမ္မဓိဌာန်ကျပြီး အမှန်တရားကို အခြေခံတဲ့ ထောက်ပြ ဝေဖန်မှုတွေ ဖြစ်ရပါမယ်။ လူဆိုတာ ဘယ်ဘက်မှ အမှားမကင်း နိုင်တာကြောင့် ထောက်ပြ ဝေဖန်တဲ့ နေရာမှာ အစိုးရဘက်ရော အတိုက်အခံဘက်ကိုပါ ထောက်ပြရပါလိမ့်မယ်။ အခုအချိန်မှာ တကယ့် သမာသမတ်ကျတဲ့ သတင်းသမားတွေ အတွက် အခက်ခဲဆုံးကတော့ အစိုးရဘက်ကိုရော အတိုက်အခံ ဘက်ကိုပါ အနှောင့်အယှက် ကင်းကင်းနဲ့ ဝေဖန်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် စိမ်းနေသေးတဲ့ နိုင်ငံမှာ ဝေဖန်ခြင်းဟာ အရမ်းကို ထိလွယ်ရှလွယ် ဖြစ်နေပြီး ဝေဖန်တဲ့ သူတွေအတွက် အန္တရာယ်လည်း ကြီးနေပါသေးတယ်။
အလင်းနဲ့အမှောင်
အမှန်တရားဟာ ပွင့်လင်းမြင်သာတယ် ထင်သာမြင်သာ ရှိတယ်။ ဒါ့ကြောင့် အမှန်တရားဟာ အလင်းနဲ့ သဘောတရားခြင်း တူတယ်။ သတင်းသမား တစ်ယောက် အမှန်တရားကို ဖော်ပြရာမှာ တာဝန်ယူမှုတွေ ရှိတယ် ကျင့်ဝတ်သိက္ခာတွေ ရှိနေတယ်။ ဒီလို တာဝန်ယူမှုတွေ ကျင့်ဝတ်သိက္ခာတွေဟာ သတင်းသမားတစ်ယောက်ကို ထင်သာမြင်သာ ရှိစေတယ် ပွင့်လင်းမှု ရှိစေတယ် ပြောရရင်တော့ အလင်းထဲက လူတစ်ယောက် ဖြစ်စေတယ်။ အလင်းထဲကလူ ဖြစ်တဲ့အတွက် သတင်းသမားမှာ ကန့်သတ်ချက်တွေ ရှိတယ်။ အမှောင်ဆိုတဲ့ သဘောကတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ ထင်သာမြင်သာမှု မရှိတဲ့အတွက် အမှောင်ထဲက လူတွေအတွက် တာဝန်ယူမှုတွေ ကျင့်ဝတ်သိက္ခာတွေ မရှိဘူး။ လိုလည်း မလိုအပ်ဘူး။ အဲဒီအတွက် သူတို့ဆီမှာ ကန့်သတ်ချက် ဘောင်တွေရှိမနေဘူး။ ဒီလိုဘောင်တွေ စည်းတွေ ရှိမနေတဲ့အခါမှာ အမှောင်ထဲကလူ ဖြစ်ဖို့အတွက် သိပ်လွယ်တယ်။ ကိုယ့်နာမည် ကိုယ့်ဓာတ်ပုံ အစစ်ကိုမှ မဖော်ပြရဲဘဲ သူများကို ပုဂ္ဂိုလ်ရေး တိုက်ခိုက် ၀ါဒမှိုင်းတိုက်နေ သူတွေဟာ အမှောင် ဘက်တော်သားတွေပဲ။ သူတို့ရဲ့ အကောင်းဆုံး အားသာချက်က သူတို့ဟာ အလင်းထဲက လူကိုမြင်နိုင်တယ်။ အလင်းထဲက လူတွေကတော့ အမှောင်ထဲက သူတို့တွေကို မမြင်နိုင်ဘူး။ ဒါပေမယ့် အလင်းထဲက လူတွေဟာ အမှောင် ဘက်တော်သားတွေကို ကြောက်နေစရာ မလိုဘူး။ အလင်းလာရင် အမှောင်ဆိုတာ ဖယ်ပေးရစမြဲပဲ။ အကြောင်းရင်းကတော့ အလင်းဆိုတာ အမှန်တရားကို ကိုယ်စားပြုတယ် အမှန်တရားရဲ့ဘက်မှာ ရဲရင့်ခြင်းရှိတယ်။ အမှောင်ထဲက လူတွေမှာတော့ သူတို့ ဘယ်သူဘယ်ဝါပါဆိုတာ ဖော်ပြရဲအောင်တောင် သတ္တိမရှိဘူး။ သူတို့ဟာ အကြောက်တရားနဲ့ ရှင်သန်နေရတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေအတွက် သူတို့ရဲ့ ဘ၀အစစ်အမှန်ကို လူတွေသိသွားမှာကို ကြောက်ရွံ့နေကြရတယ်။
ဒီလိုအမှောင် ဘက်တော်သားတွေဟာ တိုင်းပြည်ကို အကြောက်တရားနဲ့ အုပ်ချုပ်ချင်တဲ့ အာဏာရှင်စနစ် ထွန်းကားတဲ့ နိုင်ငံတွေမှာပဲ ရှိတတ်ကြတယ်။ အာဏာရှင် နိုင်ငံတွေမှာ လွတ်လပ်စွာ ပြောဆိုခွင့် အသက်ဝင်လို့ ပြည်သူတွေသာ မျက်စိပွင့်နားပွင့် ဖြစ်လာရင် သူတို့အတွက် တကယ့်ကို အန္တရာယ်ကြီးပဲဆိုတာ သိတဲ့အတွက် အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် လွတ်လပ်စွာ ပြောဆိုခွင့်ကို တိုက်ခိုက်တတ်ကြတယ်။ အမှန်တရားဘက်က ရပ်တည်တဲ့ သတင်းသမားတွေကို မုန်းတီးတတ်ကြတယ်။ အဲဒီအခါမှာ ဒီလိုသတင်းသမားတွေ မီဒီယာတွေကို တိုက်ခိုက်ဖို့အတွက် သူတို့ရဲ့လက်ပါးစေတွေဟာ နာမည်မဲ့ အမှောင် လူသားတွေ ဖြစ်လာကြတယ်။ ဒီလိုလူတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ ဒီမိုကရေစီ စည်းမျဉ်းကို ကာဗာယူပြီး ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ ပြုလုပ်တတ်ကြတယ်။
သူတို့တွေ ဘယ်လိုပဲ တိုက်ခိုက် တိုက်ခိုက်ပါ။ နောက်ဆုံးတော့လည်း အမှောင်ရှိလို့ အလင်းဟာ တောက်ပမှန်း ပိုသိလာရတယ်။ အမှားရှိလို့ အမှန်တွေ ပိုထင်ရှားလာရတယ်။ သတင်းမီဒီယာ ကျင့်ဝတ်မဲ့သူတွေကြောင့် သတင်းမီဒီယာ ကျင့်ဝတ်ရှိသူတွေ ပိုဂုဏ်ရှိလာရတယ်။ အဲဒီအတွက် ဘယ်လိုပဲ တိုက်ခိုက်မှုတွေရှိရှိ ဘယ်လိုပဲ ဝေဖန်မှုတွေရှိရှိ သတင်းသမား တစ်ယောက်ဟာ အမှန်တရားဆိုတဲ့ အလင်းရောင်အောက်မှာ မယိမ်းမယိုင် လျှောက်နေနိုင်သရွေ့တော့ ဘယ်အမှောင်ထုရဲ့ ဖုံးလွှမ်းမှုကိုမှ ခံရစရာ အကြောင်းမရှိဘူး။ ဘယ်အမှောင်ထုကိုမှလည်း ကြောက်နေစရာ မရှိဘူး။ အဲဒီအတွက် အမှန်တရားကို အခြေပြုတဲ့ ဘက်မလိုက်တဲ့ သတင်းသမားတွေဟာ မိမိလမ်းကို အမြဲတမ်း ရဲဝံ့စွာ လျှောက်လှမ်းနေနိုင် ပါလိမ့်မယ်။
Written by ဒေါက်တာ သူရိန်လှိုင်ဝင်း
Eleven Media Group

ဓါတ်ပုံ - Eleven Media Group |
အလင်းထဲကလူ သို့မဟုတ် သတင်းသမား
Reviewed by သစ်ထူးလွင်
on
14:48
Rating: