ပြည်ထောင်စု ထမနဲပွဲ

မြန်မာ့ရိုးရာ ယဉ်ကျေးမှု တစ်ရပ်ဖြစ်တဲ့ ထမနဲ ပွဲတော်ရက် ၂၀၁၃-ခု ဖေဖေါ်ဝါရီ (၂၅)ရက်သည်  နီးကပ်လို့ လာခဲ့ပါပြီ။ ထမနဲပွဲ နေ့ရက် နီးလာတာနဲ့ အမျှ ထမနဲထိုးကြမည့် အဖွဲအစည်း အသင်းအဖွဲ့တို့သည် လိုအပ်သည်တို့ကို ကြိုတင်စုဆောင်း ပြင်ဆင်နေကြပါပြီ။ ကောက်ညှင်း အသစ်အဟောင်း ဈေးတွေကလဲ  တစ်ရိပ်ရိပ် တက်လာခဲ့ကြပြီ။ မဖြစ်မနေ ပါဝင်ပစ္စည်းဖြစ်တဲ့ နှမ်း, မြေပဲ, ဆီ, အုန်းသီး, ဂျင်း, စတဲ့ အရာတွေကလည်း ဈေးနည်းနည်း လှုပ်ချင်ကြသလိုပါပဲ။ ရှိစေတော့ မဖြစ်မနေ အချိန်အမှီ ထိုးရမှာဖြစ်လေတော့ တက်တော့လည်း တက်ဈေးပဲ၊ ကျတော့လည်း ကျဈေးပဲ၊ ဘယ်တတ်နိုင်ပါ့မလဲ။

၂၀၁၃-ခုနှစ် ရာသီအမှီ ထမနဲပွဲတော်ကြီး စကြပါစို့။ သို့ပေမဲ့ တစ်ယောက်တည်း ထိုးလို့တော့ မရပါဘူး၊ လေပါးစပ်နဲ့ ထိုးနေလို့လည်း မဖြစ်ပါဘူး၊ ထမနဲဆိုတာ ဝိုင်းထိုးဝိုင်းလုပ်ကြမှ၊ နောက်ပြီးတော့ တက်ညီလက်ညီ မခိုမကပ်ပဲ လုပ်ကြမှ၊ နပ်နပ်ပတ်ပတ် စားကောင်းသောက်ကောင်း  ထမနဲဖြစ်လာမှာပါ။ လက်မညီ တက်မညီခဲ့ရင် ပျော့မနပ်မာတူး ဖြစ်သွားတတ်ပါတယ်။ မဖြစ်မနေ ထည်သင့် ထည့်ထိုက်တဲ့ နှမ်း, မြေပဲ, ဆီ, အုန်းသီး, ဂျင်း, စတဲ့ အရာတွေ အချိုးအစားလည်း ညီမျှမှ၊ မွှေးမွှေးကြိုင်ကြိုင် စားချင့်စဖွယ် မြန်မာ့ အစားအစာကောင်း တစ်ခုဖြစ်မှာပါ။

မကြာမှီက သတင်းကောင်းတစ်ခု ကြားသိလိုက်ရပါတယ်။ ပြည်ထောင်စုနေ့ကို  အပြစ်ရပ်-မရပ် တိုင်းရင်းသား ညီအကို မောင်နှမအားလုံး မပျက်မကွက် တက်ရောက်ကြဖို့ ဖိတ်ကြာတဲ့  ဝမ်းသာဖွယ် မင်္ဂလာသတင်းပါ။ ဆယ်စုနှစ်- နှစ်ပြန်ကျော်လောက် မကြားခဲ့ရတဲ့ အသံမျိုးပါ။ ယခင်က လက်နှက်ကိုင် ရင်ဆိုင်လို့ တိုက်ခဲ့ကြပေမဲ့ ၆၆-ကြိမ်မြောက် ပြည်ထောင်စုနေ့မှာတော့ ရန်သူမိတ်ဆွေ မခွဲခြားပဲ  ပြုံးပြုံးရွှင်ရွှင် အသွင်တစ်မျိုးထည်းသော စိတ်တွေနဲ့  ကယား, ကရင်, ကချင်, ချင်း, မွန်, ရခိုင်, ရှမ်း, ပလောင်, ပအို့, စတဲ့  ပြည်ထောင်စုသား အားလုံး တက်ရောက် လာကြတာကို တွေ့ရပါတယ်။ သမတကြီးကိုယ်တိုင် လက်ဆွဲနှုတ်ဆက်နေတဲ့ အသွင်က မင်းတို့အတွက် ငါတို့ရှိသည်၊ ငါတို့အတွက် မင်းတို့ဖြစ်ရမည်လို့   အတွင်းနဲ့အပြင် တစ်သားတည်း ဖြစ်တာကို တွေ့ရပါတယ်။ ပြည်ထောင်စု မပြိုကွဲစေဖို့ ဒို့တတွေ လက်တွဲလိုက်ကြစို့လို့ သမတကြီး၏ မူမှန်တဲ့စိတ်နဲ့ လက်ဆွဲခဲ့တာ ဆိုတာ အထင်းသား ပေါ်လွင်စေပါတယ်။

၆၆ နှစ်မြောက် ပြည်ထောင်စုနေ့မှာလည်း "တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး ကေအိုင်အေ တစ်ဖွဲ့နှင့်သာ ဆွေးနွေးနေဆဲအဖြစ် ကျန်ရှိနေပါကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီ  ၄ ရက်က ကျင်းပခဲ့သည့် ရွှေလီဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက် မကြာမီတွင် ကချင်ပြည်နယ်၌ ငြိမ်းချမ်းရေး ရောင်ခြည် သန်းလာတော့မည် ဖြစ်ပါကြောင်း၊ ကေအိုင်အေနှင့် ငြိမ်းချမ်းရေး ရရှိပါက ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမဆုံးအကြိမ် သေနတ်သံများ ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိပြီဟု သမိုင်းမှတ်တမ်း တင်နိုင်တော့မည် ဖြစ်ပါကြောင်း၊
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊
ယင်းသို့ ဆောင်ရွက်ရာတွင် နောက်ဆုံး အဆင့်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်၌ ကျင်းပမည့် ဆွေးနွေးပွဲတွင် တိုင်းရင်းသား ကိုယ်စားလှယ်ပေါင်းစုံ ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်း" များကို မိန့်ခွန်းများလည်း ချွေခဲ့ပါတယ်။ 

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တည်ခင်းဧည့်ခံကျွေးမွေးတဲ့ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနဲ့ ညစာ-စားပွဲ အခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမမှာ  ကျင်းပပါတယ်။ အခမ်းအနားကို သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ နေပြည်တော် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ တရားသူကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ စတဲ့ ခေါင်းဆောင်များ တက်ရောက်ကြတယ်၊ ထို့အပြင်  နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဥက္ကဋ္ဌများ၊ တိုင်းရင်းသားအဖွဲ့များ၊ ငြိမ်းအဖွဲ့များရဲ့ ကိုယ်စားလှယ်များနဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်တယ်လို့  သတင်းစာများမှာ ဖတ်ရပါတယ်။

နောက်ပြီးတော့ ဖားကန့်မြို့က တပ်မတော်စစ်ကြောင်း တစ်ခုကို ဂျာရားယန် ရွာထဲမှာရှိတဲ့ ကေအိုင်အေစစ်သား ၁၀ ဦးခန့်က ထွက်ပြီး မိတ်ဆက်တယ်၊ တပ်မတော် စစ်ကြောင်းကလည်း "ခင်မင်ရင်းနှီးစွာ" နှုတ်ဆက်ခဲ့တယ်၊ ပြီးတော့ "ဖေဖော်ဝါရီ ၄ ရက်နောက်ပိုင်းတွင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရေး အတွက် ထိန်းသိမ်း လုပ်ဆောင်လျက်  ရှိပါကြောင်း"       ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရတယ်လို့ သတင်းမှာ ရေးထားတာကိုလည်း ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။

ဒါတွေကို ကြည့်ခြင်းအားဖြင့် ပြည်ထောင်စု ထမနဲပွဲကြီးတော့ မကြာမှီကာလ ၂၀၁၃- နှစ်မကုန်မှီမှာ မုချပြီးတော့မယ်၊ အရသာကောင်းကောင်း စားကြရတော့မယ်လို့ ယုံကြည်ရပါတယ်။ နိုင်ငံတော်မှာ အာဏာရှိသူများရော၊ လွတ်တော် ကိုယ်စားလှယ်များရော၊ တိုင်းရင်းသားများရော၊ လက်နှက်ကိုင် အဖွဲ့အစည်းများရော၊ အားလုံးဟာ နေရာတကျ သဘောထားမှန်မှန် အတ္တမဖက် အပေးအယူရှိရှိ ပြုလုပ်ကြမှ၊ ဆွေးနွေး အဖြေရှာကြမှ၊ ပြည်ထောင်စုထမနဲက နပ်နပ်ပတ်ပတ် ရှိမှာပါ။ ငါတစ်ဗိုလ် သူတစ်မင်းနဲ့ အတ္တကို ရှေ့တန်းတင်ကြရင် ပျော့မနပ်မာတူး ဖြစ်မှာလည်း စိုးရပါတယ်။ နောက်ပြီးတော့  အနံ့အရသာ ပေါ်လွင်စေမည့် ဖြည့်စွက်စရာ မပါမဖြစ်၊ နှမ်း, မြေပဲ, ဆီ, အုန်းသီး, ဂျင်း, တို့နဲ့ ပမာတူသော လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတို့ ရပိုင်ခွင့်များကို သင့်သလို အချိုးတကျ ပါဝင်လာဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ပြည်ထောင်စု ထမနဲပွဲကြီးဟာ  အနံ့အရာသာနဲ့ တမွှေးမွှေး တကြိုင်ကြိုင် သင်းလှိုင်ပြည့်စုံသော သဘောကို ကမ္ဘာအရပ်ရပ်သို့ ဆောင်သွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။


သတ္တဝါမှန်သရွေ့   တရားတွေ့  ချမ်းမြေ့သာယာ ရှိကြပါစေ…

ဘုန်းသျှံ (လန်ဒန်ဝိဟာရ)

 ၁၈.၀၂.၂၀၁၃။



ပြည်ထောင်စု ထမနဲပွဲ ပြည်ထောင်စု ထမနဲပွဲ Reviewed by သစ်ထူးလွင် on 23:48 Rating: 5
Powered by Blogger.