ဝါးနဲ့ပျဉ်သားတွေ
ရောနှောပြီးဆောက်လုပ်ထားတဲ့ လူနေအိမ်တွေတော့ အလည်ဗဟိုက ဈေးတန်းကြီးကို
ပတ်ပတ်လည်လည် ၀ိုင်းရံလို့ ထားပါတယ်။ လူနေအိမ် နှစ်ရာဝန်းကျင်လောက်
ရှိပေမဲ့ အများစုကတော့ ဆိုင်တန်းတွေဖြစ်ပြီး ခရီးသည်တွေနဲ့ ကုန်သည်တွေက
အဆက်မပြတ် ၀င်ထွက်သွားလာတဲ့အတွက်မြို့မကျရွာမကျလို့ ဆိုနိုင်ပါတယ်။
ရွာလေးရဲ့ဘေးတဘက်တချက်စီမှာတော့ လှေကားထစ်ပမာ လယ်ကွက်လေးတွေရှိပြီးစိမ်းစိုတဲ့ သစ်ပင်၊၀ါးပင်ကြီးတွေက ရွာလေးကိုနောက်ခံထားပါတယ်။ အဲ့ဒီရွာလေးက ကယား(ကရင်နီ)ပြည် ရှားတောမြို့နယ်ထဲက နန်းအွမ် ဆိုတဲ့ရွာလေးပါ။
လူစည်ကားခဲ့ဖူးတဲ့ နန်းအွမ်ရွာလေးဟာ ၁၉၉၅ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ စစ်အစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုပျက်ပြယ်သွားချိန် စစ်ဆင်ရေးတို့ကြောင့် တရွာလုံး ပြာကျသွားခဲ့ရပါတယ်။
စစ်ဆင်ရေးတို့ကြောင့် အိုးအိမ်တွေစွန့်လွတ်၊ လူတွေရာနဲ့ထောင်ချီပြီး လွတ်မြောက်ရာ တောထဲကို ထွက်ပြေး ပုန်းရှောင်ခဲ့ကြရပါတယ်။ အသက်ရှင် လွတ်မြောက်ဖို့ နေ့ရောညပါ ပြေးလွှားနေခဲ့ကြရတဲ့ မိသားစုအမြောက်အများထဲက ပိုပြီးဒုက္ခ ရောက်နေခဲ့တဲ့သူက ကရင်နီရဲဘော် ဇနီးဖြစ်တဲ့ အသက်(၄၅) နှစ်အရွယ် ဒေါ်မေလှိုင်ပါဘဲ။ ခန်ပွန်းသည်က စစ်တိုက်နေရတော့ သူမအနားမှာ မရှိဘူးလေ။ ဇွန်လှိုင်လ မိုးတွင်းဖြစ်တာမို့ မိုးတွေစိုစိုရွှဲရွှဲနဲ့ ၁ လသား သမီးငယ်လေး ကိုလွယ်ပြီး တောလျှိုတောင်ကြားတွေထဲ မှာ ပြေးလွှား နေခဲ့ရတဲ့ အချိန်လေးကို ဒေါ်မေလှိုင် မမေ့နိုင်ပါဘူး။
"ကျမယောကျာင်္းကတော့ တိုက်ပွဲထဲမှာရှိတော့ စိတ်လည်းပူ စိုးလည်းစိုးရိမ်တာပေါ့နော်… ပြီးတော့ကျမမှာ ယောကျာင်္းရှိပြီး ယောကျာင်္းကို အားမကိုးရတော့ တော်တော်နဲ့ စိတ်ထိခိုက်သွားတာပေါ့။ ကျမအတွက် နွေးထွေးမှုတွေ မရှိတော့ဘူး အားကိုးရာမဲ့သလို ခံစားရတယ်"
သူမစကားမဆုံးသေးပေမဲ့ အဖြစ်ကခါးသီးလွန်းတာမို့ သူမမျက်ရည်တွေဝဲလာပါတယ်။ ဆက်လက်ပြီး ဒေါ်မေလှိုင်က... "ယောကျာင်္းအနားမှာ မရှိတဲ့ကျမတို့လို လူမျိုးကပိုဆိုးတာပေါ့….. သူများတွေ ကျမတို့အိပ်ဖို့အတွက် ကာဗာ (cover) ကျဉ်းသေးသေးလေးတွေ တူးပေးတယ်။ အိပ်ဖို့အတွက်ပေါ့။ ဒါပေမယ့် မအိပ်ရဲဘူးဒီအတိုင်းပဲ ထိုင်နေရတာပေါ့…. ရန်သူဘယ်တော့ ထပ်လားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေရတာ..."
ပြေးရင်းလွှားရင်း ၁၉၉၆ ခုနှစ်မှာတော့ ဒေါ်မေလှိုင် မိသားစု ကရင်နီအမှတ်-၁ ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အခုဆို ဒုက္ခသည်စခန်းဟာ ဒေါ်မေလှိုင်အတွက် လုံခြုံစိတ်ချမှုရှိတဲ့ နေရာလေးပါ။
စခန်းထဲမှာ သောင်းနဲ့ချီပြီးရှိနေကြတဲ့ ဒုက္ခသည်တွေနည်းတူ ဆန်၊ ဆီ၊ ဆား၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုံခြုံမှုတွေရရှိကြပေမဲ့လို့ ရဲဘော်မိသားစုဘ၀မှာ အပိုဝင်ငွေဆိုတာမရှိပါဘူး။
အများအကျိုးအတွက် အသက်ကိုစွန့်ပြီး အလုပ်အကျွေးပြုတယ်ဆိုတဲ့ သူမရဲ့ခင်ပွန်းသည် ရဲဘော်လည်း လစာမရှိတဲ့အတွက် မိသားစုအတွက် ဘာမှမထောက်ပံ့နိုင်ပါဘူး။
ဒါပေမဲ့ ဒေါ်မေလှိုင်အားမလျော့ပါဘူး။ ၁၉၉၇ ကနေ ၂၀၀၃ခုနှစ်အထိ ကရင်နီပညာရေးမှာ ၃ တန်း ၄ တန်း ကရင်နီဘာသာပြ ကျောင်းဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိစခန်းထဲက ဒုက္ခသည်တွေအတွက် ကက်သလစ်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ COERR အဖွဲ့မှာ လူမှုရေးလုပ်ငန်းကိစ္စတွေ ၀င်ရောက်ကူညီလုပ်ဆောင် ခဲ့ပါတယ်။
၂၀၀၉ မှယနေ့အထိမှာတော့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO မှာအလုပ်ကျွေးပြုပြီး မိသားစုအတွက် ရုန်းကန်နေရပါတယ်။ KNWO ရဲ့အစီအစဉ် ငါးခုထဲကအမျိုးသမီးနှင့် အသက်မွေးဝမ်းကြောင်း စီမံကိန်းမှာ တာဝန်ခံအဖြစ် လုပ်ဆောင်နေပါပြီ။
ဒေါ်မေလှိုင်လိုဘဲ ကရင်နီဒုက္ခသည်စခန်းမှာ ရဲဘော်မိသားစုတွေ အများအပြား ရှိနေပါတယ်။ သူတို့တတွေမှာရှိတဲ့ အခက်အခဲနဲ့ ကြမ်းတမ်းတဲ့ ဘ၀အတွေ့အကြုံတွေက ဒေါ်မေလှိုင်နဲ့ အပြိုင်အဆိုင်ပါဘဲ။ တချို့ကခင်ပွန်းဖြစ်သူတွေ ရှေ့တန်းမှာကျဆုံးသွားပြီး မုဆိုးမဘ၀ ရောက်သူရောက်နဲ့ ဖခင်မဲ့သားသမီးအဖြစ် ရောက်နေတဲ့ မိသားစုတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်ကစစ်တိုက်ရင်း ကျဆုံးသွားတဲ့ရဲဘော်တဦးရဲ့ မယားဖြစ်သူတဦးက သူမရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခက်ကို အခုလိုပြောပြပါတယ်။
"နောက်ဘက်ကမ်းမှာနေတုန်းက အိမ်ရှိတယ်။ဒါပေမယ့် ယောကျာင်္းဆုံးပြီးတော့ ကျမနဲ့ကလေးကို ဖမ်းခေါ် သွားကြတယ်။ ပြန်လွှတ် လာတော့ကျမ ဒီဘက်ကိုထွက်လာခဲ့တယ်…. ဒီရောက်တော့ အိမ်မရှိဘူးပေါ့။ အိမ်တို့ဘာတို့က အခက်ခဲရှိတာပေါ့။ စားစရာကတော့ သူများဂိုဒေါင်က ဆန်ထုတ်ပေးတော့ ဟင်းဖိုးပဲရှာရတာပေါ့"
ရဲဘော်မယားဖြစ်ရတဲ့ဘ၀ကြမ်းကို ဖြတ်သန်းလာခဲ့တဲ့ ဒေါ်မေလှိုင် သူမရဲ့သားသမီးတွေကို သွန်သင်ဆုံးမတဲ့အခါမှာ အမြဲတမ်းပါလာလေ့ရှိတဲ့ စကားလေးတခွန်းက… "ဘဝမှာဘာမဆို ကြိုးစားရတယ်"တဲ့… သူမဆိုလိုရင်းမှာ… ရဲဘော်ခင်ပွန်းသည်တွေက မိသားစုတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပေမဲ့ စိတ်ဆင်းရဲ၊ စိတ်ထိခိုက်ပြီး ကိုယ့်ကိုယ်ကိုဘာမှ ထမလုပ်တော့ဘူးဆိုရင် ခါးတီးတဲ့ဘ၀ကြမ်းကြီးထဲကနေ ဘယ်တော့မှ လွှတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာပါဘဲ။
အခုဆို KNPP နဲ့ မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ နှစ်ဦးနှစ်ဘက် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားကြတာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်နေ့ ကနေ ယနေ့ထိ ဆိုရင်ဖြင့် တနှစ်ဝန်းကျင်တောင် ရှိသွားပါပြီ။ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ် စစ်အစိုးရလက်ထက်က KNPP နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပေမယ့်လို့ သုံးလ အကြာမှာ ပြန်လည်ပျက်ပျယ်ခဲ့ပြီး တိုက်ပွဲတွေပြန် ဖြစ်ပွားခဲ့ပါတယ်။
အပစ်အခတ်ရပ် သဘော တူပြီးနောက်ပိုင်း ပြန်ပျက်ပျယ်သွားတဲ့ အဖြစ်မျိုးရောက်ရင် အပစ်အခတ်ရပ်မလုပ်ဘဲ နေတဲ့အခြေအနေထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားလာနိုင်ပါတယ်။
လူတွေရဲ့အသက် ပေါင်းများစွာဆုံးရှုံးခြင်း ခံရသလို အပြစ်မဲ့ကလေးငယ်တွေ ဒုက္ခရောက်ကြရပါတယ်။ ဒေါ်မေလှိုင်တို့ ဒီအတွေ့အကြုံကို ကောင်းကောင်းရထားပါတယ်။
ဒါကြောင့်အခု နှစ်ဦးနှစ်ဘက်ကြိုးပမ်းနေကြတဲ့ အပစ်အခတ်ရပ်စဲရေးအပေါ် ရဲဘော်မယားဖြစ်တဲ့ ဒေါ်မေလှိုင်က... "ဒီအနှစ်၂၀ ကျော်အတွင်းမှာ တိုက်ပွဲပေါင်းများစွာ အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့တယ်။ ဒီနေ့ အပစ်အခတ်ရပ်စဲရေး ပြီးတဲ့အထိပေါ့။ ဆက်လက်ပြီးတော့ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မယ်လို့ မျှော်လင့်ပါတယ်"
ရဲဘော်တွေရဲ့ သားမယားတွေဟာ သာမန်ပြည်သူလူထုတွေလိုပါဘဲ။ သာယာတဲ့ မိသားစု၊ ပျော်ရွှင်တဲ့မိသားစုဘ၀ကို သူတို့လဲ ပိုင်ဆိုင်ချင်ကြတာပါဘဲ။ ခင်ပွန်းသည်က သေနတ်ကိုင်ထားလို့ မိသားစုတွေရဲ့အခြေအနေက သာမန်ပြည်သူတွေထက် သာရမယ်ဆိုတဲ့ စိတ်နေသဘောထားနဲ့ အယူအဆတွေ သူတို့မှာမရှိကြပါဘူး။
ဒေါ်မေလှိုင်ကတော့ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြရင်ဖြင့် ပြာကျသွားခဲ့ရတဲ့ မြို့မကျ၊ ရွာမကျဆိုတဲ့သူမရဲ့ နန်းအွန်ရွာဟောင်းလေးကို တချိန်က လူသူစည်စည်ကားကားနဲ့ လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာနေထိုင်ကြတဲ့ အခြေအနေမျိုးကို ပြန်ရချင်ပါတယ်။
ဒေါ်မေလှိုင်နောက်ဆုံး ပြောသွားတဲ့စကားလေးတခွန်းကတော့…" အများပြည်သူလိုလား တောင်းတနေကြတဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာလေးမှာ မိသားစုနဲ့ စုံစုံလင်လင် နေရတဲ့အချိန်ဟာ အပျော်ဆုံးပဲ…" တဲ့…
Written by စူးမယ်
ကန္တရ၀တီတိုင်း(မ်)

ဒီဘ၀မှာ မိသားစု စုံစုံလင်လင်နဲ့ နေခွင့် ရနိုင်ပါဦးမလား…
Reviewed by သစ်ထူးလွင်
on
19:01
Rating: