အင်္ဂလိပ်တို့က မြန်မာနိုင်ငံအောက်ပိုင်းအား နှစ် ၁၀၀ ကျော်၊ မြန်မာပြည်အထက်ပိုင်းအား နှစ်ပေါင်း ၆၀ ကျော် ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်။ ထိုသို့ ကျူးကျော်သိမ်းပိုက်မှုအား မြန်မာလူမျိုးများက မနှစ်မြို့ကြပေ။ သီပေါမင်း ပါတော်မူပြီးနောက်တွင် မျိုးချစ်ပုဂ္ဂိုလ်များက လူသူစုရုံးပြီး အင်္ဂလိပ်များအား ပြန်လည်တော်လှန်ခဲ့ကြသည်။ သို့သော်လည်း လက်နက်ကိရိယာများ ခေတ်မမီခြင်း၊ စုစုစည်းစည်း မတော်လှန်နိုင်ခဲ့ခြင်းတို့ကြောင့် အောင်မြင်မှု မရရှိခဲ့ပေ။ ထိုတော်လှန်ရေး အင်အားစုများကို အင်္ဂလိပ်တို့က ချေမှုန်းခဲ့ပြီးနောက်တွင် နယ်ချဲ့အင်္ဂလိပ်အား တော်လှန်မှု ခေတ္တရပ်ဆိုင်းသွားခဲ့သည်။
၁၉၂၀ ပြည့်နှစ်မှ တစ်ဖန်ပြန်၍ အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာကာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ရှင်သန်လာခဲ့သည်။ ထို့နောက် မျိုးချစ်ပုဂ္ဂိုလ်များ၊ ကျောင်းသားလူငယ်များ၊ ရဟန်းတော်များက ဆက်လက်၍ အလံမလှဲစတမ်း ထက်သန်သောစိတ်အားဖြင့် စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်ခဲ့ကြပါသည်။
ထိုသို့ နယ်ချဲ့ကို တော်လှန်နေခဲ့ရာမှ မြန်မာပြည်အတွက် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့ကြသည်။ လွတ်လပ်ရေးရချိန်၌ လွတ်လပ်ရေး၏ ပိသုကာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီး ဖြစ်ပါသည်။
သူရဲကောင်းများ၏ အသက်၊ သွေးချွေးနှင့် ရင်းနှီးခဲ့သော လွတ်လပ်ရေးအား ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး လွတ်လပ်ရေးနေ့ကို နှစ်စဉ်ကျင်းပလေ့ ရှိပါသည်။ ၁၉၈၈ ခုနှစ် မတိုင်ခင်က ကျွန်မပညာသင်ယူခဲ့သော အထက်တန်းကျောင်းတွင် ပညာသင်နှစ်တိုင်းအတွက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ ပြုလုပ်ပေးလေ့ရှိပါသည်။ အပတ်စဉ်ထွက်လေ့ရှိသော ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း အစရှိသော ကလေးများဖတ်ရှုဖို့ ရေးသားထားသော စာစောင်တို့တွင်လည်း လွတ်လပ်ရေးနှင့် သက်ဆိုင်သော ကာတွန်း၊ ပုံပြင်များအား ရေးသားဖော်ပြလေ့ ရှိပါသည်။ အချို့သော မြို့နယ်များတွင် ရပ်ကွက်တွင်း အငြိမ့်ပွဲများ၊ ဖျော်ဖြေပွဲများကို ပြုလုပ်ပေးခဲ့ကြသည်။
အချို့နေရာများတွင် အလွန်ချမ်းအေးသော ဒီဇင်ဘာလကတည်းက အသင်းလိုက် ယှဉ်ပြိုင်ရသော ဘောလီဘော၊ ဘောလုံးပွဲများကို ကျင်းပနေခဲ့ပြီး လွတ်လပ်ရေးနေ့တွင်မှ နောက်ဆုံးဗိုလ်လုပွဲများ ပြုလုပ်ကာ ထို့နေ့ညတွင် အနိုင်ရသော အသင်းများကို ဆုချီးမြှင့်လေ့ ရှိပါသည်။ ထို့အပြင် ကလေးများအတွက် ကျင်းပသည့် အားကစားပြိုင်ပွဲများလည်း ရပ်ကွက်တိုင်းမှာ ရှိကြသည်။ ကလေးများအား အရပ်အမြင့်တိုင်းကာ အဆင့်ခွဲခြား သတ်မှတ်ကြလေ့ရှိသည်။ အရပ်သုံးပေလောက်သာရှိသော ကလေးများအတွက် မုန့်စားပြိုင်ပွဲ၊ ကြယ်သီးတပ်ပြိုင်ပွဲမျိုးတွေ ကျင်းပပေးလေ့ရှိသည်။ ထို့ထက် နည်းနည်းပိုကြီးသော ကလေးများအတွက်တော့ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲများ ကျင်းပပေးသည်။ အမျိုးသမီးများအတွက်လည်း အပ်ချည်ထိုးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲများရှိပြီး ကာလသားများအတွက်တော့ ချောတိုင်တက်ပွဲ၊ ငှက်ပျောပင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ အုန်းသီးအား အမဲဆီသုတ်လိမ်းပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာ လုကြရသည့် ကစားနည်းများကို ကစားလေ့ရှိသည်။ ထိုကစားနည်းများအား စာရေးဆရာမင်းလူက သူ၏ရေးနည်းအတိုင်း ခပ်ထေ့ထေ့ရေးသားသော ၀တ္တုတိုတစ်ပုဒ်အား ဆိုရှယ်နက်ဝပ်တစ်ခုဖြစ်သော ဖေ့စ်ဘုတ်စာမျက်နှာများတွင် ကျွန်မဖတ်ခဲ့ဖူးသည်။ ဆရာမင်းလူက လွတ်လပ်ရေးနေ့ ကစားပွဲများတွင် ချောတိုင်တက်ကစားနည်း၊ ခေါင်းအုံးရိုက်ကစားနည်းများသည် မြန်မာတွေတစ်ဦးကိုတစ်ဦး တွန်းတိုက်တက်တတ်တဲ့ဓလေ့၊ ရိုက်ချတတ်တဲ့ အလေ့တွေကို ဖော်ပြနေသလိုမျိုး ခံစားရတဲ့အကြောင်း ဆရာက ရေးသားထားတာပါ။ နှစ်ပေါင်းများစွာ ကစားလာတဲ့ ဒီလိုကစားနည်းတွေကိုလည်း အခုအချိန်အထိ ပြောင်းလဲလိုက်တာမျိုး မရှိသေးတဲ့အကြောင်းကိုလည်း ဖော်ပြထားပါသည်။ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေကို ကျွန်မတို့ကြီးပြင်းလာသည့် ခေတ်တစ်လျှောက် တွေ့မြင်ဆင်နွှဲခဲ့ကြရပါသည်။ အဲဒီအချိန်များအတွင်းက ပျော်ပွဲရွင်ပွဲ ပြုလုပ်ကြရန်အတွက် ရပ်ကွက်သူ၊ ရပ်ကွက်သားများထံ အလှူခံ၍ ရပ်ကွက်အတွင်း ငွေကြေးတတ်နိုင်သူတို့က မတည်ပေးလေ့ ရှိကြပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲ ကျင်းပသည့်အလေ့ ပျောက်ကွယ်လုမတတ် ရှိခဲ့သည်။ တချို့ရပ်ကွက်များအတွင်း ကလေးငယ်လေးများအား ချောက်ချီးချောက်ချက် ပြိုင်ပွဲလေးများ ကျင်းပခဲ့ပြီး၊ ရပ်ကွက်တော်တော်များများကတော့ ဘာသံမှကို မကြားရလောက်အောင် တိတ်ဆိတ်နေပါသည်။ ကျွန်မတို့ငယ်စဉ်ကတော့ လွတ်လပ်ရေးနေ့ ရောက်ပြီဆိုလျှင် ရပ်ကွက်အတွင်းမှာ လော်စပီကာအသံ၊ အားပေးနေတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေရဲ့ “ဝေး” ကနဲအော်သံများနှင့် စည်စည်ကားကား ရှိလှပါသည်။ အစိုးရသစ်လက်ထက် လွတ်လပ်ပွင့်လင်းမှုအချို့ ရှိလာချိန်တွင်တော့ ကျွန်မတို့ခေတ်က ကြီးပြင်းလာသူတချို့က လွတ်လပ်ရေးနေ့ ပျော်ပွဲရွင်ပွဲတွေကို ဟိုးယခင်လို စည်စည်ကားကား ပြုလုပ်နိုင်စေရန် ကြိုးပမ်းနေကြသူတွေလည်း ရှိပါသည်။
လွတ်လပ်ရေးနေ့နဲ့ ပတ်သက်ပြီး သမိုင်းအဓိကနှင့် အဝေးသင်တက္ကသိုလ်တွင် ပညာသင်ကြားနေသော မောင်ပြည့်ထွန်းက “ကျွန်တော်တို့ လူငယ်တွေက လွတ်လပ်ရေးနေ့ဆိုတာကို အရမ်းသတိမရကြတော့ဘူး။ အဲဒီလိုဖြစ်နေတာ ၀မ်းနည်းစရာကောင်းတယ်။ ဘယ်လိုပြောရမလဲ၊ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကို မေ့မေ့ပျောက်ပျောက်နေကြရင်းနဲ့ အာဇာနည်ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကိုပါ မေ့သွားနိုင်တယ်” ဟု ပြောပြသည်။
ပြည်သူ့ခေတ်တွင် ဆောင်းပါးများ ရေးသားနေသော စာရေးဆရာ ကိုဝကတော့ “အခုဆိုရင် လွတ်လပ်ရေးနေ့က ၆၅ ကြိမ်မြောက် ဖြစ်သွားပြီ၊ ဒါပေမယ့် တကယ်တမ်းပြောရရင် ကျွန်တော်တို့ လွတ်လပ်ရေးမရခင်က ကြွေးကြော်ခဲ့ကြတာက အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးပေါ့ဗျာ။ လွတ်လပ်ရေးတစ်ခုတော့ ရပြီးသွားပြီလို့ ပြောလို့ရတယ်။ ကျန်တဲ့ဒီမိုကရေစီရေးပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် ခုချိန်ထိက ဘာမှခရီးမရောက်သေးဘူး။ တိုင်းပြည်ကလည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ရင် တော်တော်ကို စုတ်ချာနေတယ်၊ ကမ္ဘာနဲ့ယှဉ်မပြောဘူးနော်၊ ကမ္ဘောဒီးယားလို၊ ဗီယက်နမ်လို နိုင်ငံတွေနဲ့ ယှဉ်ရင်တောင် တော်တော်နောက်ကျနေတယ်။ ဒါက တော်တော် စိတ်မကောင်းစရာပေါ့၊ အခုအချိန်အထိလည်း ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီကို သွားမယ်၊ ဒါပေမယ့် ပီပြင်တဲ့ပုံစံ မဟုတ်သေးတာတော့ စိတ်မကောင်းစရာပေါ့” ဟု ပြောပြခဲ့ပါသည်။
အခုကျရောက်မည့် လွတ်လပ်ရေးနေ့က အစပြုပြီး တိုးတက်ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ပြည်သူတွေ တောင့်တနေကြတယ်ဆိုတာကို ငြင်းဆိုမည့်သူ မရှိလောက်ဘူးဟု ကျွန်မထင်ပါသည်။ ကျမတို့ လိုလားတောင့်တသည့် နိုင်ငံတော်မျိုး ဖြစ်လာစေရန် ကျွန်မတို့အားလုံး အားသွန်ခွန်စိုက် ကြိုးစားကြရတော့မည့် အချိန်လည်းဖြစ်ပါသည်။
Eleven Media Group

၆၅ နှစ်တိုင်ခဲ့ပြီ
Reviewed by သစ်ထူးလွင်
on
04:09
Rating: